Friday, March 23, 2012

ကျွန်ုပ်နှင့် ခမည်းတော်ကြီး၏ သံသယမေးခွန်းများ

           စာမေးပွဲတွေပြီးလို့ ရွာကိုခဏပြန်ကြွရင် ခမည်းတော်ကြီးကလည်း သူဖတ်မှတ်နားကြားထားသမျှတရားတော်တွေထဲက မရှင်းမလင်းတာတွေမေးမြန်းဆွေးနွေးလေ့ရှိတယ် ။ အခြားသံဃာတော်များနဲ့တွေ့ရင်ပွင့်ပွင့်လင်းလင်းမမေးမြန်းမလျှောက်ထားရဲပေမယ့် သားဦးဇင်းအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းလျှောက်ထားမေးမြန်းလေ့ရှိပါတယ် ။ တစ်ချိန်ရွာပြန်ရောက်ချိန်မှာတော့ ရောက်မဆိုက်ပဲ ခမည်းတော်ကြီးကစကားစလိုက်တယ် ။ ဟာ ဦးဇင်းပြန်ကြွလာမယ်ဆိုလို့ တပည့်တော်မျှော်နေတာဘုရား ။ ဘာလို့လဲ ခမည်းတော်ကြီးရဲ့ဆိုတော့ ဦးဇင်းရယ် တပည့်တော်ဖြင့်တောင်သူအလုပ်ကိုတောင်မှ ကျောမလုံသလိုဖြစ်လာတယ်ဘုရား ၊ ဟာဘာလို့လဲခမည်းတော်ကြီးကလည်း အလုပ်ကပင်ပမ်းဆင်းရဲတယ်ဆိုပေမယ့် မုဆိုးတံငါတွေလိုသူများအသက်နဲ့ စီးပွားရှာရတာထက်တော့အပုံကြီးစိတ်ချမ်းသာစရာပါဗျာ ဆိုတော့ ။ဦးဇင်းကလည်း ဟိုတစ်နေ့ညကမှ တပည့်တော် နိုင်ငံကျော်ဓမ္မကထိကဆရာတော်တစ်ပါးရဲ့တရားကိုနာလိုက်ရတယ်ဘုရား သူဟောပြတာက “မုဆိုး တစ်သက် ၊ တံငါ တစ်မနက် ၊ တောင်သူ တောမီးတစ်ဖျာရာ အကုသိုလ်ချင်းအတူတူပါပဲတဲ့ဘုရား ။ မုဆိုးကတစ်နေ့လုံးတောလိုက်တာတောင် တစ်ကောင်ရချင်မှရတာ သူတစ်သက်လုံသတ်ဖြတ်ခဲ့တဲ့သားကောင်အရေအတွက်က ကိုတံငါကွန်တစ်ပစ်စာမရှိဘူးတဲ့ဘုရား ဒါပေမယ့် ကိုတံငါကွန်ပစ်တာက ငါးသေးလေးတွေဘာတွေကျန်နေနိုင်သေးတယ် တပည့်တော်တို့တောင်သူမြက်မီးရှို့ရင်တော့ ပိုးမွှားတစ်ကောင်မကျန်အကုန်သေသွာလို့ အကုသိုလ်အတူတူပဲလို့ဟောတယ်ဘုရား ….တပည့်တော်အရင်ကထင်ထားတာတော့ တောင်သူယာလုပ် ဓားမခုတ်အလုပ်ကကျောပူပေမယ့် သံသရာအပြစ်ယူစရာမလိုဘူးလို့လေ ခုအဲဒီဆရာတော်ဘုရားဟောလိုက်မှ တပည့်တော်ဖြင့်တောင်သူအလုပ်တောင်ကျောချမ်းလာပြီဘုရား …။
                   ဦးဇင်းသဘောပေါက်လိုက်ပါတယ်ဒီဓမ္မကထိကဆရာတော်က ခောတ်ပညာတော့နဲနဲတတ်မယ့်ပုံပဲ
လောဂျစ်တွေဘာတွေနဲ့အသေချာဟောပြသွားတာလေ ဒါပေမယ့်  စိတ္တေန နီယတေ လောကောဆိုတဲ့ဘုရားအဆုံးအမတွေကို သတိမမူမိလို့ဖြစ်ပါလိမ့်မယ်လေ ။ ဦးဇင်းတို့ဓမ္မပဒမှာ စက္ခုပါလမထေရ်အကြောင်းတိုက်ရိုက်လာတယ်လေ ။ မထေရ်ကြီးကမျက်စိမမြင်တော့ အရုဏ်ဦးစင်္ကြန်ကြွရင်း ပိုးကောင်လေးတွေနင်းမိကုန်တာပေါ့ ဒါကိုရဟန်းငယ်တွေမြင်တော့ ဟာာာာာာာရဟန္တာမထေရ်ကြီးသာဆိုတယ် သူ့အသက်သတ်တာပါပဲလား လို့ကဲ့ရဲ့ပြီးဘုရားရှင်သွားတိုင်တန်းလျှောက်ထားကြတယ် ၊ဒီတော့မှဘုရားရှင်က ချစ်သားတို့ စက္ခုပါလမထေရ်ကြီးခြေထောက်နဲ့နင်းနေတာကိုသင်တို့မြင်ကြသလော ? မမြင်ပါဘုရား ဒါပေမယ့် သူစင်္ကြန်ကြွတဲ့နေရာက ခြေရာတွေထဲမှာ ပိုးကောင်လေးတွေနင်းမိထားတာကိုတွေ့ရတာပါဘုရား ။ ချစ်သားတို့သင်တို့မမြင်သလို စက္ခုပါလမထေရ်ကြီးကိုယ်တိုင်လည်း မမြင်ရဘူးကွဲ့ မနောပုပ္ဗင်္ဂမာ ဓမ္မာ တရားအားလုံးဟာ စိတ်သာလျှင်ရှေ့သွားရှိကြတယ်။ သတ်လိုစိတ်ရှိမှ အပြစ်ရှိပါတယ်လို့ ပြန်လည်ဖြေရှင်းချက်တွေပေးထားခဲ့တာလေ။ ဒါ့ကြောင့် ဦးဇင်းလည်း နားလည်သလောက်ခမည်းတော်ကြီးကို ပြန်လည်ရှင်းပြပေးရပါတယ်။ ဒါဆိုခမည်းတော်ကြီးရယ် တောင်သူတောင်မှ အပြစ်မကင်းတော့ဘူးဆိုရင်ဘာအလုပ်လုပ်စားချင်သလဲ ဆန်သယ်ပွဲစားတွေရော အပြစ်ကင်းမယ်ထင်နေသလား တချို့ဆန်သယ်တွေဆိုလည်း စပါးကြိုပေးနဲ့စုဆောင်းကြတယ်လေ နောက်ငွေလိုနေတဲ့တောင်သူလယ်သမားတွေကိုငွေကြိုပေးထားပြီး ကောက်ဦးပေါ်တာနဲ့အကြွေးသိမ်းကြတယ်လေ နောက်စပါးစိုက်ချိန်ဆန်ရှားချိန်မှာ ဆန်ဈေးကိုခုန်တက်ကြရတယ် ဒါသူတို့အလုပ်သဘောပဲလေ ဦးဇင်းကအပြစ်ပြောနေတာမဟုတ်ပါဘူး ၊ ဆရာဝန်တွေလည်း လူနာတွေရောဂါပျောက်ဖို့သန်ကျဆေးတို့ပိုးသတ်ဆေးတို့ပေးနေညွှန်နေကြရတာပဲ ။ ဒါပေမယ့် သူတို့တွေက မုဆိုးတို့တံငါတို့လို ရည်ရွယ်ချက်ရှိရှိနဲ့သတ္တ၀ါတွေကိုသတ်ဖြတ်နေကြတာမဟုတ်ပါဘူး သတ္တ၀ါတွေသေစေလိုတာထက် လူနာတွေရောဂါပျောက်ကင်းချမ်းသာစေဖို့ပဲ အာရုံရှိကြတာပါ ။ ခမည်းတော်ကြီးလည်း တောမှာ မြက်မှိုက်မီးရှို့တော့ ပိုးကောင်လေးတွေမင်းတို့သေကြပေတော့လို့ရှို့သလား ဘယ်လိုစိတ်ထားနဲ့လုပ်သလဲပြောပြပါဦးဆိုတော့ ။ တပည့်တော်ကတော့ မီးမရှို့ခင် အရင်မေတ္တာပွားပေးပါတယ်ဘုရား မင်းတို့လေးတွေမီးလွတ်ရာရှောင်ကြရှားကြပါ ငါကတော့လယ်ယာပေါင်းမြက်တွေမီးရှို့ရတော့မယ်လို့လေ ။ ဟုတ်ပြီဗျာ အဲဒါကအဓိကအချက်ပဲ ကိုယ့်စိတ်ထဲမှာသေစေလိုမှုမရှိရင် တစ်ဖျာရာမဟုတ်ပါဘူး တစ်ခင်းလုံးရှို့လည်းအပြစ်မရှိပါဘူး ဒါပေမယ့် ခုခောတ်တောင်သူတွေစိုက်ပျိုးရေးဘ၀ကလည်းခက်သားလားဗျ သီးနှံအထွက်ကောင်းအောင် ပိုးသတ်ဆေးတွေဘာတွေသုံးနေကြရတာလေ ။
       ဟာ  အဲဒါတော့တပည့်တော်ရှောင်ပါတယ်ဘုရား၊ ကံလျှင်ပေးမှဋ္ဌေးကြွယ်ဝဆိုတဲ့အတိုင်း သီးနှံရသလောက်ပေါ့ဘုရား ပိုးသတ်ဆေးသုံးလို့ ဆယ်တင်းဆယ့်ငါးတင်းတိုးထွက်လာရုံနဲ့တပည့်တော်တို့ပိုချမ်းသာသွားမှာမှမဟုတ်တာပဲ ။ နောက်ပြီးတခုထူးခြားတာက တပည့်တော်တို့အခင်းကပိုးသတ်ဆေးမသုံးပေမယ့် ပိုးမကျဘူးဘုရားဘာလို့လဲဆိုတော့ အခြားပတ်ပတ်လည်အခင်းတွေကပိုးသတ်ဆေးဖြန်းကြတော့ ပိုးကောင်တွေမလာကြတော့ဘူး ။ အင်း ခမည်းတော်ကြီးကကိုယ်မဖြန်းပေမယ့် သူများတွေပိုးသတ်ဆေးဖြန်းလို့ငါ့အခင်းပိုးလွတ်ရလေတယ်လို့ ပိုးသတ်ဆေးဖြန်းတာကိုသာဓုခေါ်နေတဲ့သဘောပဲဗျ ၊
       ဦးဇင်းကလည်း အဲလိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူးဘုရား ကိုယ့်စေတနာကံအကျိုးပေးပဲ ကိုယ်ကသတ္တ၀ါတွေအပေါ်မေတ္တာထားတော့ ကိုယ့်အခင်းလည်းသူတို့ကမဖျက်ဆီးနိုင်ဘူးဆိုတဲ့သဘောပါ ။
   ပါဏာတိပါတ ၊သူ့အသက်သတ်တယ်ဆိုတဲ့နေရာမှာ အချက်ငါးချက်ရှိတယ်ခမည်းတော်ကြီးရဲ့
     ၁။ သတ္တ၀ါဖြစ်ရမယ်
    ၂။ သတ္တ၀ါဟုလည်းအမှတ်ရှိရမယ်
    ၃။သတ်လိုတဲ့စိတ်လည်းရှိရမယ်
    ၄။ကာယကံ,၀စီကံတစ်ခုခုနဲ့သတ်ဖြတ်ဖို့ကြိုးစားရမယ်
    ၅။ ကိုယ့်လက်ချက်နဲ့သေဆုံးသွားတာလည်းဖြစ်ရမယ်
      ဒီအင်္ဂါရပ်တွေနဲ့စုံမှ ပါဏာတိပါတကထိုက်မှာပါ ဒီတော့ ခမည်းတော်ကြီးမြက်မီးရှို့တာမှာ သတ်လိုတဲ့စိတ်ပါသလား ။ ဟာ ဘယ်ပါမလဲဘုရား ! ဟုတ်ပြိ သူတို့ကိုသတ်ဖြတ်ချင်လို့မီးရှို့တာလား သေစေလိုတဲ့စိတ်နဲ့လုပ်နေတာလား ။ ဒါလည်းမဟုတ်ပါဘုရား ! ဒါဆိုတကာကြီးမှာအပြစ်မရှိပါဘူး ။ ခမည်းတော်ကြီးလည်းဖတ်ဖူးပြီးသားပါ သူ့အသက်သတ်ခဲ့တဲ့ဆိတ်တစ်ကောင်ဟာ လေးရာ့ကိုးဆယ့်ကိုးဘ၀ပြန်လည်အသတ်ခံခဲ့ရပြီးပြီ ဒီတစ်ဘ၀ပဲအသတ်ခံရတော့မှာလေ ။ ပုဏ္ဏားတစ်ယောက်က ယဇ်ပူဇော်ဖို့ဆိတ်ကိုသတ်မယ်လုပ်တော့ ပထမအားပါးတရ ရယ်တယ်တဲ့လေ ၊နောက်ကျတစ်ခါငိုပြန်ရော ပုဏ္ဏားက ဘာလို့လဲလို့မေးတော့ သူကဒီဘ၀ပြီးရင်ဘ၀ငါးရာပြည့်လို့လွတ်ပြီတဲ့လေ ။ဒါပေမယ့်ငါလိုမင်းပြန်ခံရမှာသနားလို့ငိုတာပါတဲ့ ။ ဒီတော့ပုဏ္ဏားလည်းအကုသိုလ်ကြောက်ပြီး လွှတ်လိုက်တာပဲပေါ့ ။ ဒါပေမယ့်တောင်ကမ်းပါးယံမှာမြက်စားနေတုန်း မိုးကြိုးပစ်ချလိုက်လို့ လည်ပြတ်ပြီး သေရတာပါပဲ ။ ဆိုလိုချင်တာက ကိုယ်မီးရှို့သည်ဖြစ်စေ မရှို့သည်ဖြစ်စေ သေနေ့စေ့နေရင် သတ္တ၀ါတွေကတော့သေကြမှာပါပဲ  သို့သော်ဘယ်လိုမှသတ္တ၀ါတွေအပေါ်အားရုံမရောက်စေနဲ့ မိမိတောင်ယာလုပ်ရမယ့်အလုပ်သာ အာရုံပြုလုပ်ပါဗျာ တောင်ယာကထွက်တဲ့ဆန်စပါးတွေ ပဲတွေဂျုံတွေနဲ့ပဲလူသားကမ္ဘာကြီးအသက်ဆက်နေကြလို့ သူတော်စဉ်သူတော်ကောင်းတွေကိုလှုနိုင်တန်းနိုင်ကြလို့ ကျေးဇူးရှင်တောင်ဖြစ်ပါသေးတယ်။
     မှန်ပါဘုရားတပည့်တော်ခုတော့ ရှင်းသွားပါပြီ ။
ဟုတ်ပြီလေခမည်းတော်ကြီးရဲ့ ဓမ္မကထိကဆရာတော်ကလည်း အပေးတတ်မှ ဆေးကအဆိပ်မဖြစ်မှာ ခုပဲကြည့်လေ ခမည်းတော်ကြီးသာ သံသယတွေနဲ့သေဆုံးသွးခဲ့ရင် သေချာပေါက်ဒီကုက္ကုစ္စသံသယက ငရဲဆွဲချသွားမှာ
       ဘုရားရှင်လက်ထက်ကလည်း ငါးဆယ့်ငါးနှစ်ပါတ်လုံးခိုးသူသတ်သမားကြီးလုပ်ခဲ့တဲ့ အာဏာပါးကွက်သားကြီးသေခါနီးမှာ အစားကောင်းလေးချက်စားမယ်ဆိုပြီးတောင်ထိပ်တက်ချက်စားတာပေါ့ ရှင်သာရိပုတြာကြီးက သနားတော်မူလွန်းလို့ ကယ်မဖို့ဆွမ်းခံကြွလာတယ် ဒိတော့သူကလည်းသူမစားပဲအကုန်လောင်းလှုလိုက်တယ်ဒါပေမယ့် သူတွေးမိတယ် ငါ့ဒီကုသိုလ်လေးကတော့ငါ့အကုသိုလ်ကိုအန်တုနိုင်တော့မှာ မဟုတ်ပါဘူးပေါ့ ဒီအကြောင်းကိုရှင်သာရိပတ်ကိုလျှောက်ထားတော့ တကာကြီးရယ် ခိုးသူတွေခေါင်းဖြတ်သတ်တာက ကိုယ့်သဘောနဲ့ကိုယ်သတ်တာလား ဘုရင်ကခိုင်းလို့လားဆိုတော့ ။တပည့်တော်ကိုရှင်ဘုရင်ကခိုင်းလို့သတ်ဖြတ်ရပါတယ်ဘုရားလို့ဖြေလိုက်တယ် (တဆက်ထဲသူတွေးလိုက်တယ် ဘုရင်ခိုင်းလို့သတ်ရင်အပြစ်မရှိဘူးလို့လေ) နောက်သူစိတ်ချမ်းသာမှုရလာပြီး ကောင်းမှုပီတိလေးနဲ့သေဆုံသွားတော့ နတ်ပြည်မှာ နတ်သားသွားဖြစ်တယ်ဆိုပဲ)ဒီနေရာမှ ရှင်သာရိပုတြာအပေးတတ်လို့ရသွာတာပါ တကယ်လို့သာ တကာကြီးကိုရှင်ဘုရင်ကခိုင်းလို့သတ်ရင်အပြစ်မရှိပါဘူးဆိုရင် ခိုင်းသူသာအပြစ်ဖြစ်တယ် သတ်သူအပြစ်မရှိဘူလို့ဆိုရာရောက်ပြိး တကယ့်အမှန်တရားနဲ့လွဲသွားလိမ့်မယ်(မုသာဝါဒဖြစ်သွားမယ်) ၊ ဟာ ခင်များကိုဘယ်သူကခိုင်းခိုင်းကိုယ်သတ်မှဖြစ်တာ အစထဲကခိုးသူအလုပ်မလုပ်ပါနဲ့လားကြောက်ရင် ဘာညာနဲ့ပြောလိုက်ရင် လည်း မှန်တာမမှန်တာအသာထား  အားကိုးတကြီးလာမေးသူကို ရေနစ်ရာဝါးကူထိုးသလိုဖြစ်သွားမှာပဲ ၊ သူလုပ်ခဲ့တဲ့အကုသိုလ်ကိုခုချိန်မှာပြန်ပြင်လို့လဲ ရမှာမှမဟုတ်တော့တာပဲ ဒီတော့ စကားပရိယာယ်ကြွယ်ဝစွာနဲ့ အပါယ်ငရဲကကယ်တင်ပေးခဲ့တာပဲ ၊ တကယ်လို့အဲဒီတကာကြီးကအမှားမြင်ပြီး နောင်ဘ၀နတ်သားဖြစ်တုန်းမှာ ကောင်းမှုတွေပဲလုပ်သွားပြီး အရိယာဘ၀အရယူလိုက်နိုင်ရင်တော့ အရှင်အင်္ဂုလိမာလမထေရ်တို့လို အကုသိုလ်ဆိုးကျိုးတွေကနေကွင်းလုံးကျွတ်လွတ်မြောက်သွားနိုင်တယ်လေ ယမန်ရက်ချိန်းနဲ့ အာမခံနဲ့လွှတ်လိုက်သလိုပေါ့ ။မိမိကထောင်ထဲမ၀င်ရခင် လွတ်အောင်ပြေးနိုင်ပါကအကုသိုလ်တကယ်ရှိတဲ့သူတောင်မှလွတ်နိုင်ကိန်းရှိပါတယ် တစ်မတ်ဖိုးအကုသိုလ်လုပ်ရင် တစ်မတ်ဖိုးခံရမှာပဲဆိုတာကဘုရားအယူဝါဒမဟုတ်ဘူး မိစ္ဆာအယူဖြစ်တယ်လို့တကာကြီးမှတ်ထားပေတော့ ။ ဒါ့ကြောင့်ပေးတတ်မှ ဆေးကအဆိပ်မဖြစ်မှာလို့ဦးဇင်းပြောတာပါ။ ပေးတတ်ပေမယ့်လည်း ယူတတ်ဦးမှ ဆေးကအဆိပ်မဖြစ်မှာနော် ဘုရားရှင်က မာဂဏ္ဍီမိဘနှစ်ပါးတရားထူးရစေချင်လှို့တရားပြပေမယ့် သမီးမာ မာဂဏ္ဍီအတွက်တော့ အဆိပ်တောက်ဖြစ်သွာခဲ့တာပဲ ဒါကမခံယူတတ်လို့ပေါ့
     မှန်ပါဘုရားတပည်တော်ရှင်းရှင်းလင်းလင်းကြီးကိုသဘောပေါက်သွားပါပြီ၊ တပည့်တော်စိတ်ချမ်းသာ ကြည်လင်စွာနဲ့ပဲ ကိုယ့်တောင်သူယာခုတ်အလုပ်ကိုလုပ်နိုင်ပါပြီဘုရား ။ (ခမင်းတော်ကြီးရဲ့ ပူပင်သောကသံသယမျာလည်းကင်းသွားကြပြီး မျက်နှာလည်းကြည်လင်ဝင်းပလာပါတော့တယ်)
                             သာဓုဗျာ သာဓု သာဓု ။ ။
                 by လင်္ကာ အရှင် on Saturday, December 17, 2011 at 8:16am ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..