Saturday, March 24, 2012
*ယောက်ျားတစ်ပါး မသွားလာပဲ အပျိုစင်စစ်စစ် ဘ၀ဖြင့်ပင် သားသမီးရနိုင်ပါသလော *
   တခုသော ပြာသိုလ်လပြည့်နေ့ကဖြစ်လေသည်။ စာရေးသူ၏ဆွမ်းတကာမကြီးသမီးဖြစ်သူ သူသူအောင် ဆွမ်းပို့ရင်းကျောင်းရောက်လာရာမှ  
     ဦးဇင်းဘုရား တစ်ခုလောက်မေးချင်လို့ “
“တစ်ခုမဟုတ်ပါဘူးဗျာ ဘာသာရေးနဲ့ပတ်သက်လို့ကတော့ မေးပါ သိသလောက်ရှင်းပြပေးပါ့မယ်”
“ ပြာသိုလ်လပြည့်နေ့မှာ အမေနေ့ကျင်းပကြတာက  ခရစ်ယာန်ဘာသာကဆင်းသက်လာတာ ဆိုဘုရား “ 
“ဦးဇင်းတော့ အဲလိုမကြားမိပါဘူး ၊ အမေနေ့စလုပ်ဖြစ်တာကတော့ စာရေးဆရာ ဒါရိုက်တာကြီးဦးးသုခက လူငယ်တွေ အမေ့ကျေးဇူး သိရှိနားလည်ကြစေဖို့  ပြာသိုလ်လပြည့်နေကို
အမေ့နေ့ဟု သတ်မှတ်ကျင်းပစေခဲ့တာလို့ မှတ်သားရဖူးတယ်လေ”
      ”မှန်ပါ တပည့်တော်မတို့လည်း အဲလိုပဲသိထားကြတာလေ။ အခုတပည့်တော်မနဲ့ ကျောင်းနေဖက် ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတစ်ယောက်က ပြောလို့ဘုရား၊ ‘အမေနေ့ဆိုတာတဲ့ ဟိုးရှေးယခင်ထဲက အပျိုစင်ဘ၀ကနေ ယေရှုကိုမွေးဖွားပေးတဲ့ မယ်တော်မာရီကို ဂုဏ်ပြုကျင်းပကြရာကနေ စတင်လာတယ်လို့
ပြောတယ်ဘုရား 
       သူတို့ထာဝရ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်ဖြင့် အပျိုစင်မာရီရဲ့ဝမ်းမှာ သန္ဓေတည်စေပြီး ဘီစီ ၆ (သို့မဟုတ်) ဘီစီ ၅ တွင် ယုဒပြည် ဗက်လင်မြို့၌ နွားစားခွက်တွင် နှိမ့်ချစွာဖြင့် မွေးဖွားစေခဲ့ပါတယ်တဲ့ ဒါ့ကြောင့် ရှေးတုန်းက ခရစ်ယာန်တွေက အပျိုစင်အဖြစ်နဲ့ ယေရှုခရစ်တော်ကိုမွေးဖွားပေးခဲ့တဲ့ မယ်တော်မာရီ ကို ဂုဏ်ပြုဖို့ ၀ါတွင်းကာလရဲ့ စတုတ္တမြောက် တနင်္ဂနွေနေ့မှာ မယ်တော်ပွဲကို ကျင်းပကြတယ်။
     နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်း တစ်ဂိုဏ်းကနေပြီးတော့ အဲ့ဒီနေ့မှာ အမေအားလုံးကို ပါဝင်စေနိုင်အောင် အမေများရဲ့ တနင်္ဂနွေလို့ မှည့်ခေါ်ခဲ့ကြတယ်။ အမေရိကမှာ အခြေစိုက်တဲ့ အင်္ဂလိပ်ကိုလိုနီတွေကတော့ အချိန်မရကြလို့ အဲဒီအစဉ်အလာကို မလိုက်နာနိင်ကြပါဘူး။ ၁၈၇၂ ခုနှစ်မှာ ဂျုလီယက်ဝပ်ဒ်ဟိုဝီဟာ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အမေများနေ့အတွက် နေ့တစ်နေ့ကို ကျင်းပကြပါတယ်။ ဒါဟာ အမေ့နေ့ရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခုဖြစ်ပြီး၊
      ၁၉၀၇ ခုနှစ်မှာ ဖီလာဒီယ်လ်ဖီးယားကျောင်း ဆရာမ တစ်ဦးဖြစ်တဲ့ အင်နာအမ်ယာဗစ်က သူ့မိခင်ကို ဂုဏ်ပြုပြီး နိင်ငံတော်အဆင့် အမေနေ့သက်မှတ်ရေးကို လှုပ်ရှားခဲ့ပါတယ်။ ရာချီတဲ့ ဥပဒေပြု လွှတ်တော် အမတ်တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီကို ရယူပြီး ပထမဆုံး အမေနေ့ကို သူ့မိခင်ကို ဂုဏ်ပြုပြီး ဘုရားကျောင်းမှာ ကျင်းပနိင်ခဲ့ပါတယ်တဲ့၊
     အင်နာရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၄ ခုနှစ်မှာ အမေရိကန် သမ္မတကြီး ၀ုဒ်ဒရိုးဝီလ်ဆင်ဟာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို နိင်ငံတော် အားလပ်ရက်အဖြစ် ကြေငြာ ပေးခဲ့ပါတယ် ။ တဖြည်းဖြည်း တရွှေ့ရွှေ့နဲ့ အမေများနေ့ဟာ ပိုမိုထင်ရှားလာခဲ့သလို လက်ဆောင်ပေးတဲ့ လုပ်ရှားမှုတွေဟာလည်း တိုးပွားလာကြပြီး စီးပွားရေးအရ လုပ်စားလာကြလို့ အင်နာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ 
     အင်နာ ဘယ်လိုပဲ သဘောထားထား အမေများနေ့ဟာ အမေရိကမှာ ထွန်းကား လာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် ပြန့်နှံ့ခဲ့ရာကနေ အခုမြန်မာနိုင်ငံပါ အမေနေ့ကိုကျင်းပနေကြတာပါတဲ့ဘုရား။
      ကျင်းပတဲ့ ရက်တွေသာ ကွဲလွဲကြပေမယ့် ဒိန်းမတ် ၊ ဖင်လန် ၊ တူရကီ ၊ အီတလီ ၊ သြစတြေးလျ နဲ့ ဘယ်လ်ဂျီယံ စတဲ့ နိင်ငံတွေမှာတော့ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကိုပဲ အမေများနေ့ အဖြစ် ကျင်းပကြပါတယ်။ ဒါ့ကြောင့် ပြာသိုလ်လပြည့်အမေနေ့ဟာ မယ်တော်မာရီက အစပြုတာပါလို့ ပြောတယ်ဘုရား။
http://sbsangpi.multiply.com/journal/item/191/191?&show_interstitial=1&u=%2Fjournal%2Fitem
     အင်း….ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေအမေနေ့အထိမ်းအမှတ်လုပ်ပြီး       ကျေးဇူးတော်တွေကိုချီးမွမ်းကြတယ်ဆိုတာက ယေရှူခရစ်တော်ကိုမွေးဖွားခဲ့တဲ့မယ်တော်မာရီနဲ့တော့မဆိုင်ပါဘူး။ အဂုင်္တ္ထိုရ်ပါဠိတော်မှာ မိကိုလက်ျာ ဖကိုလက်ဝဲပုခုံးမှာထားပြီး ကျင်ကြီးကျင်ငယ်ကို ပုခုံးထက်မှာပဲစွန့်စေကာ အသက်ရှင်သမျှပြုစုလုပ်ကျွေးတာတောင်
ကျေးဇူးတရားကျေအောင်မဆပ်နိုင်ဘူးဆိုတာတွေ၊ မိဖကိုပြုစုလုပ်ကျွေးတဲ့ သုဝဏ္ဏသာမဇာတ်တော်တို့ ၊မာတုပေါသကသုတ္တာန်လာ မျက်မမြင်မိခင်ကြီးကိုပြုစုလုပ်ကျွေးခဲ့တဲ့ ဘုရားလောင်းဆင်မင်းတို့ ဒီလိုဘုရားဟောတွေကိုထောက်ဆပြီး မိခင်ဆိုတာ ကျေးဇူးအကြီးဆုံးပုဂ္ဂိုလ်ဆိုတာ သိနားလည်လာကြလို့ အမေများနေ့ကိုကျင်းပကြတာပါလို့ ပဲပြောရမှာပေါ့ ။ 
       မှန်ပါ ဟုတ်တယ်ဘုရား။ ပြီးတော့ သူတို့ဘုရားသခင်ကို အပျိုစင်မယ်တော်မာရီကနေမွေးခဲ့တယ်ဆိုတာကိုလည်း တပည့်တော်မက မဖြစ်နိုင်ကြောင်း မန်လည်ဆရာတော်ဘုရားအမေးပုစ္ဆာထဲမှာ ကိုယ်ဝန်တည်နိုင်တယ်ဆိုတာ
 ''မာတာပိတရော စ သန္နိပတိတာ ဟောန္တိ၊
မာတာ စ ဥတုနီ ဟောတိ၊
ဂန္ဓဗ္ဗော စ ပစ္စုပဋ္ဌိတော ဟောတိ၊
ဧဝံ တိဏ္ဏံ သန္နိပါတာ ဂဗ္ဘဿာဝက္ကန္တိ ဟောတီ''တိ (မ၊ နိ၊ ၁။၎ဝ၈)။
၁။ မိခင်လောင်း၏ ရာသီပန်းပွင့်ပြီးစဖြစ်ရခြင်း
၂။ မိခင်ဖခင်လောင်းနှစ်ဦးတို့ ကူးလူးဆက်ဆံခြင်း
၃။ သန္ဓေနေမည့်သတ္တ၀ါ၏ ဘ၀ဟောင်းမှ ပဋိသန္ဓေသစ်တည်နေဖို့ရာ ရှေ့ရှုတည်နေခြင်း
   ဆိုတဲ့အင်္ဂါ (၃)ပါးစုံမှ ကိုယ်ဝန်တည်နိုင်တာဖြစ်ပါတယ်။ 
      ယခုတော့ “  ဘုရားလောင်းပဋိသန္ဓေယူသည့်  ၀ါဆိုလပြည့်နေ့သည် အဗြဟ္မစရိယ
သိက္ခာပုဒ်ကိုစောင့်ထိန်းပြီး မမြတ်တဲ့မေထုန်အကျင့်ကိုရှောင်ကြဉ်နေတဲ့အချိန်ဖြစ်နေပါတယ် ၊ နံပတ်နှစ် အင်္ဂါဖြစ်တဲ့  နှစ်ဦးသားတို့ သံဝါသကိစ္စမမပြုပါပဲလျှက် မည်သို့မည်ပုံ သန္ဓေခလာရပါသလဲ ”ဟု ဥဒုမ္မရတောရ ဆရာတော်ကို  မေးမြန်းလျှောက်ထားပါသတဲ့ -    ဒီတော့ ဆရာတော်က
 “မိမာတာ ကားပန်းက ပန်းရတုရာသီ
 ပွင့်ဆဲစခါဆီ တူယှဉ်မှီ ပျော်ပါး
ကိန်းဆိုက်တဲ့ထိုသသူ ထင်ရှေးရှုစုတိခိုက်ငြား၊
ဤအင်္ဂါစုံစေ့မှ ဘုံဓလေ့ ဤလူ့ပြည် ၊ တည်သန္ဓေအများ ၊
 သည်အင်္ဂါသုံးပါးတွင် ယုံမှားသည့်ဟိုအင်္ဂါ ၊
တူယှဉ်မှီတစ်ကြိမ်စက်က ခုနစ်ရက် ခေတ်ဖြစ်သည်သာ ၊
ဝိမတိကျမ်းဋီကာမှာ လခွဲကြာခေတ်ဖြစ်ကြောင်းနှင့်
 စုံပေါင်းနည်းတဖြာ ၊ဟောပြခဲ့ပါ ၊
သည်သန္ဓေခန်းမှာကွဲ့ ရွှေကျမ်းနှင့်ကြည်မဟာငယ်
ဟိုအင်္ဂါ ခက်ပါဘူးလေ”
     လို့ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။ 
      ဆိုလိုတာက ထိုကိုယ်ဝန်တည်နိုင်တဲ့အင်္ဂါသုံးချက်စုံမှသာ သာမန်လူအများ သန္ဓေတည်ကြရပါတယ်။ တစ်ခါသံဝါသပြုလျှင်ခုနစ်ရက်မျှ ကိုယ်ဝန်ယူနိုင်ရာခေတ်ကာလဖြစ်ပါတယ်။ ၀ိမတိဝိနောဒနီဋီကာအလိုအရဆိုရင် ဆယ့်ငါးရက်ကြာမျှကိုယ်ဝန်ယူနိုင်ပါတယ်။ ဒီတော့ ဥပုသ်မ၀င်ခင်က အတူနေခဲ့မှူကြောင့် လပြည့်နေ့မှာ အဗြဟ္မစရိယကို ရှောင်ကြဉ်ထားပါလျှက် ကိုယ်ဝန်ယူနိုင်ခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးလိုက်တာပါ။ ဒီတော့ ကျမတို့ ဗုဒ္ဓဘာသာမှာက ဒီအင်္ဂါသုံးပါစုံညီမှ ကိုယ်ဝန်တည်နိုင်တာမို့ မယ်တော်မာရီဟာ အပျိုစင်စစ်က ကိုယ်ဝန်ယူတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ လို့ပြောလိုက်တယ်ဘုရား ။
     ဒီတော့သူက ဒါဆို ဗုဒ္ဓ၀င်တွေ ဇာတ်နိပါတ်တွေထဲမှာ ပါတဲ့ ဒုကူလက ပါရိကာရဲ့ချက်ကို လက်တော်ဖြင့်သုံးသပ်လိုက်ကာမျှဖြင့်  သုဝဏ္ဏသာမကို ကိုယ်ဝန်ရလာခဲ့တယ်ဆိုတာတွေ၊ ပဒုမ္မာဒေ၀ီ မိဖုရားကြီးက သားတော် ငါးရာဖွားမြင်တယ်ဆိုတာတွေ ရှင်သီဝလိက ဘုရားပေးတဲ့သား ဆိုတာတွေ၊ ရှင်ဥပဂုတ္တမထေရ်ကို နားမှဖွားမြင်တယ်ဆိုတာတွေရော ဘယ်လိုသဘောရပါသလဲလို့ လာမေးပါတယ်ဘုရား။ 
   တပည့်တော်မလည်း ဗုဒ္ဓဘာသာမှာက မယုံနိုင်စရာတွေပုံပြင်လုပ်တင်ပြထားတာ တစ်ခုမှမပါရှိပါဘူး ။ဒါတကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်လို့ ဟောကြားထားတာဖြစ်မှာပါ ။ကျမ်းဂန်တတ်ကျွမ်းတဲ့ ဆရာတော်ဘုရားတွေကိုမေးမြန်းလျှောက်ထားပြီးမှ ပြန်ရှင်းပြပါမယ်ဆိုပြီး ပြောခဲ့တယ်ဘုရား ။ဇာတ်တော်တွေထဲမှာ သံဝါသမပြုပဲ ပဋိသန္ဓေယူခဲ့တဲ့ ဖြစ်ရပ်တွေ ဟောထားတာရှိလားဘုရား။ 
    အေးဗျ မသူ မေးတဲ့မေးခွန်းက စိတ်ဝင်စားဖွယ်ကောင်းသလို သိလည်းသိသင့်ကြတဲ့ အကြောင်းရာတစ်ခုပါ။ လောကသဘောသဘာဝအရကတော့ ကလေးရတယ်ဆိုတာ အထက်ကမသူပြောခဲ့သလို အင်္ဂါသုံးချက်စုံညီမှ ရကြတာပါပဲ ။
     သို့သော် ပါရာဇိကကဏ္ဍ အဋ္ဌကထာ ၊ ပထမပါရာဇိက မေထုနသိက္ခာပဒ အဖွင့်မှာ အခြားအကြောင်းတွေကြောင့် ကိုယ်ဝန်ယူနိုင်ပုံကိုလည်း ရှင်းပြထားသေးတယ်။
                                 …………………………………………..
၁။ကာယသံသဂ္ဂေန -ကိုယ်လက်နှီးနှော သုံးသပ်ခြင်းဖြင့်
၂။စောဠဂ္ဂဟဏေန-အ၀တ်ပုဆိုးကို ယူခြင်း
၃။အသုစိပါနေန-သုက်ကိုသောက်ခြင်း
၎။နာဘိပရာမသနေန-ချက်ကိုသုံးသပ်ခြင်း
၅။ရူပဒဿနေန-ယောက်ျားတစ်ပါး၏ ပုံကိုစွဲလမ်းစိတ်ဖြင့် စူးစိုက်ကြည့်ရှူမိခြင်း
၆။သဒ္ဒေန-ယောက်ျား၏အသံကို ကြားပြီး တပ်မက်စိတ်ဖြစ်မိခြင်း
၇။ဂန္ဓေန-ယောက်ျား၏ ကိုယ်နံ့ကိုရှုရှိုက်ပြီး တပ်မက်စိတ်ဖြစ်မိခြင်း
     ဆိုတဲ့အကြောင်းတွေကြောင့်လည်း ကိုယ်ဝန်ယူနိုင်ပါသေးသတဲ့။
     ဒီနေရာမှ ကာယသံသဂ္ဂ ဆိုတာက အမျိုးသမီးတို့ ဥတုပန်းပွင့်ရာအခါမှာ ဆန္ဒရာဂဖြင့် တပ်မက်ခြင်းကြောင့် ယောက်ျားတို့၏ လက်ကိုဆွဲကိုင်ခြင်း ၊ဆံပင်ကိုဆွဲကိုင်ခြင်း ၊ အင်္ဂါကြီးငယ်တို့ကို သုံးသပ်ခြင်းဖြင့် တပ်မက်စိတ်ဖြစ်သော အမျိုးသမီးအချို့ဟာ သံဝါသမပြုပဲနှင့်လည်း ကိုယ်ဝန်ရသွားတတ်ကြတယ်လို့ဆိုပါတယ်။
   စောဠဂ္ဂဟဏေန-အ၀တ်ပုဆိုးကို ယူလို့ ကိုယ်ဝန်ရသွားတယ်ဆိုတာကတော့ ဘုရားလက်ထက်တော်က အရှင်ဥဒါယီနဲ့ သူ့ဇနီးဟောင်း ဘိက္ခုနီမတို့ဇာတ်လမ်းကို အခြေခံတင်ပြထားတာပါ။ ဥဒါယီက ဇနီးဟောင်းအပေါ် တပ်မက်စိတ်ပြင်းစွာဖြစ်ပြီးစိုက်ကြည့်မိပြီး သင်ပိုင်အတွင်းမှာ သုတ်လွှတ်လိုက်တယ်တဲ့၊ ပြီး သူ့ဇနီးဟောင်းဘိက္ခုနီမကို လျှော်ဖွတ်ချေလို့ ပေးလိုက်တော့ သူ့ဇနီးဟောင်းဘိက္ခုနီမက  သုက်အချို့ကို ခံတွင်းဖြင့် မြိုချလိုက်ပြီး သုက်အချို့ကို အ၀တ်နှင့်တကွ ယောနိကနေသွင်းထည့်လိုက်တယ်ဆိုပဲ ။ ဒီလိုနဲ့ ကိုယ်ဝန်ရလာတယ်လို့ ဆိုပါတယ်။
    ‘အရှင်ဘုရားရယ် ရဟန်းက ဒီလိုကျုးလွန်လို့ရသလား အာပတ်မသင့်ဘူးလားဘုရား’
   အင်းဟုတ်တာပေါ့ သာမန် ရဟန်းကောင်းတစ်ပါးဆိုရင်တော့ ဒီလိုဘယ်လုပ်ပါ့မလဲ ။အရှင်ဥဒါယီအဲလိုတွေလုပ်ခဲ့လို့လည်း ။ ဘုရားရှင်က ဆွေမျိုးမတော်စပ်သော ရဟန်းမအား သင်္ကန်းအလျှော်အဖွတ်မခိုင်းရလို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ရတာပေါ့။
      (၃)နံပတ် ကိုယ်ဝန်တည်နိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့  ခံတွင်းဖြင့် သုက်ကိုစားမိသောက်မိလိုက်လို့လည်း ကိုယ်ဝန်တည်သွားနိုင်ပါသတဲ့။  ဇာတ်တော်တစ်ခုထဲမှာ သမင်မတစ်ကောင်ဟာ ဥတုပန်းပွင့်ရာအခါ၌ ရသေ့ကြီးကျင်ငယ်စွန့်ရာဋ္ဌာနသို့လာ၍ သုက်နှင့်တကွသော ကျင့်ငယ်ရေကို သောက်လိုက်မိပါသတဲ့ ။ဒီနည်းနဲ့ မိဂသိင်္ဂရသေ့လေးကိုမွေးလာခဲ့တယ်လို့ ဆိုပါတယ် ။
       အရှင်ဘုရားရယ် တိရစ္ဆာန်ကနေ လူသားမွေးဖွားတယ်ဆိုတာ တကယ်ရောရှိနိုင်လို့လား။
       အင်း အပြင်မှာတော့ မကြားဖူးဘူး ဒါပေမယ့် ဦးဇင်းတို့ ဇာတကအဋ္ဌကထာ ပဉ္စမအုပ် စာမျက်နှာ ၁၆၁- ( ဇာတက ဋ္ဌ- ၅- ၁၆၁) အလမ္ဗုသာဇာတ်မှာ ဘုရားလောင်းရသေ့ကြီး တရားအားထုတ်တဲ့
ကျောင်းသင်္ခန်းအနီးမှာ သမင်မ တစ်ကောင်လည်း နေထိုင်ကျက်စားနေပါသတဲ့။
        တစ်နေ့ ဘုရားအလောင်းရသေ့ ကျင်ငယ်စွန့်ရာ အရပ်၌ သုတ်ရေနှင့် ရောသောမြတ်ကို စားမိရာမှ ကိုယ်ဝန်ရသွားပြီး လူသားကလေးငယ်ကို မွေးဖွားလာတယ် ။ ဘုရားလောင်းရသေ့ကြီးလည်း ထိုကလေးငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူလျက် `ဣသိသိင်္ဂ´ ဟု အမည်ပေးမွေးမြူခဲ့ရတယ်လို့ လာရှိတယ်လေ။
အလမ္ဗုသာဇာတကဝဏ္ဏနာ
http://tipitakamyanmar2.blogspot.com/2011/09/blog-post_823.html
     မှန်ပါဘုရား တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ။ တပည့်တော်လည်း အင်တာနက်သုံးရင် ခွေးသားပေါက်တာလူလေးတစ်ယောက်ပါလာတယ်ဆိုပြီး ဖတ်လိုက်ရသေးတယ်ဘုရား ဓာတ်ပုံတွေရော ။တပည့်တော်ဖြင့် ကြက်သီးထလိုက်တာ ပုံကြည့်ပြီး ။ဒါပေမယ့် ကွန်ပျူတာအက်ဖက်ဖြစ်မှာပါလေလို့ သဘောထားလိုက်တယ် မယုံလို့လေ။ ခု ဘုန်းဘုန်းပြောပြမှ တကယ် ဟုတ်မယ့်သဘောရှိတယ်ဘုရား ။
http://www.lonelylove.co.cc/2009/05/blog-post_27.html
   ဒါ့ထက်ထူးခြားဖြစ်စဉ်တွေလည်း ဗုဒ္ဓစာပေမှာ ပါတာပေါ့ ။ လူတိုင်းလည်း ကြားဖူးဖတ်ဖူးကြမှာပါ။
နံပတ်(၄)ကိုယ်ဝန်တည်ကြောင်းဖြစ်တဲ့ နာဘိပရာမသနေန-အမျိုးသမီးရဲ့ချက်ကို လက်နဲ့သုံးသပ်ခြင်းဆိုတာလေ ၊  ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးတို့ မျက်စိကွယ်မည့်အဖြစ်ကို ကြိုသိနေသော သိကြားမင်းက အလုပ်အကျွေးပြုစုမည့် သားလိမ္မာလေးတစ်ယောက်လောက်ရှိစေချင်တယ် ၊ ဒုကူလ ရသေ့ကြီးကို ပါရိကာရသေ့မလေးနဲ့ အတူတူနေထိုင်ကြဖို့လျှောက်ထားပြန်တော့လည်း  “ငါတို့နှစ်ယောက်လုံးအား ယင်းမေထုန်အမှုဖြင့် အကျိုးမရှိ ငါတို့နှစ်ဦးလုံး ရသေ့ရဟန်းအဖြစ်ကို ပြုခဲ့ကြလေပြီ”ဟု ဖြေကြားသဖြင့်  “သို့ဖြစ်ပါက ဤ ပါရိကာရသေ့မ ဥတုလာရာအခါ၌ လက်မဖြင့် ပါရိကာ၏ ချက်ကို သုံးသပ်ပေးပါ”လို့ လျှောက်ထားခဲ့ပါသတဲ့။ ဒုကူလရသေ့ကြီးကလည်း သိကြားမင်းက အကြောင်းတစ်စုံတစ်ရာကြိုတင်မြင်လို့ လျှောက်ထားတာဖြစ်ပါလိမ့်မယ်ဆိုပြီး ထိုသို့ပြုလုပ်ရာမှ ပါရိကာ၏သွေးသားလှုပ်ရှားသဖြင့် သုဝဏ္ဏသာမ သတို့သားကိုသန္ဓေရကာ မွေးဖွားခဲ့တယ်လို့ဆိုပါတယ်။
          ထိုနည်းတူစွာပဲ ၀ီသတိနိပါတ် မာတင်္ဂဇာတ်တော်မှာ ဘုရားအလောင်းတော် မာတင်္ဂသူတောင်းစားကြီးကို ဇာတ်အစွဲကြီးသော သူဋ္ဌေးသမီးဒိဋ္ဌမင်္ဂလိကာကို ချေချွတ်လို၍သာ ဇနီးအဖြစ်ရအောင် ကြိုးစားခဲ့သော်လည်း တကယ်ရရှိလာသောအခါ သူမအပေါ်သနားပြီး မပေါင်းသင်းတော့ပဲ တောထွက်သွားပါတယ်။ လောကီဈာန်အဘိညာဉ်တွေရလာတဲ့အခါမှာ ဒိဋ္ဌမင်္ဂလိကာ သူဋ္ဌေးသမီးလေး သူ့ကြောင့် ဆင်းရဲတွင်းနက် ဒုက္ခရောက်နေရရှာတာကိုမြင်တော်မူလို့
လူအများကြည်ညိုလေးစားလာအောင် သူမဘ၀ကိုပြန်လည်မြှင့်တင်ပေးခဲ့ပါသတဲ့။
       အရင်ဦးဆုံး ဒိဋ္ဌမင်္ဂလိကာကို သတင်းလွှင့်စေတယ်၊ သူမ၏အိမ်သားသည် သူတောင်းစားတစ်ဦးမဟုတ်ပဲ ကောင်းကင်ဘုံဗိမာန်မှ လူ့လောကသို့လာရောက်သော တန်ခိုးကြီးတဲ့ ဗြဟ္မာမင်းကြီးဖြစ်ကြောင်း။ လာမည့်လပြည့်ညမှာ  တန်ခိုးအဘိညာဉ်ဖြင့် လဗိမာန်ကိုခွဲထွက်ကာ မဟာဗြဟ္မာကြီးအသွင်ဖြင့် ကောင်ကင်ခရီးဖြင့်ကြွလာမည်ဖြစ်ကြောင်းပေါ့။
       ဒါပေမယ့် လူတွေကမယုံကြပါဘူး ။ကလေးမလေးတော့ သူဋ္ဌေးမျိုးရိုးကနေ သူတောင်းစားမျိုးရောက်သွားရ၍ ရူးသွပ်သွားပြီပေါ့ ။ ဒါပေမယ့် တချို့သူတွေကလည်း ဟုတ်များဟုတ်လေမလားလို့ စောင့်ကြည့်နေကြတယ် ။ မာတင်္ဂရသေ့ကြီးလည်း တကယ်ပင် လဗိမာန်ကိုဖောက်ခွဲကာ ဒိဋ္ဌမင်္ဂလိကာထံ ဆင်းသက်လာခဲ့ပြီး  ချက်တော်ကိုလက်ဖြင့် သုံးသပ်ပေးခဲ့ပါသတဲ့။ 
     ဒီတွင်မှ တိုင်းသားဗိုလ်လူအားလုံးကလည်း ဒိဋ္ဌမင်္ဂလိကာကို သူတို့မဟာဗြဟ္မာကြီးရဲ့ ဇနီးဟုဆိုကာ မဏ္ဍပ်ကနားထိုးပြီး ပူဇော်ပသကြပါတော့တယ်  နောက်ထိုနည်းဖြင့် ရရှိလာတဲ့ သားငယ်လေးကိုလည်း   မဏ္ဍပ်ကနားဖြင့်ပူဇော်ပသရတဲ့ ဘုရားပေးတဲ့သားတော်လေးမို့ မဏ္ဍဗျ (မဏ္ဍပ)လို့ အမည်ပေးလိုက်ကြပါသတဲ့ ။ ထိုအခါမှစပြီး ကိုးကွယ်ရာ သူတို့ရဲ့ ထာဝရမဟာဗြဟ္မာကြီးရယ်။ မယ်တော် ဒိဋ္ဌမင်္ဂလိကာ နဲ့ သားတော် မဏ္ဍဗျ သတို့သားရယ် ကိုးကွယ်ရာသုံးပါးဆိုပြီး ဖြစ်ပေါ်လာခဲ့တယ်ဆိုပဲ  
      တိုက်ဆိုင်လိုက်တာဘုရား  ဒိဋ္ဌမင်္ဂလိကာကို သံဝါသမပြုပဲ အပျိုစင်အဖြစ်နဲ့ပဲ ကိုယ်ဝန်ရစေခဲ့တယ်။ နောက်လူအများကလည်း ထာဝရဗြဟ္မာကြီးကပေးတဲ့သားတော်လို့ ယူဆကြတယ်ဆိုတော့ ခရစ်ယာန်ဘာသာကပြောတဲ့ အပျိုစင်မယ်တော်မာရီက ဘုရားပေးတဲ့သားကိုဖွားတယ်ဆိုတာနဲ့ သွားတူနေတယ်နော် ။
http://www.bbfse.org/2011-07-03-martaga%20o%20dateteemagalekar.html
     ဒါထက်ထူးဆန်းတာက ဘုရားလက်ထက်တော်က  စဏ္ဍပဇ္ဇောတမင်းဆိုတာ ရှိခဲ့ဖူးတယ် ဆရာဇီဝကက ခေါင်းကိုက်ရောဂါပျောက်အောင် ထောပတ်နဲ့ဆေးချက်ပြီး ကုပေးခဲ့ရတာပေါ့။
အဲဒီမင်းကြီးရဲ့ မယ်တော်ဖြစ်လာမယ့် မိဖုရားကြီ်း အိပ်နေစဉ်မှာ ကင်းမြီးကောက်တစ်ကောင်းက ၀တ်လဲတော်တွင်းဝင်ရောက်လာပါသတဲ့ ။ မိဖုရားကြီးလည်း အဲဒီအတွေ့ကိုသွားသာယာမိရာကနေ
စဏ္ဍပဇ္ဇောတမင်းကို  ကိုယ်ဝန်တည်ရလာခဲ့တာတဲ့လေ။ကင်းမြီးကောက်ရဲ့အဆိပ်က ထောပတ်နဲ့ဆန့်ကျင်ဖက်ဆိုတော့ အဲဒီကင်းမြှီးကောက်နဲ့ရတဲ့ သားတော်ဘုရင်ကြီးကလည်း ထောပတ်ဆိုရင်အရမ်းမုန်းတာ အနံ့တောင်မခံနိုင်ဘူးဆိုပဲ ။ 
     အဲဒါကို ဆေးဆရာဇီဝကက ထောပတ်မှန်းမသိအောင်ဆေးချက်ပြီး လိမ်တိုက်ရတယ် ။ဆေးတိုက်ပြီး ဇီဝကလည်းထွက်ပြေးရတော့တာလေ မင်းကြီးလေချဉ်တက်လာလို့ ထောပတ်နံ့ထွက်လာရင် သူ့ကိုသတ်မှာကို ကြိုသိနေလို့တဲ့လေ။
http://shwecity.blogspot.com/2011_11_27_archive.html
     မှန်ပါ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တွေပဲဘုရား                
                           ……………………………………………………...
     နောက်ထပ်ကိုယ်ဝန်ရနိုင်ကြောင်းတွေဖြစ်တဲ့ နံပတ်(၅/၆/၇)တို့ကမှ အရင်အကြောင်းအရာတွေထက် ပိုအံ့သြဖွယ်ကောင်းတာပေါ့ ၊ ရုပ်အဆင်းကြည့်ရုံ၊အသံကြားရုံ ၊အနံ့ရှူရုံ နဲ့ ကိုယ်ဝန်ရနိုင်တယ်ဆိုတာလေ ။
       အချို့သော အမျိုးသမီးတို့ဟာ ဥတုလာရာအခါ၌ ယောက်ျားတစ်ပါးတို့နှင့် ရောနှောဆက်ဆံဖို့အခွင့်မရကြတဲ့အခါ တပ်မက်သော ကာမရာဂဖြင့် ယောက်ျားတစ်ယောက်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ကိုယ်ဝန်တည်သွားနိုင်တယ်လို့ ဆိုတယ်လေ ။
        ဦးဇင်းရယ် အဲလို ရာဂစိတ်နဲ့ စိုက်ကြည့်ရုံနဲ့သာ ကိုယ်ဝန်ရကုန်မယ်ဆိုရင် အဖေမပေါ်တဲ့ကလေးတွေ တောင်လိုပုံကုန်မှာပေါ့ ။
        ဒါ့ကြောင့် အချို့အမျိုးသမီးတွေလို့ ကေစိဆိုထားတာပေါ့ လူတိုင်းတော့မဟုတ်ပါဘူး။ ဒီအဆိုကို ခိုင်လုံစေတဲ့  အနောက်တိုင်းက ဖြစ်ရပ်တစ်ခုကိုတော့ ဖတ်လိုက်ရဖူးသေးတယ်။
      လူဖြူလင်မယားနှစ်ယောက်မှ သားလေးတစ်ယောက်ဖွားမြင်လာရာ ကပ္ပလီလူမျိုးကဲ့သို့ လူမည်းလေးမွေးဖွားလာပါသတဲ့ ။ ဒီတော့ လူဖြူယောက်ျားက ဇနီးသည်အပေါ်အထက်လွဲသွားပြီး သစ္စာမဲ့သူအဖြစ်စွပ်စွဲကာ ကွာရှင်းဖို့တောင်းဆိုသတဲ့  ဇနီးသည်ကလည်း  မည်သည့်ယောက်ျား
တစ်ယောက်နှင့်မျှ မဖောက်ပြားရပါဟု အခိုင်အမာငြင်းဆိုနေသဖြင့် ။
       ဗဟုသုတကြွယ်ဝလှသော တရားသူကြီးမှ ယင်းတို့အိပ်ခန်းအတွင်းသွားရောက် စစ်ဆေးရာမှ ကပ္ပလီလူမည်း နာမည်ကျော် အဆိုတော်ရဲ့ ပုံကားချပ်ကြီးကို နံရံမှာ ချိတ်ဆွဲထားတာကိုတွေ့ရဆိုပဲ။ ဦးဇင်းတို့မြန်မာမှာလည်း ကြားဖူးပါတယ် ကလေးရရင် လှလှလေးရချင်လို့ ကလေးငယ်ပုံကြီးတွေ အိပ်ခန်းတွေမှာချိတ်ထားတတ်ကြတယ်မလား ။ကိုယ်ဝန်က မိမိအိမ်သားနဲ့အကြောင်းပါတာပါလို့ ငြင်းလိုက ငြင်းနိုင်ပေမယ့် အဲဒီအမြင်အာရုံတွေရဲ့ ကိုယ်ဝန်အပေါ်အကျိုးသက်ရောက်မှူလည်း ရှိနေပြန်တယ်။
      တော်ပါတော့ဦးဇင်းရယ်၊ ဦးဇင်းပြောလိုက်မှဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် မှန်ထဲထောင်ကြည့်ရမယ့်ပုံပေါက်နေပြီ ။
       ဒါလုပ်ကြံပြောတာမဟုတ်ပါဘူးဗျာ စာပေလာအတိုင်းပြောပြတာလေ။ နောက်ပြီး
                          …………………………………………
ဗျိုင်းအောက်တွေမှာ အဖိုမရှိဘူး အားလုံးအမကြီးပဲတဲ့ဗျာ
    ဟင်အဲလိုဆို ဘယ်လိုမျိုးဆက်သစ်ပေါက်ဖွားကြတာလဲ ဘုရား ။
အင်း ဥတုလာရာအခါမှာ  မိုဃ်သံကို ကြားကာမျှဖြင့် ကိုယ်ဝန်ယူကြတယ်လို့ ဆိုတာပဲ ဒါကတော့ လောကဓာတ်သုတေသီတွေမှ အတိကျပြောပြနိုင်မှာပဲ နော် ဦးဇင်းတို့ကတော့ စာအရ သဒ္ဓါတရားနဲ့ယုံလိုက်တာပေါ့။ တခါတရံမှာ ကြက်မတွေဟာ ကြက်ဖတွန်သံကြောင့် ကိုယ်ဝန်ရနိုင်ကြတယ်လို့ ဆိုပါတယ် ၊
     နောက်ပြီး နွားလားဥဿဘကြီးရဲ့အနံ့ကိုရကာမျှဖြင့် နွားမများဟာလည်း သန္ဓေရနိုင်ကြတယ်လို့ဆိုပါတယ် ။
တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် ဘုရား ပိဋကတ်တော်တွေထဲမှာ အတိကျကိုရှင်းပြထားတာပေါ့နော် ဒါဆိုယောက်ျားတစ်ပါး မသွားလာပဲ ဘယ်လိုကဘယ်လို ဖိုမျိုးစေ့ကရသွားတာလဲဘုရား အဲဒါစဉ်းစားနေတာ ။
     အော်သူသူကလည်း ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီး ဝေးလိုက်တာနော်  ။အခုဆေးသိပ္ပံလောကမှာတော်တော်ပြောကြတယ်လေ။ ကလေးတစ်ယောက်သန္ဓေတည်ပြီဆိုရင် အဖိုဟိုမုန်းရော အမဟိုမုန်းရောပါလာကြတယ်တဲ့ နောက်တော့ အားကောင်းတဲ့ဖက်လိုက်ပြီး အဖိုအမကွဲသွားကြတယ်။ သူမသာကိုယ်မသာဖြစ်နေတယ်ဆို ဟိုမရောက်ဒီမရောက် ကျားမဟုတ်မဟုတ်တွေဖြစ်ဖြစ်ကုန်လို့တဲ့လေ။ တချို့ဆို့ လိင်အင်္ဂါနှစ်မျိုးပါပြီးတောင်မွေးလာကြပါသတဲ့။
       ဘုရားရှင်အဘိဓမ္မာကရော အဲဒီအပေါ် ဘယ်လိုမြင်လဲဘုရား ။
ဗုဒ္ဓအဘိဓမ္မာက ဒါကိုလက်ခံနိုင်ပါတယ်  ၊ဘုရားလက်ထက်တော်က် ဇနီးနဲ့ သားသမီးနှစ်ယောက်ပါရှိတဲ့ သောရေယူသူဋ္ဌေးသားဆိုတာ ရှိခဲ့တယ်။  ။သူက ရှင်မဟာကစ္စည်းထေရ်ကိုကြည့်ပြီး လှရက်လိုက်လေ ငါ့ဇနီးမယားများဖြစ်ရင်တော့ကောင်းမှာပဲလို့ စိတ်နဲ့သွားပြစ်မှားလိုက်သတဲ့လေ ။
     သူပြစ်မှားတာက ရဟန္တာအရှင်ဆိုတော့ ချက်ချင်း ယောက်ျားဘ၀ကနေ မိန်းမဘ၀ပြောင်းသွားသတဲ့လေ ၊ ဒါနဲ့ရှက်ပြီး အခြားတစ်မြို့တစ်ရွာမှာသွားဇာတ်မြုတ်ရင်း အိမ်ထောင်ကျတော့ ကလေး(၂)ယောက်တောင် ရလိုက်ပါသေးသတဲ့။ နောက်တော့မှ ရှင်မဟာကစ္စည်းမထေရ်ကိုတောင်းပန်ကန်တော့လိုက်မှ အပြစ်တွေပြေပျောက်သွားပြီး ယောက်ျားဘ၀ပြန်ရသွားတာ ။ရဟန်းဝတ်ပြီး ကမ္မဋ္ဌာန်းတရားအားထုတ်တော့ ရဟန္တာတောင်ဖြစ်သွားပါသတဲ့။ နောက်ရဟန်းငယ်တွေက ယောက်ျားဘ၀နဲ့ရတဲ့ သားသမီးနဲ့ မိန်းမဘ၀နဲ့ရတဲ့သားသမီး ဘယ်သူ့ကိုပိုချစ်သလဲလို့မေးကြတော့တောင် မိန်းမဘ၀ ၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ သားသမီးနှစ်ယောက်ကိုပိုချစ်တယ်လို့တောင် အဖြေပေးလိုက်ပါသတဲ့။ မိခင်မေတ္တာကပိုသာတာ သက်သေပေါ့လေ။ အဲဒီဝတ္ထုမှာ ဆန်းကြယ်တာက သောရေယျသူဋ္ဌေးသားဟာ ဖိုမျိုးမအောင်လို့ မိန်းမဘ၀ပြောင်းသွားတာမဟုတ်ဘူးနော် သားသမီးတောင်ရခဲ့သေးတာမဟုတ်လား ။ ဒီတော့ အခုခေတ်ဆေးသိပ္ပံကပြောဆိုယူဆနေတဲ့ ဖိုဟိုမုန်း မဟိုမုန်းသတ္တိက ခန္ဓကိုယ်သွေးသားထဲမှာ ရှိနေတယ်ဆိုတာ လက်ခံရမယ့်သဘောပဲ။
      http://tknn.org/index.php?topic=575.0;wap2
 Hermaphrodite ဆိုတဲ့ အကြောင်းကိုလေ့လာကြည့်လျှင်လည်း တစ်ဦးထဲ sex နှစ်မျိုးရှိနိုင်ကြောင်းနဲ့။ ယင်းကို ပိဋကစာပေများ၌ ဥဘတောဗျဉ္ဇန ဟု ခေါ်ဝေါပြီး မိန်းမဥဘတောဗျဉ်းသည် ကိုယ်တိုင်လည်းကိုယ်ဝန်ယူနိုင်သလို သူတစ်ပါးအားလည်းကိုယ်ဝန်ပေးနိုင်ကြောင်း တွေ့နိုင်ပါတယ် ဒါ့ကြောင့် ထိုကိုယ်ဝန်ဆောင်အမျိုးသမီးကိုယ်တိုင်ပင် ထိုကိုယ်ဝန်၏ဖခင်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
       နောက်ပြီး အဘိဓမ္မာသဘောအရကြည့်ပြန်ရင်လည်း ကိုယ်ဝန်တည်နိုင်တာက မိဘနှစ်ပါးတို့ သွားလာခြင်းကြောင့် မိခင်ဝမ်းမှာသာပဋိသန္ဓေတည်လာတဲ့ ဇလာဗုဇပဋိသန္ဓေတမျိုးထဲသာ မဟုတ်သေးပဲ အခြား အခြားသော ဆန်းကြယ်သည့်အကြောင်းအရာတွေရှိသေးတယ်ဆိုတာကို တွေ့ရပါတယ်။
          ဒီအကြောင်းတွေကို သိရှိနားလည်နိုင်စေဖို့ရန် ရှေးဦးစွာ ပဋိသန္ဓေအမျိုးအစားလေးမျိုးရှိကြောင်း သိရှိထားဖို့တော့လိုတယ်လေ
   မှန်ပါ ဆက်ရှင်းပြပါဦးဘုရား  
ပဋိသန္ဓေတည်ကြပုံက လေးမျိုးတောင်ရှိပါသတဲ့ ။ ယင်းတို့မှာ
၁။  ဂဗ္ဘသေယျက ပဋိသန္ဓေ= အမိဝမ်းတွင်း၌ကိန်းအောင်းပြီးမှ ဖွားမြင်ကြရသော လူ၊ဆင်၊မြင်း၊ခွေးစည့်ဇလာဗုဇသတ္တ၀ါမျိုး
၂။ ယင်းဂဗ္ဘာသေယျက ပဋိသန္ဓေအမျိုးစားကိုပင်လျှင်  မိခင်ဝမ်းတွင်း၌ ဥအဖြစ်သန္ဓေယူကာ ဥအဖြစ်ဖွားလာပြီး ယင်းဥမှ ဒုတိယမ္ပိထပ်မံပေါက်ဖွားကြရလို့ ဒွိဇ နှစ်ကြိမ်ဖွားများလို့ခေါ်တဲ့ ငှက် ၊မြွေ ၊ငါး ၊လိပ် စတဲ့ အဏ္ဍဇ သတ္တ၀ါမျိုး၊ 
၃။  အသံသေဒဇ ပဋိသန္ဓေ =အညှိကို စွဲ၍ ဖြစ်သော ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အအညစ်အကြေး၊ ပန်းမှိုက်ပုပ် ၊ ငါးပုပ် ၊ရေပုပ် မစင်ပုပ် စသည်တွင်ပေါက်ဖွားလာကြသော သတ္တ၀ါများ။
     ဇာတ်တော်လာ ပဒုမ၀တီမိဖုရားသည် ပဒုမ္မာကြာတိုက်၏ အညှိမှာကလပ်စည်းများဖြစ်ပွားကာ လူသားဖြစ်လာရတယ်လို့ဆိုပါတယ်။ သူမမှမွေးဖွားသော ပဒုမမင်းသားတစ်ယောက်သာ ကိုယ်ဝန်တည်ခဲ့ရ၍ ဂဗ္ဘသေယျက ပဋိသန္ဓေဖြစ်ပြီး အခြားသောသား(၄၉၉)ယောက်တို့ကား သံသေဓဇပဋိသန္ဓေ -ကိုယ်ဝန်အညစ်အကြေးမှဖြစ်ပေါ်လာကြတယ်လို့ ဆိုပါတယ်။
     ပေါက္ခရသာတိပုဏ္ဏားဆိုတာကတော့ ကဿပဘုရားရှင်လက်ထက်တော်အခါက ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်၍ မြတ်စွာဘုရားရှင်အား အလှုဒါနပြုကာ တရားတော်ကိုနားကြားခွင့်ရ၍ နတ်ပြည်လောကသို့ကပ်ရောက်ခဲ့ရပါသတဲ့။ အဲဒီနတ်သားက တဖန်လူ့ပြည်ပြန်လူဖြစ်မယ်လုပ်တော့  မိခင်ဝမ်းတွင်းပဋိသန္ဓေနေရသည်၏အဖြစ်ကို စက်ဆုပ်၍ ဟိမ၀န္တာအရပ် ရေအိုင်ကြီးအတွင်း ပဒုမ္မာကြာခြုံ၌ ပဋိသန္ဓေကိုယူခဲ့တယ်လို့ဆိုပါတယ်။     
          ထိုရေအိုင်နားမှာ သီတင်သုံးသော ရသေ့ကြီးတစ်ပါးကလည်း” ဒီပဒုမ္မာကြာကြီးဟာ အခြားကြာဖူးများနှင့်မတူ အလွန်ကြီးမားလှ၏ ပွင့်လာလျှင် ခူးယူအံ့ဟု မှတ်ထားလိုက်သတဲ့ ။သို့သော် ခုနစ်ရက်ပြည့်တာတောင် ပွင့်အာမလာ၍  ခူးယူမှပဲဟု ရေကန်တွင်းဆင်းချိုးလိုက်မှ ကြာဖူးကြီးကပွင့်လာပြီး  ရွှေရုပ်အဆင်းနှင့်တူသော ကလေးငယ်ကိုတွေ့လိုက်ရတယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။ 
       ၄။ဥပပတ်ပဋိသန္ဓေ =ဆိုတာကတော့   ၊ကာလကြာရှည်စွာ ပဋိသန္ဓေနေရခြင်းမရှိမူ၍ ကိုယ်ထင်ရှားဖြစ်ကြရသော ငရဲသား ၊ ပြိတ္တာ တိရစ္ဆာအချို့ ကမ္ဘာဦးကဗြဟ္မာ့ပြည်မှ ဖြစ်လာကြသည့် လူသားများသည် နှင့် နတ်ဗြဟ္မာများစသည် ပဋိသန္ဓေနေရခြင်းမရှိမူ၍ ချက်ခြင်းနောက်ဘ၀၌ ကိုယ်ထင်ရှားဖြစ်ကြရတာပါ။
      ကမ္ဘာပေါ်မှာရှိတဲ့ သတ္တ၀ါအားလုံးကို အထက်ကဆိုခဲ့သလို လေးမျိုးလေးစားခွဲခြားလိုက်လို့ရပါတယ် ။ သို့သော် ကမ္ဘာဦးအစက ဗြဟ္မာမှဖြစ်လာကြသော လူသားများသာ သြပပါတိက ပဋိသန္ဓေဖြင့်လူဖြစ်လာကြပြီး နောက်လူအများးကား ဂဗ္ဘသေယျကပဋိသန္ဓေနေခြင်းဖြင့်သာ လူဖြစ်လာကြရတယ်လို့လည်း ခွဲခြားမှတ်ထားဦးပေါ့။    ဟိုတလေကပဲ  ဆေးသိပ္ပံတွေ့ရှိချက်တစ်ခုမှာ ဖန်ပြွန်သန္ဓေသား စမ်းသပ်တီထွင်တာ အောင်မြင်သွားပြီလို့ ဖတ်လိုက်ရသေးတယ်လေ  ။ ဒါ့ကြောင့် မိခင်ဝမ်းမဟုတ်တဲ့နေရာတွေမှာလည်း ပဋိသန္ဓေဖြစ်လာနိုင်တယ်လို့ ဗုဒ္ဓဘာသာကျမ်းစာများက ဆိုထားတာကို ဆေးသိပ္ပံကလည်း အပြည့်အ၀ထောက်ခံတယ်လို့ ဆိုရမှာပဲ ။
http://www.mtalk.net.mm/index.php?option=com_content&view=article&id=1348:2009-11-20-06-28-28&catid=10:2009-07-24-20-51-31&Itemid=3
    ဒီတော့ လူသားတွေ သတ္တ၀ါတွေဖြစ်လာရာလမ်းကြောင်းသည် မိခင်ရဲ့ ၀မ်းကြာတိုက်တစ်ခုသာမဟုတ်ဘူးလို့လည်းမှတ်သားထားရမှာပေါ့ ။
      မှန်ပါဘုရား မှတ်သားဖွယ်ကောင်းလှပါတယ်။
………………………………………………………………………..
        နောက်ထပ်ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ချေတစ်ခုကတော့ ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလို  ၀ိဇ္ဇာဓိုရ်တစ်ယောက်ဟာ  သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်တွင်းက မိဖုရားကြီးထံလာပြီး အဓမ္မပြုကျင့်လေ့ရှိပါသတဲ့။မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။
       ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်ထားလိုက်ပါဆိုလို့  အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားလိုက်ပြီး  ၀ိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ဒီအမှတ်အသားအတိုင်း လိုက်လံရှာဖွေတော့မှ သုဿန်တခုမှာ သူတော်စင်ရသေ့အသွင်ဖြင့် တွေ့ရပါသတဲ့
http://www.facebook.com/notes/%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%BA%E1%80%9A%E1%80%B9/%E1%80%9D%E1%80%AD%E1%80%87%E1%81%B9%E1%80%AC%E1%80%93%E1%80%AD%E1%80%AF%E1%80%9B%E1%80%B9-%E1%80%B1%E1%80%87%E1%80%AC%E1%80%B9%E1%80%82%E1%80%BA%E1%80%AE-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81/182397135176363
         ဒီလိုအဖြစ်မျိုးတွေရှိခဲ့ဖူးတယ်ဆိုတော့        အပျိုစင် အမျိုးသမီးလေးတစ်ယောက်က အလိုလိုနေရင်း အလိုလိုဖြစ်လာပြီဆိုရင်တော့ သူမအပေါ်တစ်စုံတစ်ယောက်က ကျူးလွန်လိုက်တာကို ရေငုံနှုတ်ပိတ်နေခဲ့ရာကနေ ပြဿနာဖြစ်လာတာလဲ ဖြစ်နိုင်တယ်။
       ဒါမှမဟုတ် ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်ထဲက မိဖုရားကြီးလို ဘာမှမသိလိုက်ရပဲ ၀ိဇ္ဇဓိုရ်တစ်ဦးဦးကလာရောက် နေထိုင်သွားလို့ လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။
        ရာသီပန်းလည်းပွင့်ပြီးစ တပ်မက်သော ဆန္ဓရာဂပြင်းပြနေစဉ်  ဥဒါယီရဟန်းရဲ့ ဇနီးဟောင်းကဲ့သို့ သုက်နှင့်တကွသော အ၀တ်ပုဆိုးကို မိမိကိုယ်တွင်း သွင်းမိခြင်း၊  ဣသိသိင်္ဂရသေ့လေးရဲ့ မိခင်သမင်မတို့ကဲ့သို့ သုက်ကိုသောက်သုံးလိုက်မိခြင်း ၊ အခြားယောက်ျားတစ်ယောက်ယောက်က ကိုင်တွယ်သုံးသပ်ခြင်းကြောင့် ပါရိကာတို့ ဒိဋ္ဌမင်္ဂလိကာ၊ စဏ္ဍပဇ္ဇောတမင်းရဲ့ မယ်တော်တို့ကဲ့သို့ သွေးသွားလှူပ်ရှားပြီး ပဋိသန္ဓေရသွားတာလည်းဖြစ်နိုင်တယ်။
       လူဖြူမိသားစုအတွင်း လူမည်းလေးမွေးဖွားလာတဲ့အဖြစ်ကဲ့သို့ ယောက်ျားတစ်ယောက်ယောက်ကို စူးစူးစိုက်စိုက် ကြည့်ရှူမိခြင်း ၊ အသံကိုသာယာခြင်း စသည်ဖြင့် အပျိုစင်သည်လည်း ပဋိသန္ဓေခကာ သူ့ဖာသာသူ ကလေးရနိုင်ကြောင်း ကောက်ချက်ချရမှာဖြစ်ပါတယ်။
      အကြောင်းရှာမရသည်နှင့် မိမိမသိလိုက်ရပဲ ကိုယ်လေးလက်ဝန်ရှိလာသည်နှင့် ဘုရားကပေးသောသားဟု ထင်မှတ်သွားမိခြင်းကား အဖြစ်မှန်ကို မသိလို့သာဖြစ်ရမယ်လို့ ဦးဇင်းကတော့ ယူဆပါတယ်။
        ဒီလိုအကျယ်တ၀ံ့ရှင်းလင်းပြောပြပေးလိုက်တော့မှ “မှန်ပါဘုရား အခုမှပဲ အပျိုစင်တစ်ယောက်ကနေ သံဝသပြုခြင်းမှတစ်ပါး အခြားနည်းလမ်းများစွာကနေ ကိုယ်ဝန်ရလာနိုင်တာတွေ။ ဇာတ်တော်လာ လက်တော်ကိုချက်တော်နှင့်ရစ်ယုံနှင့် ကိုယ်ဝန်ရသွားတယ်ဆိုတာတွေ ၊ပဒုမ၀တီတို့ ကြာရုံထဲမှာ ပဋိသန္ဓေတည်တာတွေ။ လူသားအမျိုးသမီးကနေ သားငါးရာတောင်တစ်ခါတည်းဖွားလိုက်တယ်ဆိုတာတွေ အားလုံးရှင်းလင်းစွာသိလိုက်ရပါတယ်ဘုရား ၊
      ဒါဆို ရှင်သီဝလိမထေရ်နဲ့ ရှင်ဥပဂုတ်မထေရ်ကရောဘုရား။ ”
“ရှင်သီဝလိအလောင်းသားငယ်နဲ့ သူ့မယ်တော် သီဝလိဟာ မီးမဖွားနိုင်ပဲ ၀မ်းထဲခုနစ်နှစ်နေခဲ့ရတာကလွဲရင် လူသာမန်မိဘနှစ်ပါးမှပေါက်ဖွားလာတာပါ ဘုရားပေးတဲ့သားတော်မဟုတ်ပါဘူးဗျာ ။
      သို့သော် မီးဖွားရခက်နေစဉ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “သုပ္ပ၀ါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။ ရောဂါမရှိ ပကတိချမ်းသာလျက်
ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု
မေတ္တာဓာတ် ပို့လွှတ်တော်မူလိုက်လို့ ဘုရားရှင်ကြောင့်လွယ်ကူစွာဖွားရတာပါ။ ဒါကိုရည်ရွယ်ပြီး ဘုရားပေးတဲ့သားတော်လို့ ဆိုလိုချင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
    ( http://www.alivenotdead.com/kkwinmoe/--profile-914191.html )
အရှင်ဥပဂုတ္တအကြောင်းအရာအတ္ထုပ္ပတ်နဲ့ပတ်သက်လို့ကတော့ ထေရ၀ါဒကျမ်းဂန်ပါဠိအဋ္ဌကထာများမှာမလာပါဘူး ။  
           ဒါနဲ့ စကားစပ်လို့ပြောရဦးမယ် မန်လည်ဆရာတော်(ဘုရားကြီးဦဇဝနအေဒီ၁၈၄၁-၁၉၁၉) ထံသို့  သီလရှင် မဓမ္မေသီက
         သေလေးပါးရှင်လေးပါး  ယနေ့ ထိ ထင်ရှားရှိနေခြင်းဆိုသောစကား မှန် မမှန်မေးလျှောက်ရာ  မန်လည်ဆရာတော်ဘုရားကြီးက
 “ အိမ်းသေလေးပါးရှင်လေးပါဆိုတာ ကြားရုံ ပဲ ကြားဖူးသေးသကွဲ့ ၊ သေသေခြာခြာ မလေ့ လာဖူးသေးဘူး။  မလေ့ လာဖူးသေးတော့အတိအကျ မပြောနိုင်ဘူး ဟု မိန့် တော် မူ လိုက်ပါသတဲ့ ၊
      ဒါတောင် သီလရှင်ဆရာလေးကလည်းဇွဲကြီးကြီးနဲ့  မန် လည်ဆရာတော် ထံ နောက် တပ် တစ်ကြိမ်ထပ်ပြီး မေးမြန်းလျှောက်ထားပြန်ရာ၊
         မန် လည်ဆရာတော်ကြီးက
 ဟဲ့ ဓမ္မေသီ၊သေလေးပါးရှင်လေးပါးအကြောင်းခဏခဏလျှောက် ထားရတာကဘာဖြစ် လို့  လဲ။
 “သိချင်လို့ ပါဘုရား'
“ဒီလောက်သိချင်ရတာ သေလေးပါးရှင်လေးပါးထဲနှင့်  လင်ဘယ်နှစ်ယောက်ပါနေလို့လဲ” ဟု
  ဆိုလိုက်မှ ဆက်မမေးလျှောက်ဝံ့တော့ဘဲဆရာတော်ကြီးအနီးမှ ထွက်ခွာခဲ့ရတယ်လို့ဆိုပါတယ်။
     ကဲဒီတော့ ရှင်ဥပဂုတ်အကြောင်းမေးလာတဲ့ ခရစ်ယာန်သူငယ်ချင်းကိုလည်း ဒီမာန်လည်ဆရာတော်ကြီးမိန့်တဲ့အတိုင်းသာ ဖောက်သည်ချလိုက်ပေတော့။
      ဟဲဟဲ ဦးဇင်းကလည်း နောက်တတ်သားပဲ။ တပည့်တော်လည်း သံသယအားလုံး ရှင်းသွားပါပြီဘုရား ။ ဒီအကြောင်းအပြည့်အစုံကို သူငယ်ချင်းနဲ့တွေ့မှ ပြန်ရှင်းပြလိုက်မယ်ဘုရား ။တပည့်တော်မကိုလည်း ခွင့်ပြုပါဦးဘုရား ။
        အေးဗျာ သာဓု သာဓု သာဓု။
                                           ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းးသာကြပါစေ
                                                       (….လင်္ကာအရှင်….)
                                by လင်္ကာ အရှင် on Wednesday, March 7, 2012 at 9:27am ·
1 comment:
  1. မာတင်္ဂ နှင့် ဒိဋ္ဌမင်္ဂလိကာ ဇာတ်တော်ကိုဖတ်ရှုရန် http://www.bbfse.org/2011-07-03-martaga%20o%20dateteemagalekar.html
    ReplyDelete
Blog Archive
တရားဓမ္မများ နားကြားရန်
Music
Good Bye ..