Friday, March 23, 2012

အတွေးစလေးများ

      ကျွန်ုပ်အိန္ဒိယသို့ ရောက်သွားသောအခါ သူတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာများမှာ အရသာကင်းမဲ့၍ အလွန်ကြမ်းတမ်းသောကြောင့် လုံးဝမစားနိုင်ဖြစ်ခဲ့ရတယ်၊ နောက်သီရိလင်္ကာရောက်ပြန်တော့ သူတို့ traditional food ကလည်း အိန္ဒိယလောက်မဆိုးပေမယ့် အရသာတော့မရှိဘူး ငါးပိ ပုဇွန် ငံပြာရည်စတဲ့ မြန်မာ့ဟင်းလျာများမှာပါနေကြ အရသာများမပါ၍ ခံတွင်းမတွေ့ဖြစ်နေခဲ့ပြန်ပါတယ် ။ 
    နောက်အနေနဲနဲကြာလာတော့မှ စားနိုင်သွားတယ်၊ သေချာစဉ်းစားကြည့်တော့မှ သြော် ငါလည်းရရာအစားအသောက်နဲ့မတင်းတိမ်နိုင်ပဲ အဟာရ ရသနောက်ကို လိုက်မှန်းမသိ လိုက်နေမိပါပကောလို့ မြင်လာမိတယ်။ ဓမ္မပဒအဋ္ဌကထာမှာပါတဲ့  နကိရတ္ထိ ရသေဟိ ပါပိယော အာဝါသေဟိ ၀ါ ဗန္ဓဝေဟိ ၀ါ ဆိုတဲ့ဂါထာပါဒလေးကိုလည်းသွားသတိရမိတယ်။
   အဓိပ္ပါယ်ကတော့ အရသာကိုစွဲလမ်းတတ်မက်တဲ့ ရသတဏှာတို့ထက် ယုတ်ညံ့တဲ့ အရာမည်သည်မရှိပါဘူးတဲ့။ နေရာဌာနကိုတွယ်တာခြင်း၊  အပေါင်းအသင်းတို့မှာ မွေ့လျော်ခြင်း တို့ထက်လည်း ယုတ်ညံ့
လှပါတယ်လို့ ဆိုပါတယ် ။
  ကျွန်ုပ်တို့ရဲ့ အချိန်တော်တော်များများကို အစားအသော က်အတွက်နဲ့တင် တော်တော်ကုန်ဆုံးသွားတာလည်း မြင်လာမိတယ်။ အသက်တွေကြီးလာလေလေ ကျန်းမာဖို့အားရှိတဲ့အစားအစာတွေ၊ အားဆေးတွေစားထားမှဖြစ်မယ်လို့လည်း တွေးမိကြတာလည်းပါပါး လိမ့်မယ်။ အရင်ကချစ်လှပါတယ်ခင်လှပါတယ်ဆိုပြီး လက်ထပ်ထိမ်းများခဲ့ကြတဲ့စုံတွဲတွေလည်း အသ က်တွေရပြီး အဘိုးအဖွားတွေဖြစ်လာတာနဲ့အမျှ အသက်ရှည်ရှည်နေနိုင်ဖို့ ကျန်းမာဖို့ အတွက် အစာအာဟာရသာ အရေးအကြီးဆုံးလို့မြင်လာကြတာပဲ ရသတဏှာက ငယ်ငယ်ထဲကနေ သေဆုံးချိန်ထိအတောမသတ် အင်အားအကြီးစား ဆက်လက်တည်ရှိနေတယ်လို့လည်းမြင်မိတယ်။
       တကယ်တန်းကျတော့  သီရိလက်ာတို့ အိန္ဒိယတို့ရဲ့ traditional food ရိုးရာအစားအစာတွေက သူတော်ကောင်းတရားကိုကျင့်သုံးနေတဲ့ သူတော်စဉ်တွေအတွက် အသင့်လျော်ဆုံး အစားအစာများဖြစ်မယ်လို့လည်းတွေးမိတယ် ။
   ကျွန်ုပ်တို့နိုင်ငံတစ်ဝန်းလုံးက ဟင်းလျာများမှာအသားငါးတွေမပါမပြီးသလောက် စားသောက်ပြီး မိမိစိတ်သာပဓာနပါ၊ ဘုရားရှင်တောင်မှ အသားဟင်းငါးဟင်းဘုဉ်းပေးခဲ့သေးတာပဲ ဟု တွင်တွင်ပြောနေကြတယ်။ နောက်ပြီး ရသကိုကောင်းသထက်ကောင်းအောင် စီမံစားသောက်ကြတာပဲ။ေ နာက်သက်သတ်လွတ်များတစ်ယောက်တစ်လေစားသောက်တာကြားရင် မိစ္ဆာဒိဋ္ဌိဖြစ်ပြီး ငရဲရောက်မတတ်ဝိုင်းဝန်းပြစ်တင်ဝေဖန်ကြပြန်ရော။ ဒါပေမယ့် အသားဟင်းငါးဟင်းနဲ့ ဟင်းသီးဟင်းရွက်ချပေးရင် ဟင်းသီးဟင်းရွက်ကအရံဟင်းထဲကို စာရင်းသွင်းလိုက်ကြပြန်ရော အလှူလှူရင်တောင်မှ မင်းအလှူက ၀က်သားလား၊ ငါးလား ငါးခြောက်ထိုးလေးတော့ ပါမှဖြစ်မှာပေါ့ ဆိုတာဖြစ်ကုန်ရော ။ အခုဒီမှာရောက်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေတောင်မှ တချို့မစားနိုင်ကြဘူးဆိုပြီး အသားဟင်းငါးဟင်း ကိုယ်တိုင်ကြော်လှော်ချက်ပြုတ်ပြီး စားနေကြရတယ် ဒါကရသတဏှာရဲ့ကျွန်ဖြစ်မှန်းမသိဖြစ်နေတာပဲလို့ပဲတွေးမိတယ်။
     ဘုရားရှင်တောင်ဘုဉ်းပေးတာပဲလို့ပြောကြတာတော့ အမှန်ပါပဲ ဒါပေမယ့် ဘုရားရှင်ကတော့ စားတဲ့အခါစားတတ်အောင်စားနည်းပါသင်ပေးခဲ့ပါသေးတယ် ။ဥပမာလေးနဲ့ပါ
  သားအမိသုံးယောက် အငတ်ဘေးဆိုက်လို့သဲကန္တာရကိုဖြတ်ပြီး refugee အဖြစ်နဲ့ နေရာသေဒတစ်ခုကိုသွားကြတယ်။ စားစရာလည်းဘာဆိုဘာမှမကျန်တော့ဘူး ကလေးကလည်းဒုက္ခမခံနိုင်တော့လို့ ပျက်စီးသွားရှာတယ်။ ဒီတင်မှ လင်မယားနှစ်ယောက် မိမိတိုရင်သွေးလေးရဲ့ အသားကိုစားကြရတော့မယ်။ အခြားစားစရာမရှိလို့ သားလေးရဲ့အသားကိုစားကြရပေမယ့် ဘယ်သူမှမျိုမကျဘူး မိမိရဲ့အသားကို ဖဲ့စားနေသလိုပဲခံစားကြရတယ်တဲ့ အဲဒီလိုနှလုံးသွင်းစားသောက်ရမယ် ဒါမှရသတဏှာရဲ့ နှိပ်စက်ခြင်းမှကာကွယ်နိုင်မယ်လို့ မိန့်တော်မူတယ် ။
  ကျွန်ုပ်လည်း တတ်နိုင်သမျှ အစားအသောက် အနေအထိုင်မှာ ရောင့်ရဲခြင်းနဲ့ နေထိုင်သွားတော့မယ်လို့တွေးနေမိတော့တယ်..
                                       by လင်္ကာ အရှင် on Tuesday, May 3, 2011 at 3:43pm ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..