ဟိမ၀န္တာမှ ဂင်္ဂါကမ်းခြေတွင် ရေသဖန်းပင်ကြီးတစ်ပင်ရှိရာ ဘုရားလောင်းကျေးမင်းနှင့် ထောင်ပေါင်းများစွာတို့ အမှီပြုနေထိုင်ကြလေသည်။ ရက်လကြာလာသောအခါ သဖန်းသီးများကုန်၍ အညွှန့်အရွက်အခွံနှင့် အပွေးတို့သာ ကျန်တော့ကာ အခြားကျေးများလည်း စွန့်ခွါသွားကြလေတော့သည်။ သို့သော် ဘုရားလောင်းကျေးမင်ကားထိုအပင်ကိုစွန့်ခွါခြင်း မပြုပဲ အညွှန့်စသည်ကိုစား၍ ဂင်္ဂါရေကိုသောက်ကာ ရောင့်ရဲနေ၏၊ သိကြားမင်းသည် ကျေးမင်းကိုစမ်းသပ်လို၍ ရေသဖန်းပင်ကိုခြောက်သွေ့အောင်ပြုလိုက်သည်၊ အပေါက်ကြီးငယ်များဖြစ်စေ၍ ထိုအပေါက်များမှ သစ်ဆွေးမှုန့်များ ယိုထွက်စေလေသည်။ သို့တိုင်အောင် ကျေးမင်းသည်စွန့်ခွါမသွားပဲ သစ်ဆွေးမှုန့်များကိုစားက ဂင်္ဂါရေဖြင့်ပင် ရောင့်ရဲနေလေသည်။
သိကြားမင်းလည်းသူဇာမိဖုရားနှင့်အတူ ဟင်္သာမောင်နှံအသွင် ဖန်ဆင်းကာ ကျေးမင်းထံသို့လာခဲ့၍ အသီးမရှိတော့သော သစ်ပင်ကိုစွန့်ခွါသွားရန် တိုက်တွန်းစကားဆိုလေ၏။ ထိုအခါဘုရားလောင်းကျေးမင်းက “သူတော်ကောင်းတို့မည်သည် အဆွေခင်ပွန်း၍ စည်းစိမ်ဥစ္စာ ကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ စွန့်ခွါသွားရိုးထုံးစံမရှိပါ၊ ရေသဖန်းပင်သည် ငါ၏ဆွေမျိုးလည်းဟုတ်ပါသည် မိတ်ဆွေလည်းဟုတ်ပါသည် ထို့ကြောင့် အသီးများမရှိတော့ပြီဟူ၍ ကျွန်ုပ်စွန့်ခွါမသွားနိုင်ပါ” ဟုပြန်လည်ပြောဆိုလိုက်လေသည်။ သိကြားမင်းသည် ကျေးမင်း၏အဖြေစကားကိုနှစ်ခြိုက်သွားပြီး ဂင်္ဂါမြစ်ရေဖြင့် သဖန်းငုတ်တိုကိုသွင်းလောင်းလိုက်ရာ ချက်ချင်းပင် အခက်အရွက်အညွှန့် အသီးတို့ဖြင့် ပြည့်စုံသော ရေသဖန်းပင်ကြီး ဖြစ်သွားလေတော့သည်။
(မဟာသုဝဇာတ်)
by လင်္ကာ အရှင် on Friday, November 11, 2011 at 12:30am ·
No comments:
Post a Comment