Friday, March 23, 2012

ပြည်ကြီးကိုပင် စွန့်ခဲ့ပြီးကာမှ ဆားလေးတစ်ထုတ်အပေါ်သံယောဇဉ်ငြိနေမိသော ရသေ့ကြီး


ဂန္ဓာရတိုင်းကိုအုပ်ချုပ်သော ဂန္ဓာရမင်းနှင့် ၀ိဒေဟတိုင်းကိုအုပ်ချုပ်သော ၀ိဒေဟမင်းတို့သည် အချင်းချင်း မြင်တွေ့ဖူးခြင်းမရှိသော်လည်း အဆွေခင်ပွန်းများဖြစ်နေကြသည်။ ဂန္ဓာရမင်းသည် လပြည့်ညတစ်ည လကိုရာဟုဖမ်းသည်ကိုမြင်တွေ့ရ၍  “ဤလသည် အာဂန္တုကဖြစ်သော အညစ်အကြေးကြောင့် အရောင်ဝါများညှိုးမှိန်ညစ်နွမ်းသွားရသည်။ ငါ့တွင်ရှိသော ဤမင်းပရိတ်သတ်သည်လည်း အညစ်အကြေးပင်ဖြစ်သည်။ ထိုအညစ်ကြေးများကိုစွန့်ခွါ၍ ရဟန်းပြုတော့အံ့” ဟုအတွေးဝင်ကာ မူးမတ်များအား ထီးနန်းလွှဲအပ်ပြီး ရသေ့ပြုလျှက်ဟိမ၀န္တာသို့ ၀င်လာခဲ့သည်။ မကြာမီပင် ဈာန်အဘိညာဉ်နှင့် ပြည့်စုံသော ရသေ့တစ်ပါးဖြစ်လာခဲ့လေသည် ။

ဤသတင်းကိုကြားလိုက်ရသော ၀ိဒေဟမင်းသည်လည်း ၀ိဒေဟတိုင်းနှင့် မိထိလာပြည်ကြီးကိုစွန့်လွှတ်ကာ အတုလိုက်၍ရသေ့ဝတ်ကာ ဟိမ၀န္တာသို့ဝင်ခဲ့လေသည်။ နောင်အခါ ရသေ့နှစ်ဦးဆုံမိကြပြီး အတူတစ်ကွနေထိုင်သီတင်းသုံးကြလေသည်။
တစ်ခုသောလပြည့်ည၌ လကိုရာဟုဖမ်းရာ ဂန္ဓာရရသေ့သည မိမိ၏အတွေးဟောင်းကို အမှတ်ရပြီး ၀ိဒေဟရသေ့အား ပြောပြလေ၏။ ထိုအခါကျမှ ၀ိဒေဟမင်းက ဆရာသည် ဂန္ဓာရမင်းလောဟုမေးရာမှ ဟုတ်မှန်ကြောင်းပြောပြ၍ ဆရာတပည့်နှစ်ဦးတို့ မင်းနှစ်ပါးဖြစ်ကြကြောင်း သိကြရလေသည်။
ထိုရသေ့နှစ်ပါးတို့သည် ချဉ်/နှင့် ဆားကို ဆေးအဖြစ်မှီဝဲရန် ဟိမ၀န္တာမှထွက်ခဲ့ကြရာ နယ်စွန်ရွာငယ်လေးတစ်ရွာသို့ ရောက်ရှိလာခဲ့ကြလေသည်။ တခါတရံ ရွာသားများသည် ဆားမပါသည့် ဟင်းကိုလှုတတ်ကြသဖြင့် ဆားခပ်များများရလာခဲ့သော ၀ိဒေဟရသေ့သည် ပိုလျှံသောဆားအနည်းငယ်ကို ဖက်ရွက်နှင့်ထုတ်ပြီး သက်ငယ်အမိုးကြားတွင် ညှပ်ထားလိုက်လေသည်။ ဆားမပါသောဟင်းကို ရလာသောတစ်နေ့၌ ၀ိဒေဟရသေ့က မိမိသိမ်းဆည်းထားသောအမိုးကြားမှ ဆားထုတ်ကလေးကိုထုတ်ယူ၍ ဆရာရသေ့အားပေးလေ၏။ ဆရာဂန္ဓာရရသေ့ကြီးက ယနေ့လူတို့ ဆားမလှုကြပဲ မည်သည့်နေရာမှရရှိပါသနည်းဟုမေးမြန်းရာ ၀ိဒေဟရသေ့က အသုံးလိုကရအောင် အမိုးကြားမှာ ဖက်ရွက်နှင့်ထုတ်၍ သိမ်းဆည်းထားခဲ့ကြောင်း ပြောတော့  “ အချည်းနှီးဖြစ်သောယောက်ျား သင်သင် ယူဇနာသုံးရာရှိသော ဝိဒေဟတိုင်းကြီးကိုစွန့်၍ ရဟန်းပြုလာသူဖြစ်ပါလျှက် ယ္ခုဤဆားလေးတစ်ပွင့်နှစ်ပွင့် ကိုမှ တပ်စွန်းနေဘိ၏” ဟုဆုံးမစကားဆိုလေသည် ။
ဝိဒေဟရသေ့ကလည်း “ဆရာသည် သူတစ်ပါးကိုမဆုံးမလိုဟု ဂန္ဓာရတိုင်းကို စွန့်ခွါရဟန်းပြုလာပါလျှက် ဤတောထဲရောက်ခါမှ အဘယ့်ကြောင့် ကျွန်ုပ်ကိုဆုံးမချင်နေပါသနည်း” ဟု ပြန်လည်ပြောဆိုလိုက်သည်။
ထိုအခါ ဂန္ဓာရရသေ့ကြီးက
“၀ိဒေဟ…. လူတို့သည်
ကိုယ်တိုင်သော်လည်း ပညာရှိဖြစ်ရမည်၊
သို့မဟုတ် ဆုံးမတတ်သော ပညာရှိကိုသော်လည်း ဆည်းကပ်နေထိုင်ရမည်၊
သို့တည်းမဟုတ် ကိုယ်ကျင့်တရားကောင်းမွန်သော သူလည်းဖြစ်ရမည်၊ ဤသုံးချက်တွင်တစ်ချက်မှမရှိသူသည် ကျွဲကန်းကြီးနှင့်မည်သို့မှ ခြားနားလိမ့်မည်မဟုတ်” ဟု ဆိုလေ၏။
ထိုအခါကျမှ ၀ိဒေဟရသေ့လည်း မိမိအမှားကိုမြင်သွားကာ တောင်းပန်စကားဆိုပြီး ဂန္ဓာရရသေ့ကို လည်းရှိခိုးကန်တော့လေ၏။
                          (ဂန္ဓာရဇာတ်)                                                       
by လင်္ကာ အရှင် on Thursday, November 10, 2011 at 9:54pm

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..