Friday, March 23, 2012

မြင်းအလုပ် မြင်းလုပ်ပါ

      ကျွန်ုပ်ကိုရင်ဘ၀ စာသင်တိုက်နေစဉ်က  မနက်ခင်းတိုင်းမှာဝေယျာဝစ္စလုပ်ကြဖို့ဆရာတော်မှ အသီးသီး တာဝန်တွေခွဲပေးထားပြီးဖြစ်ပါတယ် အမှိုက်လှည်းတာဝန်ကျသူကလှဲကျင်းပြီး ကျုံးပြီးပစ်ရမယ့်သူကပစ်ရပါတယ်  ။နောက်သောက်ရေဖြည့်သူ သောက်ရေခွက်တိုက်ချွတ်ဆေးကြောသူစသည်ဖြင့်ပေါ့ ။ ဒါပေမယ့် အမှိုက်ကျုံးတာဝန်ကျသောကိုရင်များမှာ အမှိုက်လှည်းနေစဉ်အချိန်ပိုတွေရပြီးဆော့ချိန်ရတော့ အဖွဲ့လည်းကျပြီး လူစုစုနဲ့ပျော်စရာပေါ့ ဒါကိုသောက်ရေခွက်တစ်ယောက်ထဲတိုက်ချွတ်ဆေးကြောတာဝန်ကျတဲ့ကိုရင်ပဏ္ဍိမှာတော့ တစ်ယောက်ထဲပျင်းနေပြီး ခွက်မတိုက်ပဲ အမှိုက်ကျုံးတဲ့အဖွဲ့နဲ့လေသွားပေါနေတယ်လေ ။။အဲဒါကိုဆရာတော်ကမြင်တော့ ဟဲ့ ကိုရင်ပဏ္ဍိ နင့်အလုပ်ကပြီးလို့လားလို့မေးတော့ သူလည်းကြံရာမရ ဒီနေ့ရေခွက်တွေပြောင်နေလို့ တပည့်တော်သူတို့နဲ့အမှိုက်ကူကျုံးနေတာဘုရားလို့လျှောက်လိုက်တာပေါ့။
     ညဘုရားဝတ်တက်ချိန်ပြီးတိုင်းလည်း ဆရာတော်ကပုံပြင်လေးတွေ စကားပုံလေးတွေနဲ့ တပည့်သံဃာများကိုသြ၀ါဒပေးဆုံးမလေ့ရှိတယ် ။အဲဒီညမှာတော့ အခြားသံဃာများလည်းဗဟုသုတရအောင် အပျင်းကြီးတဲ့ ကိုရင်ပဏ္ဍိလည်း အလုပ်ကိုလေးစားအောင်ပုံပြင်လေးနဲ့ဆုံးမစကားမိန့်ကြားတော်မူခဲ့ပါတယ်။
   ‘ဟဲ့ ကိုရင်ပဏ္ဍိ” မြင်းအလုပ်မြင်းလုပ်ပါ မြင်းအလုပ်မြင်းမလုပ်ပဲ ခွေးအလုပ်ဝင်ရှုပ်ရင် ၀ါးရင်းဒုတ်နဲ့ နရင်း(နားရင်း)အုပ်ခံရတတ်တယ်”ဆိုတဲ့ စကားပုံ ကြားဖူးလားဗျား ၊
          ‘မကြားဖူးပါဘုရား’
   ‘ အေးဗျာ မကြားဖူးသေးရင်လည်းပြောပြရသေးတာပေါ့ တခါက လယ်သမားကြီးတစ်ယောက်မှာ ကုန်တွေသယ်ဖို့ မြင်းတစ်ကောင်လည်းဝယ်ထားသတဲ့ကွဲ့ ညအချိန်မှာ အိမ်လုံခြုံရေးလည်းရအောင်ဆိုပြီး ခွေးတစ်ကောင်လည်းမွေးထားတာပေါ့ ၊  မြင်းကတော့ နေ့စဉ်ကုန်စည်တွေသယ်ရတိုက်ရနဲ့ နားရတယ်ကိုမရှိဘူးတဲ့လေ ဒါပေမယ့် ခွေးငပျင်းကတော့ စားပြီးအိပ် အိပ်ပြီးစားနဲ့ ညအချိန်ဆိုလည်း တခါမှနိုးနိုးကြားကြားမရှိဘူးတဲ့လေ ၊
      ဒါနဲ့မြင်းကနေ ခွေးကိုသတိပေးတာပေါ့ ၊ ဟေ့ကောင် မင်းကတော့လေ စားလိုက်အိပ်လိုက်နဲ့ ကိုယ့်ထမင်းရှင်အသက်သခင့်အိမ်ကို လုံခြုံအောင်စောင့်ရှောက်မယ်မကြံဘူး နဲနဲပါးပါးတော့သတိဝီရိယနဲ့နေမှပေါ့ကွ သူတို့ပစ္စည်းဥစ္စာလုံခြုံမှလည်း မင်းနေ့တိုင်းစားနိုင်သောက်နိုင်မှာပေါ့ ဘာညာနဲ့ပေါ့။ ဒီတော့ခွေးက ကိုယ်နဲ့မဆိုင်တာ အသာနေစမ်းပါဗျာ သူခိုးလာလို့ထဟောင်တာအရေးမကြီးဘူး သူခိုးကဒုတ်နဲ့ပစ်လို့ ကိုယ်အရင်ကိစ္စချောနေဦးမယ်လို့ ပြန်ပြောပြီး အရင်လို အိပ်မြဲအိပ်နေသတဲ့လေ။
          တစ်ညမှာတော့ အိမ်ရှင်တွေအိပ်မောကျနေတုန်း သူခိုးတစ်ယောက်က ၀င်းထရံကျော်ဝင်လာတာကိုမြင်းကမြင်လိုက်သတဲ့ ဒါကိုခွေးကိုဟောင်ဖို့အချက်ပေးလိုက်တာတောင် ခွေးကတုတ်တုတ်မှုမလှုပ်ပဲ အိပ်ပျော်နေသတဲ့ ဒါနဲ့ မြင်းကငါမကယ်ရင်တော့ အိမ်ရှင့်ပစ္စည်းတွေပြောင်တော့မှာပဲဆိုပြီး မြင်းတင်းကုပ်ဘေးကအိမ်နံရံကိုခွာနဲ့တစ်ဘုန်းဘုန်းပေါက်လိုက်တာပေါ့ သူခိုးလည်းမြင်းကြီးလှုပ်လှုပ်ရှားရှားဖြစ်သွားလို့ အသာပုန်းကွယ်နေလိုက်ရတယ် ၊ အိမ်ရှင်လယ်သမားကြီးလည်း နိုးလာလို့ မြင်းတင်းကုပ်ကမြင်းကြီးမညိမ်တာထူးဆန်းတယ် မြွေလာကင်းလားလို့ ဓာတ်မီးတစ်လက်နဲ့လှည့်ပတ်ကြည့်ပေမယ့် ဘာမှမတွေ့ရလို့ အိမ်ထဲပြန်ဝင်သွားတာပေါ့။ သူခိုးကလည်းဇွဲကောင်းကောင်းနဲ့စောင့်နေပြီး အိမ်ရှင်တွေပြန်လည်အိပ်မောကျလောက်တော့မှ ထပ်ပြီး အိမ်တွင်းဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားပြန်တာပေါ့ ။မြင်းကြီးလည်းဒီတစ်ခါထပ်ပြီး အချက်ပေးလိုက်ပြန်တယ် ။ဒီတော့အိမ်ရှင်လည်း ထလာပြီးကြည့်ရပြန်တာပေါ့ ဘာမှရှာမတွေ့တော့မှ ‘ဟာ ဒီမြင်းနှယ်ဘာအရူးထတာပါလိမ့်အိပ်ရေးပျက်လိုက်တာနော် ‘ဆိုပြီး အိမ်ထဲပြန်ဝင်သွားပြန်သတဲ့လေ ၊ သူခိုးလည်းအိမ်ရှင်တွေပြန်လည်အိပ်ပျော်လောက်တော့မှ ပြန်လည်ကြိုးစားပြန်တော့ မြင်းကြီးလည်း ဟာ ဟိုခွေးကလည်းဘာမှအားမကိုးရဘူး အိမ်ရှင်ကိုထပ်နှိုးဦးမှပဲဆိုပြီး အိမ်နံရံကိုခွါနဲ့ထပ်ပေါက်တဲ့အခါမှာတော့ အိမ်ရှင်လည်းဒေါသတကြီးထွက်လာပြီး ဒီမြင်းတော့ တစ်ညလုံးအိပ်ရေးပျက်အောင်လုပ်တာ သေပေတော့ဆိုပြီး ၀ါးရင်းတုတ်နဲ့ နရင်းကိုအုပ်ထည့်လိုက်သတဲ့ဗျား ။ အဲဒီကစပြီး မြင်းအလုပ်မြင်းလုပ်ပါ မြင်းအလုပ်မြင်းမလုပ်ပဲ ခွေးအလုပ်သွားရှုပ်ရင် ၀ါးရင်းဒုတ်နဲ့ နရင်းအုပ်ခံရတတ်တယ် ‘ဆိုတဲ့စကားပုံလည်းပေါ်လာသတဲ့ဗျာ ‘
     ကဲမောင်ပဏ္ဍိလည်း ကိုယ့်အတွက်တာဝန်ပေးထားတဲ့ သောက်ရေခွက်တိုက်တာမလုပ်ပဲ သူများအမှိုက်ကျုံးတဲ့နားယောင်တောင်တောင်သွားလုပ်ရင်တော့ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့မြင်းကြီးလို ၀ါးရင်းဒုတ်နဲ့ နရင်းအုပ်ရလိမ့်မဗျား။
    တပည့်တော်နောက်ရက်ကစပြီး သောက်ရေခွက်ပဲတိုက်ပါတော့မယ်ဘုရား ၀ါးရင်းဒုတ်နဲ့ နားရင်းအုပ်ခံရမှာကြောက်တယ်ဘုရား လို့ ပလီပလာပြန်လည်လျှောက်တတ်တဲ့ကိုရင်ငယ်မောင်ပဏ္ဍိစကားကိုကြားကြတဲ့ သံဃာများလည်း တသောသောရယ်မောကြရပါတော့တယ်။
                       by လင်္ကာ အရှင် on Tuesday, December 13, 2011 at 11:29am ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..