Saturday, March 24, 2012

*ဦးသူတော်ကြီး အမြင်မှန်ရပြီ *

                                         အရင်းစစ်တော့ အမြစ်မြေက…….

    တခါက လယ်သမားကြီးတစ်ဦးဟာ သူ့လယ်ကွက်ထဲက ပြောင်းဖူးတွေကို ခရီးသွားတွေက -၀င်ဝင်ချိုးယူသွားတာကြောင့် တစ်ခင်းလုံးမပြောင်ခင်တော့သွားစောင့် လေမှပဲဆိုပြီး လမ်းသွားသူတရားမဲ့သူခိုးခရီးသွားများရန်မှ သွားရောက်စောင့်ရှောက်နေရပါသတဲ့    
     ဖိုးသူတော်တစ်ယောက်ကလည်း ခရီးသွားရင်းနဲ့ အသင့်တွေ့ရတဲ့ သူ့ပြောင်းခင်းကို ဝင်ပြီးပြောင်းဖူးတစ်ဖူးကို ခူးယူနေတာတွေ့ရတာမို့ အဲလေ ဦးသူတော်ဆိုတော့လည်း အိမ်မဲ့ယာမဲ့ ထွန်ယက်စိုက်ပျိုးစားတာမဟုတ်တော့ မပြောတော့ပါဘူးလေလို့ အသာနေလိုက်သတဲ့ ။  ဖိုးသူတော်ကလည်းလယ်သမားကြီးကို သူလိုပဲ ခရီးသွားရင်ဝင်ခူးနေတဲ့ ပြောင်းဖူးသူခိုးလို့ပဲ အောက်မေ့နေတာပေါ့  ။

     ဒါပေမယ့် ဦးသူတော်ချိုးယူလိုက်တဲ့  ပြောင်းဖူးက ကျိုးတိုးကျဲတဲပြောင်းဖူးစေ့အနည်းငယ်သာပါတဲ့ပြောင်းဖူးဖြစ်နေပြန်တယ် ၊ ဒါနဲ့နောက်တစ်ဖူး ၊နောက်တစ်ဖူးရွေးနေတာ တော်တော်ကြာသွားတယ် ။ နောက်အဖူးကြီးကြီးတစ်ဖူးကိုရွေးပြီး
အကာရွက်များကိုဖယ်ရှားလိုက်တဲ့အခါမှာတော့စားချင်စရာ မကောင်းတဲ့ ကျိုးတိုးကျဲတဲ ပြောင်းဖူးစေ့
အနည်းငယ်ကိုသာ တွေ့လိုက်တဲ့အတွက် ဖိုးသူတော်က

“ ညံ့လိုက်တဲ့ ပြောင်းဖူးနှယ်၊စားစရာအစေ့လေးတောင် ပြည့်စုံအောင် မပါဘူး ”လို့ ပြောလိုက်တယ်။
ဒီတော့ ပြောင်ဖူးကြီးက-“ ဦးသူတော်၊ကျုပ်က အဆံများများပါအောင် ဖူးချင်တာပေါ့။ဒီပြောင်းပင်ကမှ သန်သန်မာမာနဲ့ အစေ့ပါအောင်ဖူးမပေးတာ ကျုပ်က ဘာတတ်နိုင်မှာတုန်း ”
ဒီတော့ ဦးသူတော်က“ ဟုတ်ပါ့၊ဒီပြောင်းပင်ကလည်း အစေ့များများပါအောင်ဘာကြောင့်ဖူးမပေးရသလဲ မသိပါဘူး ”လို့ပြန်ပြောတယ်
အဲဒီအခါ ပြောင်းပင်က“ ဦးသူတော်၊ကျုပ်က အစေ့အပြည့်ပါအောင် ဖူးပေးချင်ပါတယ်။ကျုပ်ပေါက်လာရတဲ့ ဟောဒီမြေကမှ သြဇာမရှိတာ၊ဘယ်တတ်နိုင်ပါ့မတုန်း ”
“ ဟုတ်သားပဲ၊မြေကြီးကလည်း ဘာလို့ မြေဆီသြဇာ မရှိရသလဲ မသိပါဘူး ”လို့ ဦးသူတော်က ပြောပါတယ်။
အဲဒီအခါ မြေကြီးက“ ဦးသူတော်ရယ်၊မိုးကမှ မှန်မှန်မရွာတဲ့ဟာကျုပ်မှာလည်း ဘယ်ကမြေဆီသြဇာရှိတော့မှာလဲ ”
ဖိုးသူတော်က“ ဟုတ်သားပဲ၊ဒီမိုးကလည်း ဘာဖြစ်လို့မှန်မှန်မရွာတယ် မသိပါဘူး ”
အဲဒီအခါ မိုးက“ ဦးသူတော်၊ကျုပ်က မှန်မှန်ရွာပေးချင်တာပေါ့၊
ဒီပြည်သူပြည်သားတွေကမှ အကျင့်စာရိတ္တမကောင်းကြတာ၊
ဘယ်ရွာချပေးလို့ရမလဲ ”
ဖိုးသူတော်က “ဟုတ်သားပဲ၊ဒီပြည်သူပြည်သားတွေကလည်း
ဘာဖြစ်လို့ အကျင့်စာရိတ္တကောင်းအောင်မနေကြသလဲ မသိပါဘူး ” ၊

     ဒီတခါမှာတော့ ပြောင်းဖူးဝင်ခိုးယုံတင်အားမရပဲ တိုင်းသူပြည်သားတွေနဲ့ပါချီပြီး အတင်းတုတ်နေတဲ့ ဦးသူတော်ကိုနားကြားကလည်းကပ်လာတော့  

လယ်သမားကြီးက၀င်ပြောလိုက်ပါတော့တယ် -

     “ ဦးသူတော် ကျုပ်တို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ကမှမင်းကျင့်တရားဆယ်ပါးနဲ့မညီတာ
ကျုပ်တို့က ဘယ်လိုလုပ် အကျင့်စာရိတ္တကောင်းနိုင်တော့မှာလဲ ”
ဖိုးသူတော်ကဟုတ်သားပဲတကာရေ  ဒီရှင်ဘုရင်ကလဲ ဘာဖြစ်လို့မင်းကျင့်တရား ဆယ်ပါးနဲ့အညီ မအုပ်ချုပ်ရသလဲ မသိပါဘူး ”
အဲဒီအခါ အကွက်ဆိုက်လာတဲ့ လယ်သမားကြီးက “ ဦးသူတော်ရယ်……ဘုရင်နဲ့တကွ တိုင်းသူပြည်သားအားလုံးတို့ ကိုးကွယ်ကြတဲ့ဦးသူတော်ကိုယ်တိုင်က သူတစ်ပါး ပြောင်းခင်းထဲဝင်ပြီးပြောင်းဖူးခိုးနေမှတော့ ကျန်တဲ့သူအားလုံး အကျင့်စာရိတ္တကောင်းနိုင်ပါတော့မလား ”လို့ ပြောလိုက်ပါတယ်။
     ဒီတော့မှ ဦးသူတော်ကလည်း“ အေးဟုတ်သဟ သူများလက်ညှိးထိုးထိုးပြီးသာပြောနေတာ ငါနေထိုင်ပုံကမှ ဟန်မကျတာပဲ ၊ သူတစ်ပါး အကိုးကွယ်ခံဖြစ်တဲ့ ငါ ကိုယ်တိုင်ကမှ တရားပျက်နေရင် ကျန်တဲ့သူတွေ ပိုဆိုးတော့မှာပေါ့ ”လို့ သတိတရားဝင်ကာသူကိုယ်တိုင်ကစပြီးတရားစောင့်ပါတော့မယ်လို့ဝန်ခံပြီး တရားစောင့်တော့မှ   တစ်တိုင်းပြည်လုံးကလည်းတရားစောင့်လာကြတဲ့အတွက် တိုင်း ပြည်ကြီးလည်း သာယာဝပြော၍ လာလေတော့သတည်း။ ဆိုတဲ့ပုံပြင်လေးကိုပဲဖတ်ရတော့ အင်း တို့မြတ်ဗုဒ္ဓဟောပြထားတဲ့ ယထာ အဂါရံ ဒုစ္ဆန္နံ ၀ုဋ္ဌိ သမတိ ၀ိဇ္ဇတိ- ခေါင်ကိုလုံအောင်မှမိုးမထားရင် မိုးကယိုတော့မှာပေါ့ဆိုတဲ့ ဓမ္မပဒဂါထာထဲကဥပမာလေးကိုလည်း သွားးသတိရလိုက်မိသေးရဲ့ …ဟုတ်တယ်လေ လူဆိုတာက ကိုယ့်အပြစ်အုန်းသီးလောက်တောင်မြင်ချင်မှမြင်ကြတာ  သူများအပြစ်တွေကျ မျက်လုံးကထွက်နေတဲ့ မျက်ဝတ်လေးတောင်မှ တန်းသိတယ် ။
   အခုလည်း စာရှုသူတို့ဗဟုသုတဖြစ်စေဖို့ လောကကြိး မိုးရွာမှုနေပူမှု ဘေးဒုက္ခသင့်မှု ၊ ကျန်းမာခြင်း ရောဂါများခြင်း ရုပ်ရည်ရူပကာယ လှပခြင်း/အကျည်းတန်ခြင်း ။အသက်ရှည်ခြင်း လူသားတွေရဲ့အကျင့်စာရိတ္တနဲ့သွယ်ဝိုက်သောနည်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတာ သိရှိနားလည်ကြစေဖို့ အင်္ဂုတ္တိုရ်လာ အဓမ္မိကသုတ်ကို ရှာဖွေတင်ပြပေးလိုက်ရပါတယ်
                                          ………………………………………..
      ရဟန်းတို့ ဘုရင်မင်းတို့တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်းတရားမစောင့်ကုန်၊ မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏားသူကြွယ်တို့လည်းတရားမစောင့်ကုန်၊ ပုဏ္ဏားသူကြွယ်တို့တရားမစောင့်သောအခါ နိဂုံး ဇနပုဒ်နေသူတို့လည်းတရားမစောင့်ကုန်၊ နိဂုံး ဇနပုဒ်နေသူတို့တရား မစောင့်သောအခါ လ နေတို့သည် မညီမညွတ် လှည့်လည်ကုန်၏၊
 လနေတို့သည် မညီမညွတ် လှည့်လည် သောအခါ နက္ခတ် တာရာ အပေါင်းတို့သည် မညီမညွတ် လှည့်လည်ကုန်၏၊ နက္ခတ်တာရာအပေါင်းတို့ မညီမညွတ် လှည့်လည်သောအခါ ညဥ့်နေ့တို့သည် မညီမညွတ် ဖြစ်ကုန်၏၊ ညဥ့်နေ့တို့သည် မညီမညွတ် ဖြစ်ကုန်သော် လနှင့်လခွဲတို့သည် မညီမညွတ် ဖြစ်ကုန်၏၊ လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု နှစ်တို့သည် မညီမညွတ် ဖြစ်ကုန်၏၊ ဥတု နှစ်တို့သည် မညီမညွတ် ဖြစ်ကုန်သော် လေတို့သည် မညီမညွတ် တိုက်ကုန်၏၊ လမ်းမှန် မတိုက်ကုန်၊ လေတို့ မညီမညွတ် လမ်းမှန် မတိုက်သောအခါ နတ်တို့ အမျက်ထွက်ကုန်၏၊ နတ်တို့ အမျက်ထွက်ကုန်သော် မိုးကောင်းစွာ မရွာသွန်း၊ မိုးကောင်းစွာ မရွာသွန်းသော် ကောက်တို့သည် အမှည့် မညီညွတ်ကုန်။

    ရဟန်းတို့ အမှည့် မညီညွတ်သော ကောက် တို့ကို စားသုံးသူတို့သည် အသက်တိုကုန်၏၊ အဆင်းမလှကုန်၊ အားနည်းကုန်၏၊ အနာများကုန်၏။

    ရဟန်းတို့ ဘုရင်မင်းတို့ တရားစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားစောင့်ကုန်၏၊ မှူးမတ်တို့ တရားစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့လည်း တရားစောင့်ကုန်၏၊ ပုဏ္ဏား သူကြွယ်တို့ တရားစောင့်သောအခါ နိဂုံး ဇနပုဒ်နေသူတို့လည်း တရားစောင့်ကုန်၏၊ နိဂုံး ဇနပုဒ်နေသူတို့ တရားစောင့်သောအခါ လ နေတို့သည် ညီညွတ်စွာ လှည့်လည်ကုန်၏၊ လ နေတို့ ညီညွတ်စွာ လှည့်လည်သော အခါ နက္ခတ်တာရာအပေါင်းတို့သည် ညီညွတ်စွာ လှည့်လည်ကုန်၏၊ နက္ခတ်တာရာအပေါင်းတို့ ညီညွတ်စွာ လှည့်လည်ကုန်သော် ညဥ့်နေ့တို့သည်လည်း ညီညွတ်စွာ ဖြစ်ကုန်၏၊ ညဥ့်နေ့တို့ ညီညွတ်စွာ ဖြစ်ကုန်သော် လနှင့်လခွဲတို့သည် ညီညွတ်စွာ ဖြစ်ကုန်၏၊ လနှင့်လခွဲတို့ ညီညွတ်စွာ ဖြစ်ကုန်သော် ဥတု နှစ်တို့လည်း ညီညွတ်စွာ ဖြစ်ကုန်၏၊ ဥတု နှစ်တို့ ညီညွတ်စွာ ဖြစ်ကုန်သော် လေတို့သည် ညီညွတ်စွာ တိုက်ကုန်၏၊ လမ်းမှန် တိုက်ကုန်၏၊ လေတို့သည် ညီညွတ်စွာ လမ်းမှန်တိုက်ကုန်သော် နတ်တို့ အမျက် မထွက်ကုန်၊ နတ်တို့ အမျက်မထွက်ကုန်သော် မိုးသည် ကောင်းစွာ ရွာသွန်း၏၊ မိုးကောင်းစွာ ရွာသွန်းသော် ကောက်တို့သည် အမှည့်ညီကုန်၏။

      ရဟန်းတို့ အမှည့်ညီသော ကောက်တို့ကို စားသုံးသူတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ အားရှိကုန်၏၊ ရောဂါနည်းကုန်၏ဟု (မိန့်တော်မူ၏)။

    (မြစ်ကို) ကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်တကျစ် သွားခဲ့မူ၊ ရှေ့ဆောင်နွားလား ကောက်တကျစ် သွားသည်ရှိသော် နောက်လိုက်နွားမ အားလုံးတို့သည် ကောက်တကျစ် လိုက်သွားကုန်၏။ ဤအတူသာလျှင် လူတို့တွင် အမြတ်ဆုံးဟု သမုတ်အပ်သူသည် အကယ်၍ တရား မဟုတ်သည်ကို ကျင့်အံ့၊ ဤမှ တစ်ပါးသော သတ္တဝါအပေါင်းသည် အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း၊ မင်း တရားမစောင့်သည် ဖြစ်အံ့၊ တစ်နိုင်ငံလုံး ဆင်းရဲရ၏။

     (မြစ်ကို) ကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ဖြောင့်ဖြောင့်သွားခဲ့မူ၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသည်ရှိသော် နောက်လိုက်နွားမ အားလုံးတို့သည် ဖြောင့်ဖြောင့်ပင် လိုက်သွားကုန်၏။ ဤအတူသာလျှင် လူတို့တွင် အမြတ်ဆုံးဟု သမုတ်အပ်သူသည် အကယ်၍တရားကို ကျင့်အံ့၊ ဤမှ တစ်ပါးသော သတ္တဝါအပေါင်းသည် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ မင်း တရားစောင့်အံ့၊ တစ်နိုင်ငံလုံး ချမ်းသာရလေသတည်း။

                                                  ( အဓမ္မိကသုတ်-အင်္ဂုတ္တိုရ် စတုက္ကနိပါတ်)  
                               by လင်္ကာ အရှင် on Saturday, March 10, 2012 at 1:09pm ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..