တခါက သေနက မည်သောမင်းတစ်ပါးသည် နဂါးမင်းအား အသက်ဘေးမှကယ်တင်ခဲ့ သောကြောင့် ကျေးဇူးဆပ်သည့်အနေဖြင့် တိရစ္ဆာန်ုတို့၏ ဘာသာစကားကိုနားလည်နိုင်သော သဗ္ဗရုတညု မန္တာန်ကို သင်ပေးခဲ့လေသည်။ သို့သော် အခြားသူများကို သင်မပေးရ၊ သင်ပေးမိလျှင် မီးပုံတွင်းသို့ ဆင်း၍ သေပါမည်ဟူသော ၀န်ခံကတိတခုကိုလည်း ပေးလိုက်ရလေသည်။
တခါသော် ပျားရည် တင်လမုန့်တို့ဖြင့် ပွဲတော်တည်နေစဉ် ပျားရည်တစ်စက်၊ တင်လဲတစ်စက်နှင့် မုန့်ပိုင်းတစ်ခုအောက်သို့ ဖိတ်ကျသွားသည်။ ထိုမုန့်ပိုင်းကို မြင်တွေ့သွားသော ပုရွက်ဆိတ်တစ်ကောင်က ပျားရည်အိုးကြီးကွဲသွားပြီဟေ့၊ တင်လဲလှည်းနှင့် မုန့်လှည်းကြီးလည်းမှောက်သွားပြီ။ ပျားတင်လဲနှင့်မုန့်တွေစားကြရအောင်လာကြဟေ့ ဟု အခြားမျိုးတူသတ္တ၀ါများကို အော်ဟစ်ခေါ်လေသည်။ ထိုစကားသံကိုကြားသောအခါ ပျားတစ်စက်ကို တစ်အိုးထင်မှတ်နေသော၊ တင်လဲတစ်စက်နှင့် မုန့်တစ်ပိုင်းကို လည်းတစ်လှည်းဟုထင်မှတ်နေကြသော သတ္တ၀ါငယ်လေးများအကြောင်း တွေးကာ ပြုံးရယ်မိလေသည်။ အနီးရှိ မိဖုရားကြီးက ဘာကိုရယ်နေပါလိမ့်ဟုတွေးမိလေသည်။ အနီးရှိမိဖုရားကြီးမှာ မင်းကြီးရယ်ရခြင်း၏အကြောင်းကို တွေးတောမရဖြစ်နေလေသည်။
တစ်ဖန်မင်းကြိးရေချိုးအပြီး ပလ္လင်ပေါ်၌ ထိုင်နေစဉ် ယင်ဖိုကယင်မတစ်ကောင်အား ကာမဖြင့် မွှေ့လျော်ရန်ခေါ်ရာ ယင်မက ခဏနေပါဥိး မကြာမီ မင်းကြီးအတွက်နံသာခွက်လာပို့လိမ့်မည်၊ အောက်သို့ဖိတ်ကျသော နံ့သာမှုန့်များကိုလိမ်းကျံပြီးမှ မင်းကြီး၏ကျောက်ကုန်းပေါ်တွင် မွှေ့လျော်ကြပါစို့ဟု ပြောလိုက်သံကိုကြားလိုက်ရာ မင်းးကြီးရယ်မိပြန်လေသည်။
ထိုနေ့ည မင်းကြီးညစာစားသုံးစဉ်မှာလည်း ထမင်းတစ်လုံး ဖိတ်ကျသွားသည်ကိုတွေ့သွားသော ပိုးရွပုရွက်ဆိတ်တစ်ကောင်က ထမင်းလှည်းကြီးမှောက်သွားပြီဟေ့ လာစားကြဟု အော်လိုက်ရာ မင်းကြိးလည်း ပြုံးမိပြန်လေသည်။ ထိုအချင်းအရာကိုမြင်ရသော မိဖုရားကြီးက ထမင်းပွဲပြင်ပေးနေသော မိမိအားရယ်လေသလောဟု သံသယဖြစ်မိလေသည်။ သုံးကြိမ်တိုင်တိုင် စိတ်ထဲမှာသံသယဖြစ်ခဲ့ရသော မင်းကြီးရယ်ရခြင်းအကြောင်းကို မေးရာ မင်းကြီးလည်းမန္တာန်ရရှိပုံမှစ၍ အကြောင်းစုံကိုပြောပြလိုက်လေသည်။ မိဖုရားကြီးလည်း ထိုတိရစ္ဆာန်တို့စကားကို နားလည်သောမန္တာန်ကို သင်ပေးပါရန်ပူဆာလေတော့သည်။ မင်းကြီးက အခြားသူကိုသင်ပေး၍မဖြစ်ကြောင်း၊ သင်ပေးမိပါက မီးပုံတွင်းသို့ ခုန်ဆင်းသေပွဲဝင်ရမည်ဖြစ်ကြောင်း ရှင်းပြပါသော်လည်း သင်ပေးပါရန်သာအကြိမ်ကြမ်ပူဆာလေတော့သည်။ နောက်ဆုံးမင်းကြီးလည်း မိန်းမအလိုသို့လိုက်ကာ မန္တာန်ကိုသင်ပေးမည်ဟု ကတိပေးလိုက်လေသည်။ ထို့နောက်မီးပုံတွင်းသို့ တစ်ခါတည်းခုန်ဆင်းသေရန်လည်း ဥယျာဉ်ထဲသို့ ရထားလုံးဖြင့် ထွက်လာခဲ့လေသည်။
ထိုအကြောင်းစုံကိုတွေ့မြင်ရသောသိကြားမင်းက မင်းကိုအသက်ဘေးမှကယ်တင်ရန် ရထားလုံးရှေ့၌ သူဇာကိုဆိတ်မအသွင်ဖန်ဆင်းစေ၍ မိမိကဆိတ်ဖိုအသွင်ဖြင့် ဖိုမစပ်ယှက်ဟန် ဖန်းဆင်းပြလေသည်။ ထိုအခြင်းအရာကိုမြင်ရသော သိန္ဓောမြင်းက ဆိတ်တို့အရှက်မဲ့ပုံကို အရင်က ပြောသံသာကြားဖူးခဲ့သည်။ ယခုကိုယ်တွေ့မြင်ရပေပြီဟု ပြောလိုက်ရာ ဆိတ်ဖိုက “အဆွေသိန္ဓောမြင်း သင်သည်ကျွန်ုပ်ထက်မိုက်မဲသူသာဖြစ်သည် ရထားမှလွတ်သော်လည်းမပြေး၊ သင့်ထက်များစွာမိုက်လုံးကြီးသော သေနကမင်းကိုဆောင်ယူနေသူ ဖြစ်သည်ဟု ပြန်လှန်ပြောဆိုလိုက်လေသည်။
ထိုစကားကိုနားရှုပ်သွားသော သိန္ဓောမြင်းက ငါသည်တိရစ္ဆာန်ဖြစ်၍ မိုက်သည်ကားထားဘိဦးလော့။ သနကမင်းကြီးကို အဘယ့်ကြောင့် မိုက်သည်ဟု ဆိုရသနည်းဟုမေးရာ မင်းကြီးသည် သဗ္ဗရုတညုမန္တာန်ကို ပိုင်ဆိုင်ခဲ့သော်လည်း မိန်းမအလိုသို့ လိုက်မိသောကြောင့် ထိုမန္တာန်ကြောင့်ပင် သေပွဲဝင်ရပေးလိမ့်မည်ဟု ပြောဆိုလိုက်လေသည်။ ထိုအခါ မင်းကြီးက ယခုငါသည်မည်သို့ပြုသင့်ပါသနည်းဟု မေးလိုက်ရာ ဆိတ်ဖိုက
“မင်းကြီး လောက၌ မိမိထက်ချစ်မြတ်နိုးအပ်သောသူမည်သည်မရှိပါ၊ မိမိချစ်မြတ်နိုးသူအတွက် မိမိ၏အသက်နှင့် စည်းစိမ်ဥစ္စာကိုမစွန့်လွှတ်သင့်ပေ”ဟု ပြောပြကာမိမိမှာ သိကြားမင်းဖြစ်ကြောင်းနှင့် မင်းကြီးအသက်ကိုကယ်တင်လို၍ လာခဲ့ရကြောင်းရှင်းပြလေသည်။ ထိုအခါမင်းကြီးက မိမိမှာမိဖုရားကြီးအားကတိပေးပြီးသားဖြစ်၍ မည်သို့ပြုလုပ်သင့်ကြောင်း အကြံညာဏ်တောင်းလေရာ မိဖုရားကြီးကိုဥယျာဉ်တော်သို့ခေါ်၍ မန္တာန်ကိုသင်လိုပါက မန္တာန်ကိုပူဇော်ရမည်ဖြစ်ကြောင်း၊ ကျောက်ကုန်း၌ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံပြီးအသံတစ်ချက်မျှ မထွက်မှသင်ပေးနိုင်မည်ဟု တောင်းဆိုရန်ပြောပြလေသည် မင်းကြီးလည်းသိကြားမင်းအစီမံတိုင်းလုပ်ရာ မိဖုရားကြီးကမန္တာန်ကို လိုချင်လွန်းသောကြောင့် အရိုက်ခံပါမည်ဆိုသော်လည်း နှစ်ချက်သုံးချက်မျှသာအောင့်အီးသည်းခံပြီး နောက်ဆုံး၌ မန္တာန်ကိုမလိုချင်တော့ပါဟု လက်လျှော့သွားသောကြောင်း သေနကမင်းကြီးလည်း မန္တာန်ကိုသင်မပေးရတော့ပဲ အသက်ဘေးကပါ လွတ်မြောက်ခဲ့ရလေသည်။
(ခရပုတ္တ ဇာတ်)
No comments:
Post a Comment