Wednesday, March 21, 2012

ဗုဒ္ဓသာသနာပြု ခရစ်ယာန် အရင့်မာကြီးတဲ့လား…..

     Dhammaganga အရှင်ရဲ့ ဗုဒ္ဓသာသနာပြုခရစ်ယာန်အရင့်အမာကြီး ဆိုတဲ့ ဆောင်းပါးကိုဖတ်ကြည့်ရင်း အတွေးများစွာဝင်လာမိသည်ကားအမှန်ပင် ။အဘယ့်ကြောင့်ဆိုသော် မစ္စတာဖေမောင်တင်သည် မြတ်ဗုဒ္ဓ၏အဆုံးအမများကို နှစ်နှစ်ကာကာသဘောကျပြီး ဗုဒ္ဓမြတ်စွာ၏ မဂ္ဂင်ရှစ်ပါးတရားကိုပင် ဟောပြောပြသပေးနေခဲ့ပါလျှင် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်အဖြစ် ၀န်မခံခဲ့ပါသနည်း ။  နောက်ပြီး သူ့ရဲ့တရားဟောပြောမှုအဆုံးမှာပြောသွားတဲ့ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြစေသတည်း၊ ရောက်နိုင်ကြစေသော်ဝ်။” ဆိုကာမှ ပိုလို့တောင် ခေါင်းရှုပ်သွားသလိုထင်လိုက်ရတယ် ။ တကယ်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပြီဆိုလျှင် ဘယ ၊လာဘ ၊ ကုလ ၊အာစာရတို့ကိုပင် စွန့်လွှတ်ကာ အမှန်ကိုအမှန်အတိုင်းဝန်ခံပြောကြားရဲဖို့တော့ အနည်းဆုံးလိုအပ်ပါလိမ့်မယ် ။ ကိုးကွယ်မှုဘာသာတရားခံယူကျင့်သုံးမှုဆိုတာ မိမိရဲ့ Generation အတွက်လမ်းလွဲမလိုက်မိစေဖို့အရေးကြီးလှသလို မိမိရဲ့သံသရာခရီးအတွက်လည်း အမှားမခံဘူးဆိုတာ အသိညာဏ်ရှိသူတိုင်း စဉ်းစားမိကြမှာပါ ။     

    ပို့စ်ရဲ့ အောက်ကနေရေးနေကြတဲ့ မှတ်ချက်ကွန်မင့်များလိုက်ကြည့်ပြန်တော့ ဘာမှမဟုတ်ဘူးထင်ရပေမယ့် ယင်းတို့၏ရင်ထဲမှာ ဘာသာတရားအနှစ်သာရ အဘယ်မျှရှိသည်ကို အစမ်းသပ်ခံနေကြတဲ့/ ခံဝံ့ကြတဲ့ကွန်မင့်များပဲဖြစ်ကြပါတယ် ။

    ဟုတ်ပြီလေ အနည်းငယ်လေ့လာကြည့်ရအောင်…

Swe Zin ဆရာကြီးဟာ တကယ်တရားတော်ကို ကိုယ်တွေ့သိရင်တော့ဘုရား၊တရား၊သံဃာ မှတပါးတခြားသောဘာသာကိုယုံကြည်၊
ဘာသာခြားဖြစ်နေတော့မှာမဟုတ်ပါဘူးလို့ထင်မိပါတယ် ဘုရား။ _/\_

သူက ဘာသာတစ်ခုအနေနဲ့ဘဲ လေ့လာလို့ ဖြစ်မယ်၊၊ ကိုးကွယ်စရာတစ်ခုအနေနဲ့ မလေ့လာလို့ ဖြစ်မယ်၊၊ ကျမ်းတော့ နှံအောင်တပ်တယ် သို့ပေမဲ့ တကယ် ပရမတ်ထ သစ္စာကို သူမရောက်လိုက်ပါဘူး၊၊ ဘာသာစာပေတစ်ခုလို လေ့လာတဲ့အတွက် ဘာသာစာပေနဲ့တန်တဲ့ အကျိုးဘဲ သူရတာ ဖြစ်မယ်၊၊ သူဗုဒ္ဒဘာသာကို လေးစားတာက ဘုရားရဲ့နည်းစနစ်တွေက သိပ်အကွက်ကျကျ ဖြစ်တော့ သူလေးစားမိတာ ဖြစ်မယ်၊၊ ဗုဒ္ဒဘာသာရဲ့ အနစ်ကို သိတယ်၊၊ သို့ ပေမဲ့ခံစားမကြုံတွေ့ လိုက်ရတော့ စစ်မှန်သော ဗုဒ္ဒဘာသာ သေသော်လည်း မဖြစ်ခဲ့ပါဘူး၊၊ စစ်မှန်တဲ့ ဗုဒ္ဒဘာသာ ဖြစ်ခဲ့ရင် သူသေရင် ခရစ်ယန်လို့ လုပ်မှာမဟုတ်ဘူး ၊၊ လုပ်ဖို့ လဲ မှာမှမဟုတ်ဘူး ၊၊

တကယ်တံဆိပ်ပြုတ်သွားတဲ့ သူဆိုရင် ကျန်တဲ့ သတ္တဝါတွေကို သနားတယ်၊၊ အင်း သူတို့ တွေတော့ အပယ်လေးပါနဲ့ ချက်ကြိုးမပြတ်သေးပါလားဆိုတာကို သိနေတော့ ၊၊ ကျန်တဲ့သူတွေကိုလဲ တံဆိပ်တွေ ဆိုင်းဘုတ်တွေ မပြုတ်ရင်ပြုတ်အောင်လုပ်မှာဘဲ၊၊ တတ်နီုင်သမျှ သူနင်းခဲ့တဲ့လမ်းပေါ်ရောက်အောင် အတင်းဆွဲတင်မှာဘဲ၊၊ ခုလို ကောင်းကင်ဘုံတို့ ဘာတို့ ပြောနေသ၍ ဒီလူ ဆိုင်းဘုတ်ကို ရင်ထဲက နေ မပြုတ်သေးဘူး၊၊ တကယ်သာ ပြုတ်နေရင် သံတရာတစ်ခုလုံးမှာ မင်းတို့ ကိုးကွယ်ရမှာ သရဂုံ၃ပါးဘဲရှိတယ်ဆိုတာ ရဲရဲတော်ကြီးကို ပတ်ဝန်းကျင်ကလူအများကို ပြောမှာ၊၊ ပညတ်နယ်ကို တကယ်ကျော်ရင် ဘာသာဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ မနေဘူး ၊၊ သို့ပေမဲ့ တကယ်အမှန်တရား ကဒါဘဲဆိုတာ အာမခံနီင်သလို ၊၊ ငါက ဘာသာ သာမရှိတာ ဘုရားပြောတဲ့ အတိုင်းလိုက်နာမယ်၊ ဘုရားစကားကလွဲလို့ ကျန်တာ ဘာမှ မယုံဘူး ဆိုတဲ့မတုန်မလှုပ် ယုံကြည်ချက် သူမှာရှိတယ်၊၊

သူသည် ဗုဒ္ဒဘာသာ သာသနာပြု ဖြစ်သည် ၊၊ ဗုဒ္ဒဘာသာကို လေးစားသည်၊၊ သို့ သော်သူသည် လုံးဝ ရင်ထဲမှာ ဘုရားပွင့်သူမဟုတ်ခဲ့ပါ၊၊ သူသည် စာတွေ့ ရသည်၊၊ လက်တွေ့ မပါခဲ့ပါ၊၊ တကယ်လက်တွေ့ ပါခဲ့ရင် သူ သူများကို နှိုင်းယှဉ်ပြီးမှ မိမိတို့ ဥာဏ်နဲ့ယှဉ်တဲ မိမိတို့ လိုလားတဲ့ နိဗ္မာန်ကို ရောက်ပါစေလို ပြောမဲ့ အစား (ဗုဒ္ဒပြောတဲ့ နိဗ္ဗာန်ကမှ အစစ်လုံးဝအာမခံတယ်လို့ ပြောရဲတယ်၊ ပရမတ်ထကို မြင်ခဲ့ရင်)၊၊ အသင်တို့ ကောင်းကင်ဘုံကို ရောက်ပါစေ ၊ ရောက်စေတသည်းလို့ ပြောတာ က သူတို့ုဘုရားကို ယုံနေဆဲ ကောင်းကင်ဘုံပို့မယ်ဆိုတာ၊၊(ဗုဒ္ဒဘာသာဆိုရင် ကောင်းကင်ဘုံရောက်စေတသည်းဆိုတိုင်း မရောက်ဘူး ဆိုတာကျကျနနသိတယ်) မှတ်ချက်- ယခုပြောသော စစ်မှန်သော ဗုဒ္ဒဘာသာဆိုသည်မှာ ပရမတ်ထသစ္စာနဲ့ယှဉ်ပြီး သော အကြွင်းမဲ့ မတုန်မလှုပ်ယုံကြည့်သော သူကို ညွန်းပါသည်၊၊

အရှင်ဘုရား.. ဗုဒ္ဓဘာသာဝင်ဖြစ်ရန် အခြားဘာသာများကဲ့သို့ သီးခြားအခန်းအနားမလိုပဲ သရဏဂုံတည်ခြင်း၊ ကံ ကံ၏အကျိုးပေးကိုယုံကြည် ခြင်းစသည်တို့ဖြင့်သာ လိုအပ်ကြောင်းသိရှိကြပြီးဖြစ်ပါသည်ဘုရား၊ ဆရာကြီး ဦးဖေမောင်တင်သည် သရဏဂုံ၏ဆန့်ကျင်ဘက်ဖြစ်သော ဒိဋ္ဌိဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်သော " လောကုတ္တရာသရဏဂုံ " " နိယတသရဏဂုံ" အဆင့်သို့ပင် ရောက်ရှိနေသည်ဟုထင်မြင်ပါကြောင်း၊ ထို့ကြောင့် ကာယကံရှင်ဆရာကြီးအနေနှင့် မည်သို့မျှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း တပည့်တော်အနေနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တစ်ဦးအဖြစ် သာကြည်ညိုမိပါသည်ဘုရား

Mg Ogga Htay Oung >> ဆရာကြီးဟာ သေတဲ့ အထိအင်္ဂလီကန်ခရစ်ယာန်တစ်ယောက် အနေနဲ့ သေသွားပါသည်(ဘသက်ရှည်-မလေးလုံ တွင်ရှု) ဘုန်းဘုန်းဂင်္ဂါ ပြောသလို ဆရာကြီးဟာ ခရစ်ယာန် အရင့်အမာကြီးပါ သူဟာ ဗုဒ္ဓဘာသာဟာ လူတိုင်းအတွက် သက်ရှိ တိုင်း အတွက် ဆိုတာ သက်သေပြ သွားတာပါ ဗုဒ္ဓဘာသာ ခရစ်ယာန် အစ္စလာမ် ဆိုတာာတွေ က တံဆိပ် တွေ ပါ

Ashin Sumangala ဗုဒ္ဓဘာသာလို့ အမည်တပ်ထားပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ဆောင်ရန်ရှောင်ရန်တွေကိုမလိုက်နာသူတွေရှိသလို ဗုဒ္ဓဘာသာလို့အမည်မတပ်သော်လည်း ဗုဒ္ဓအလိုကျနေပြသွားတဲ့သူတွေရှိပါလားလို့ နားလည်ခံစားမိပါတယ်...မာသာထရီဆာလည်း ဗုဒ္ဓဘာသာမဟုတ်ခဲ့ပါဘူး..ဂန္ဓီကြီလည်းဗုဒ္ဓဘာသာမဟုတ်ခဲ့ဘူး။။သူတော်ကောင်းကြီးတို့ရဲ့နှလုံးသားတွေကတော့ အမည်တံဆိပ်တွေမလိုတော့ဘူးထင်တယ်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
  အင်း တော်တော်စဉ်းစားဖို့ကောင်းတဲ့ ကွန်မင့်တွေလည်းတွေ့ရပါတယ် ။
...မာသာထရီဆာလည်းဗုဒ္ဓဘာသာမဟုတ်ခဲ့ပါဘူး..ဂန္ဓီကြီလည်းဗုဒ္ဓဘာသာမဟုတ်ခဲ့ဘူး။။သူတော်ကောင်းကြီးတို့ရဲ့နှလုံးသားတွေကတော့ အမည်တံဆိပ်တွေမလိုတော့ဘူးထင်တယ်။
ဆိုတဲ့ကွန်မင့်ကိုတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီလို့ပဲ ပြောလိုက်ပါရစေ ။ ယင်းကွန်မင့်ပေးသူကား မြတ်ဗုဒ္ဓ၏သားတော် အရှင်သုမင်္ဂလဆိုသူဖြစ်နေလို့ပါပဲ ။
    ဟုတ်ပြီလေ ကျွန်ုပ်တို့ပိဋကတ်တော်တွေထဲက သောဏဒဏ္ဍဆိုတဲ့ စမ္ပာမြို့စား ပုဏ္ဏားကြီးရဲ့အကြောင်းလေး နည်းနည်းလောက် လေ့လာကြည့်ကြတာပေါ့ ။
………………………………………………..
                                    *ဖြောင့်မတ်မှ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်ပုံ*
မြတ်ဗုဒ္ဓသည် ငါးရာမျှသော နောက်လိုက်နောက်ပါရဟန်းသံဃာနှင့်အတူ အင်္ဂတိုင်း၌့ ဒေသစာရီ လှည့်လည်တော်မူလတ်သော် စမ္ပာမြို့အနီး ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနားမှာ သီတင်းသုံးနေတော်မူခဲ့ပါတယ် ။
     ထိုအခါ စမ္ပါမြို့စားကြီး မြတ်ဗုဒ္ဓ၏ကျော်စောမှုဂုဏ်သတင်းကိုကြားသိရ၍ လာရောက်တွေ့ဆုံပါသတဲ့ ။ သို့သော်လည်း “ဗုဒ္ဓသည်ငါ့အား အခြားအကြောင်းအရာကိုသာ မပြောဆိုမူ၍ ငါတတ်သိနားလည်သော ဗေဒင်သုံးပုံကိုသာမေးမြန်းပြောဆိုပါမူကား ကောင်းလေစွ”ဟု အကြံဖြစ်ပါသတဲ့ အကြောင်းမူကား မိမိသည် မေးခွန်းကိုလျှော်စွာမမေးမြန်းတတ် မဖြေဆိုတတ်လျှင် လူကြား၌ အရှက်တကွဲအကျိုးနည်းဖြစ်ပေလိမ့်မည် ။ကျော်စောထင်ရှားလှသော ဂေါတမဗုဒ္ဓအား မဖူးမြင်ပဲလျှက် လှည့်ပြန်ပါကလည်း ထိုသို့ ပြန်လှည့်သွားခြင်းကြောင့် ဤပရိသတ်က 'သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ မာနခက်ထန်၏၊ ကြောက်လည်း ကြောက်၏၊ ရဟန်းဂေါတမကို ဖူးမြော်ခြင်းငှါ မဝံ၊ ဤ သို့အနီးသို့ရောက်ပါလျက် ရဟန်းဂေါတမကို မဖူးမြော်မူ၍ အဘယ်ကြောင့် ပြန်လှည့်သွားလေဘိသနည်း'ဟု ငါ့ကိုကဲ့ရဲ့မည်စိုးသောကြောင့်သာ လာရောက်တွေ့ဆုံရပေ၏ ၊
    ဤပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်းဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ်ငါတို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရကုန်၏''ဟု စိတ်အကြံဖြစ်၏။ဟု အဖန်ဖန်စဉ်းစားကြံစည်နေပါသတဲ့ ။ (ဆိုလိုသည်မှာ ……..စစ်မှန်တဲ့တရားဓမ္မကို မှတ်သားနာယူဖို့ မိမိသိရှိနားလည်ထားသည်နှင့် နိုင်းချိန်ကာ အမှန်ကိုခံယူကျင့်သုံးဖို့ဆိုတဲ့စိတ်ထားကောင်းများဖြင့်မဟုတ်မူ၍ ကျော်ကြားထင်ရှားသူတစ်ယောက်အထံသို့ သွားရောက်တွေ့ဆုံသင့်သည်ဟုယူဆကာ ဘုရားရှေ့တော်မှောက်သို့ ရောက်လာပါသော်လည်း ။ မိမိ၏ကျော်စောမှု အရှိန်အ၀ါများ ထိခိုက်သွားမည်ကို အလွန်ပင် စိုးရိမ်ပူပန်နေသည်မှာ ထင်ရှားလှပေ၏)
     ယင်းမြို့စားပုဏ္ဏားကြီးရဲ့အကြံကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားသည်။ ယင်းတို့ပုဏ္ဏားအမျိုးဇာတ်နှင့်စပ်သော အကြောင်းကိုသာ ယင်းသို့မေးမြန်းတော်မူလေ၏။
……………………………….
မြတ်ဗုဒ္ဓ။   ။''ပုဏ္ဏား အဘယ်မျှလောက်သော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ကုန်သနည်း၊ အဘယ်မျှလောက်သော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း 'ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာသနည်း၊ မမှန်ပြောဆိုခြင်းသို့ မရောက်ရာသနည်း''
သောဏဒဏ္ဍပုဏ္ဏား။  ။ ''အသျှင်ဂေါတမ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားဟု ပညတ်ပါကုန်၏၊ (ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) 'ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာပါ၊ အဘယ်ငါးပါးတို့နည်းဟူမူ-
 (၁) အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်း သောဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့် စပ်သော စကားဖြင့်အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
(၂) ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် 'နိဃဏ္ဍု' ကျမ်း၊ အလင်္ကာ 'ကေဋုဘကျမ်း'၊ သဒ္ဒါ 'အက္ခရပ္ပဘေဒ' ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်း တို့၌ အကြွင်းမဲ့တတ်မြောက်၏။
(၃) အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။
(၄) သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။
(၅) ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်ဂေါတမ ဤငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားဟု ပညတ်ပါကုန်၏၊ (ဤငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) 'ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာပါ၊
…………………………………………..
မြတ်ဗုဒ္ဓ။  ။ပုဏ္ဏား ဤငါးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ လေးပါးသော အင်္ဂါတို့နှင့်ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (လေးပါးသော အင်္ဂါတို့နှင့်ပြည့်စုံသူသည်လည်း) 'ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာသလော။
သောဏဒဏ္ဍပုဏ္ဏား။  ။အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤငါးပါးသော အင်္ဂါတို့တွင် အဆင်းကို ထားပါကုန်အံ၊ အဆင်းသည်အဘယ်မူအံ့နည်း၊ …..
မြတ်ဗုဒ္ဓ။  ။ပုဏ္ဏား ဤလေးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ သုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊
သောဏဒဏ္ဍပုဏ္ဏား ။  ။ အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤလေးပါးသော အင်္ဂါတို့တွင် ဝေဒကျမ်းကို ထားပါကုန်အံ၊ ဝေဒကျမ်းတို့သည် အဘယ်မူအံ့နည်း၊
မြတ်ဗုဒ္ဓ။ ။ ပုဏ္ဏား ဤသုံးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ နှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊
သောဏဒဏ္ဍပုဏ္ဏား။ ။ အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤသုံးပါးသော အင်္ဂါတို့တွင် ဇာတ်ကို ထားပါကုန်အံ၊
     ဤသို့ပြောဆိုလျှောက်ထားရာအခါ၌ကား နောက်ပါပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားအား ''အသျှင်သောဏဒဏ္ဍ ဤသို့ မဆိုပါလင့်၊ အသျှင်သောဏဒဏ္ဍ ဤသို့ မဆိုပါလင့်၊ အသျှင်သောဏဒဏ္ဍသည် အဆင်းကို ပစ်ပယ်၏၊ ဝေဒကျမ်းတို့ကို ပစ်ပယ်၏၊ ဇာတ်ကို ပစ်ပယ်၏၊ အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမ၏ ဝါဒသို့ စင်စစ် လိုက်ပါသွား၏''ဟု ဆိုကုန်၏။
     ထိုအခါ မြတ်စွာဘုရားသည် ထိုပုဏ္ဏားတို့အား ဤစကားကို မိန့်ဆိုတော်မူ၏- ''သောဏဒဏ္ဍပုဏ္ဏားသည် အကြားအမြင်လည်း နည်း၏၊ ချေငံသော စကားလည်း မရှိ၊ ပညာ လည်းမဲ့၏၊ သောဏဒဏ္ဍပုဏ္ဏားသည် ဤစကား၌ ရဟန်းဂေါတမနှင့်အတူ တုံ့ပြန် ပြောဆိုခြင်းငှါ လည်းမစွမ်းနိုင်ဟု သင်ပုဏ္ဏားတို့ အကယ်၍ ထင်ကြလျှင် သောဏဒဏ္ဍပုဏ္ဏားသည် နေပါစေ၊
     သင်တို့သည်သာဤစကား၌ ငါနှင့်အတူ ပြောဆိုကုန်လော။ သောဏဒဏ္ဍပုဏ္ဏားသည် အကြား အမြင်များ၏၊ ချေငံသောစကားလည်း ရှိ၏၊ ပညာလည်း ရှိ၏၊ သောဏဒဏ္ဍပုဏ္ဏားသည် ဤ စကား၌ ရဟန်းဂေါတမနှင့်အတူတုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်းနိုင်၏ဟု သင်ပုဏ္ဏားတို့ အကယ်၍ ထင်ကြလျှင် သင်တို့ နေကြကုန်၊ သောဏဒဏ္ဍပုဏ္ဏားသည်သာ ဤစကား၌ ငါနှင့်အတူ တုံ့ပြန် ပြောဆိုပါစေ''ဟု မိန့်တော်မူ၏။
     ယင်းသို့ မိန့်တော်မူလျှင် သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဂေါတမ နေတော်မူပါ၊ အသျှင်ဂေါတမ ဆိတ်ဆိတ် နေတော်မူပါ၊ အကျွန်ုပ်သည်သာ ဤပုဏ္ဏားတို့အား အကြောင်းနှင့်တကွ ချေပပြောဆိုပါအံ့''ဟု လျှောက်၏။
ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏ -
''အသျှင်တို့ ဤသို့ မဆိုပါကုန်လင့်၊ အသျှင်တို့ ဤသို့ မဆိုကုန်လင့်၊ 'အသျှင်သောဏဒဏ္ဍသည်အဆင်းကို ပစ်ပယ်၏၊ ဝေဒကျမ်းတို့ကို ပစ်ပယ်၏၊ ဇာတ်ကို ပစ်ပယ်၏၊ အသျှင်သောဏ ဒဏ္ဍသည်ရဟန်းဂေါတမ၏ ဝါဒသို့သာ စင်စစ် လိုက်ပါသွား၏'ဟု မဆိုပါကုန်လင့်၊ ငါသည် အဆင်းကိုလည်းမပစ်ပယ်ပါ၊ ဝေဒကျမ်းတို့ကိုလည်း မပစ်ပယ်ပါ၊ ဇာတ်ကိုလည်း မပစ်ပယ်ပါ''ဟု ဆို၏။
        ထိုစဉ်အခါ၌ သောဏဒဏ္ဍပုဏ္ဏား၏ တူဖြစ်သော အင်္ဂကမည်သော လုလင်သည် ထို ပရိသတ်၌ထိုင်နေလျက် ရှိ၏၊ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏။
''အသျှင်တို့ ငါ၏တူဖြစ်သော ဤအင်္ဂကလုလင်ကို မြင်ကြကုန်၏ (မဟုတ်) လော''။
''အသျှင်မြင်ကြပါကုန်၏''။
အသျှင်တို့ စင်စစ် အင်္ဂကလုလင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏၊ ဤပရိသတ်၌ ရဟန်းဂေါတမကို ထား၍ ထိုအင်္ဂကလုလင်နှင့်အဆင်းအားဖြင့် တူမျှသောသူ မရှိ၊
     အင်္ဂကလုလင်သည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် 'နိဃဏ္ဍု' ကျမ်း၊ အလင်္ကာ 'ကေဋုဘကျမ်း'၊ သဒ္ဒါ 'အက္ခရပ္ပဘေဒ' ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ် မြောက်၏။ ငါသည်ပင် ထို အင်္ဂကလုလင်အားဝေဒကျမ်းတို့ကို ပို့ချပေးထား၏၊
     အင်္ဂကလုလင်သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသော ဇာတ် ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုး သန့်သော အမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ် မခံရ၊ အကဲ့ရဲ့မခံရ။ ငါသည် ထိုအင်္ဂက လုလင်၏ အမိအဖတို့ကို သိ၏၊
    အကယ်၍ အင်္ဂကလုလင်သည် သူ့အသက်ကိုမူလည်း သတ်ငြားအံ၊ မပေးသည်ကိုမူလည်း ယူငြားအံ၊ သူ၏ မယားကိုလည်း သွားလာငြားအံ၊ မမှန်သော စကားကိုမူလည်း ပြောငြားအံ၊ သေရည်ကိုမူလည်းသောက်ငြားအံ၊
    အသျှင်တို့ ဤသို့ပြုရာ၌ အဆင်းသည် အဘယ်မူ အံ့နည်း၊ ဝေဒကျမ်းတို့သည်အဘယ်မူအံ့နည်း၊ ဇာတ်သည် အဘယ်မူအံ့နည်း၊ အသျှင်တို့ ပုဏ္ဏားသည်-သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်တို့ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ကုန်၏၊ (ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) 'ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာဟု (ဆို၏)။
------
                             *သီလနှင့်ပညာကို အမြတ်ဆုံးဟု ဆိုခြင်း*
   မြတ်ဗုဒ္ဓ။  ။ ပုဏ္ဏား ဤနှစ်ပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ အင်္ဂါတစ်ပါးတည်းနှင့် ပြည့်စုံ သူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (အင်္ဂါတစ်ပါးတည်းနှင့် ပြည့်စုံသူသည်လည်း) ' ငါ ပုဏ္ဏား'ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်းမရောက်နိုင်ရာသလော။
အသျှင်ဂေါတမ မတတ်နိုင်ပါ၊ အသျှင်ဂေါတမ ပညာကို သီလဖြင့် ဆေးကြောရပါ၏၊ သီလကို ပညာဖြင့်ဆေးကြောရပါ၏။ အကြင်ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။ သီလရှိသော သူအား ပညာရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏၊
     အသျှင်ဂေါတမ လက် (တစ်ဖက်) ဖြင့်လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့လည်းကောင်း၊ ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကိုဆေးကြော ရာသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူပင် ပညာကို သီလဖြင့်ဆေးကြောရပါ၏၊ သီလကို ပညာဖြင့် ဆေးကြောရပါ၏။ အကြင်ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌့ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။ သီလရှိသော သူအား ပညာ ရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်ပါ၏။
မြတ်ဗုဒ္ဓ။  ။ ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊ ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊ ဟုမိန့်တော်မူကာ သောဏဒဏ္ဍပုဏ္ဏား၏ လျှောက်ထားချက်အား လက်ခံတော်မူကာ သီလ၀ိသုဒ္ဓိစခန်းမှ စိတ္တ၀ိသုဒ္ဓိ ၊ဒိဋ္ဌိဝိသုဒ္ဓိစခန်းတက်လှမ်းပုံစသည်များကိုအကျယ်တ၀ံ့ ဟောပြတော်မူလေသည် ။ဒေသနာတော်အဆုံး၌ သောဏဒဏ္ဍပုဏ္ဏားသည် အလွန်နှစ်သက်ရကား..ဥပါသကာအဖြစ်လျှောက်ထားကာ နောက်ရက်၌လည်း ၄င်း၏နေအိမ်၌ပင် ဆွမ်းဆက်ကပ်လှုဒါန်းလေသည် သို့သော် ဆွမ်းဘုဉ်းပေးပြီးသောမြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
      ''အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်နေသောအခါ နေရာမှ ထ၍ အသျှင်ဂေါတမကိုရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအားစည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရပါကုန်၏။
     အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်နေသောအခါ လက်အုပ်ချီငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုလက်အုပ်ချီခြင်းကို ထိုင်ရာမှ ထ၍ ခရီးဦးကြိုဆိုခြင်းဟု မှတ်တော် မူပါ။
     အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်သောအခါ ဦးရစ်ကို ချွတ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုဦးရစ်ချွတ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ။
    အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ယာဉ်ထက်မှ ဆင်းသက်၍့အသျှင်ဂေါတမကို ရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကိုကျော်စောခြင်းကြောင့် ရပါကုန်၏။
   အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ နှင်တံကို မြှောက်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုနှင်တံမြှောက်ခြင်းကို ယာဉ်မှ ဆင်းသက်ခြင်းဟု မှတ်တော်မူပါ။
   အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ထီးကို ဖယ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုထီးဖယ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ''ဟု လျှောက်၏။
     ထိုအခါ မြတ်စွာဘုရားသည် သောဏဒဏ္ဍပုဏ္ဏားကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင်နေရာမှ ထ၍ ဖဲခွါကြွသွားတော်မူလေသတည်း။
XXXXXXXXXXXXXXXXXXXXXXXXXXXXX
       ဤတွင်သောဏဒဏ္ဍပုဏ္ဏားကြီး မြတ်ဗုဒ္ဓ၏ ဥပါသကာတစ်ယောက်ဖြစ်လာပုံကား ဤတွင်အဆုံးသတ်ထားပေသည်။ သို့သော် အခြားဘာသာခြားများ မြတ်ဗုဒ္ဓအားကိုးကွယ်ဆည်းကပ်လာကြသကဲ့သို့မဟုတ်မူ၍ ။
  အရှင်ဘုရား တပည့်တော်၏ ကြွယ်ဝမှုစည်းစိမ်ဥစ္စာဟူသမျှသည် ကျော်စောထင်ရှားမှုမှာ တည်ပါသည် ထို့ကြောင့် အကျွန်ုပ်သည်       ပရိသတ်ထဲ၌ ရောက်နေသောအခါ နေရာမှ ထ၍ အသျှင်ဂေါတမကိုရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအားစည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရပါကုန်၏။
     အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်နေသောအခါ လက်အုပ်ချီငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုလက်အုပ်ချီခြင်းကို ထိုင်ရာမှ ထ၍ ခရီးဦးကြိုဆိုခြင်းဟု မှတ်တော် မူပါ။
     အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်သောအခါ ဦးရစ်ကို ချွတ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုဦးရစ်ချွတ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ။
    အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ယာဉ်ထက်မှ ဆင်းသက်၍့အသျှင်ဂေါတမကို ရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကိုကျော်စောခြင်းကြောင့် ရပါကုန်၏။
  အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ နှင်တံကို မြှောက်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုနှင်တံမြှောက်ခြင်းကို ယာဉ်မှ ဆင်းသက်ခြင်းဟု မှတ်တော်မူပါ။
   အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ထီးကို ဖယ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုထီးဖယ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ''ဟု လျှောက်ထားခြင်းသည် ထင်ထင်ရှားရှား မြတ်ဗုဒ္ဓ၏တပည့်သာဝကအဖြစ် ၀န်မခံရဲခြင်းကိုညွှန်းဆိုနေဘိသကဲ့သို့ထင်မိ၏။
     ထို့ကြောင့် အဋ္ဌကထာအဆိုအမိန့်ကို ရှာဖွေကြည့်ပြန်ရာ
 “ဣမိနာ ကိရ သဒိသော ကုဟကော ဒုလ္လဘော၊ ဘဂဝတိ ပနဿ အဂါရဝံ နာမ နတ္ထိ၊ တသ္မာ ဘောဂနာသနဘယာ ကုဟနဝသေန ဧဝံ ဝဒတိ”လို့တွေ့ရပေ၏။ အဓိပ္ပါယ်မှာ ‘ဤသောဏဒဏ္ဍပုဏ္ဏားနှင့်တူသော ကောက်ကျစ်စဉ်းလဲသူကို ခဲယဉ်းသဖြင့်ရအပ်၏၊ မြတ်စွာဘုရားရှင်၌ မလေးစားခြင်းမဟုတ်မူ၍သာလျှင် စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်စီးခြင်းမှ ကြောက်သောကြောင့်သာ ယင်းသို့ ပြောဆိုခြင်းသာတည်း’ဟု ဆိုလိုပေသည်။
     သောတာပန်အရိယာသာဝကတို့သည်ကား စည်းစိမ်ဥစ္စာ အကျော်အစောကိုမဆိုထားဘိ မိမိအသက်ကိုပင် အပ်နှင်းကား မြတ်ဗုဒ္ဓ၏သာဝကအဖြစ် ၀န်ခံပြောကြားကြပေ၏။
  “ဗြာဟ္မဏော ပန အတ္တနော ကုဟကတာယ ဧဝမ္ပိ ဘဂဝတိ ဓမ္မဝဿံ ဝဿိတေ ဝိသေသံ နိဗ္ဗတ္တေတုံ နာသက္ခိ။ ကေဝလမဿ အာယတိံ နိဗ္ဗာနတ္ထာယ ဝါသနာဘာဂိယာယ စ သဗ္ဗာ ပုရိမပစ္ဆိမကထာ အဟောသိ ‘ဆိုတဲ့ အဋ္ဌကထာအဖွင့်ကိုတွေ့ရပြန်သောအခါမှ ယင်းသောဏဒဏ္ဍပုဏ္ဏားကြီးဟာ မိမိ၏ ကောက်ကျစ်သော မဖြောင့်မတ်သော စိတ်ထားကြောင့်ပင်လျှင် မြတ်ဗုဒ္ဓက တရားမိုးကြီး အကြီးအကျယ်ရွာသွန်းပေးခဲ့သော်လည်း အကျိုးထူး တစ်စုံတရာဖြစ်စေခြင်းငှါ မစွမ်းနိုင်မူ၍ နောင်အနာဂတ်ဘ၀၌ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှါ ၀ါသနာအထုံဓလေ့မျှသာ အကျိုးရရှိခဲ့ရပေသည်ဟု တွေ့ရကာ များစွာပင် စိတ်မကောင်းဖြစ်ရပေတော့သည်။
     မြတ်ဗုဒ္ဓအထံတော်မှပင်လျှင် တရားတော်ကို နာယူခွင့်ရ ၊ ဥပါသကာအဖြစ်လျှောက်ထားထာ ဆွမ်းကွမ်းများ ဆက်ကပ်လှုဒါန်းခွင့်ကြုံခဲ့ပါလျှက်နှင့် မိမိ၏ မဖြောင့်မတ်သောစိတ်ထားကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ အခွင့်လမ်းမဲ့ခဲ့ရကြောင်း သတိထားသင့်လှပေသည်။ ယင်းသောဏဒဏ္ဍပုဏ္ဏားကြီးအကြောင်းလေ့လာရင်းပင်
  “ယုံကြည် ၊ကျန်းမာ ၊ ဖြောင့်မတ်စွာနှင့် လျော်စွာအားထုတ် နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်သိမြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်း”ဆိုတဲ့ဆောင်ပုဒ်လေးကို ပြန်လည်သတိရလာမိပါတော့တယ် ။ 
     အားလုံးသော သူတော်စင်အပေါင်းတို့ အစလသဒ္ဓါဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ
  (လင်္ကာအရှင်-မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..