ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ကာသိတိုင်းဓမ္မပါလမည်သောရွာမှ ရွာသူရွာသားများသည် ဒါန သီလစသော ဆယ်ပါးသော ကုသလကမ္မပထတရားများကိုသာ စောင့်ထိန်းကြသည်၊ ဘုရားအလောင်းသည်လည်း ထိုရွာမှမဟာဓမ္မပါလဆိုသော ပုဏ္ဏားကြီး၏သားဖြစ်ပြီး ဓမ္မပါလသတို့သားဟုခေါ်တွင်လေသည်။
ဓမ္မပါလအရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံ သွားရောက်ပညာသင်ယူလေရာ တပည့်ငါရာတို့၏ အကြီးကဲဖြစ်လာခဲ့လေသည်။ တစ်နေ့တွင် ဆရာကြီး၏ သားအကြိးဆုံးကြီးသေဆုံးသွားရာ ဆွေးမျိုးသားချင်းများနှင့် အခြားတပည့်များ မှာငိုကြွေးမဆုံးရှိကြသော်လည်း ဓမ္မပါလကားမျက်ရည်တစ်ပေါက်ပင် ကျမိခြင်းမရှိပေ။
သူသည် ဆရာကြီး၏သား သေဆုံးရခြင်းနှင့်ပတ်သက်၍ “ငယ်ရွယ်ချိန်၌ ဘာ့ကြောင့်သေဆုံးရသနည်း။ ငယ်ရွယ်ချိန်၌သေဆုံးရခြင်းသည် မလျော်ကန်” ဟုလည်းပြောမိသည်။ ထိုအခါအခြားလုလင်များက “သင်္ခါရသဘောတရားကို သိနားလည်ခြင်းမရှိသလော”ဟု ဆိုကြရာ “သိတော့သိကြောင်း သို့သော် ယင်းသင်္ခါရသဘောတရားသည် ငယ်ရွယ်သူတို့အပေါ်၌ ကျရောက်လေ့မရှိကြောင်း၊ မိမိတို့မျိုးရိုးအစဉ်လာမှာ အသက်အရွယ်ကြီးရင့်သူတို့အပေါ်တွင်သာ ကျရောက်လေ့ရှိကြောင်း” ပြန်လည်ပြောကြားသည်။ ထိုအကြောင်းကို ဆရာကြီးကြားသိရ၍ ဓမ္မပါလကိုခေါ်၍မေးမြန်းရာ ဟုတ်မှန်ကြောင်းဝန်ခံလေသည်။
တက္ကသိုလ်ဆရာကြီးလည်း ဓမ္မပါလစကားမှန်မမှန် စုံစမ်းရန် လွယ်အိပ်ထဲ၌ ဆိတ်ရိုးတစ်ခုကိုထည့်ယူကာ ဓမ္မပါလနေထိုင်ရာရွာသို့သွား၍ မိဘတို့အား ဓမ္မပါလသတို့သား သေပြီဖြစ်ကြောင်းပြောကြားရာ မည်သူမှမယုံကြည်ကြချေ၊ “မဖြစ်နိုင်သော စကားကိုမဆိုပါလင့်ဆရာကြီး သူတို့၏သားငယ်ဓမ္မပါလသည် မသေနိုင်ပါ အခြားသူတစ်ယောက်ယောက် သေဆုံးခြင်းသာ ဖစ်ပါလိမ့်မည်”ဟု လည်းဆိုကြပြန်သည်။ ထိုအခါတွင် ဆရာကြီးလည်းမိမိအသင့် ဆောင်ယူလာသော ဆိတ်ရိုးတစ်ခုအားထုတ်ပြပြောဆိုပြန်ရာ “ဤအရိုးသည် ခွေး၊ ဆိတ်တို့၏ အရိုးသာဖြစ်ပါလိမ့်မည်။ ဆရာကြီးမုသားဆိုခြင်းသာဖြစ်ပါလိမ့်မည်” ဟုဆိုကြပြန်ရာ ဆရာကြီးလည်း အံ့သြ၀မ်းသာစွာဖြင့် မိမိစုံစမ်းလို၍လာခဲခြင်းသာဖြစ်ကြောင်းနှင့် “အဘယ့်ကြောင့်ငယ်ရွယ်စဉ်မှာ မသေကြပါသနည်း”ဟုလည်း မေးမြန်းရာ ဓမ္မပါလပုဏ္ဏားကြီးက “ဆရာ ကျွန်ုပ်တို့သည် ဒါန သီလ စသော ကုသလကမ္မပထတရားဆယ်ပါးကို ကျင့်ကြပါသည်။ ထို့ကြောင့် ငယ်ရွယ်စဉ်မှာမသေကြပဲ သက်တမ်းစေ့ နေထိုင်ရခြင်းဖြစ်ပါသည်”ဟု ရှင်းပြပြောဆိုရာ ဆရာကြီးလည်း ပေလွှာမှာကူးယူမှတ်သားပြီးပြန်လာခဲ့လေတော့သည်။
(ဓမ္မပါလဇာတ်)
by လင်္ကာ အရှင် on Friday, November 11, 2011 at 9:19am ·
No comments:
Post a Comment