Friday, March 23, 2012

*စာသင်သားဘ၀ ကြုံရထွေထွေ*

        မနေ့ညက တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့တရား “အချစ်ဆုံးတရား”ကိုအွန်လိုင်းကနေ နာကြည့်ရင်းရဲ့ --
     ဆရာတော်က တရားထဲမှာ သူပခုက္ကူနေခဲ့စဉ် စာသင်သားဘ၀က ဆွမ်းကွမ်းအင်မတန်ရှားပါးခဲ့  ပုံ ဆွမ်းဟင်းခွက်သေးသေးလေးတွေထဲမှာ ဗူးသီးချက်ရယ် ခရမ်းသီးချက်ရယ် ချဉ်ပေါင်ဟင်းရယ် ပဲပြုပ်ရယ်နဲ့ စားခဲ့ရတာလေးကို ဟောပြပါတယ် ။ တစ်ခါ ဆွမ်းခံအပြန်မှာ ဦးဇင်းတစ်ပါးနဲ့ဆုံတော့ ဘာဟင်းတွေလဲကွ မင်းသပိတ်လှပ်ပြစမ်းပါဦးဆိုလို့ပြလိုက်တော့ “မင်းလိုသာ ဆွမ်းကွမ်းပင်ပန်းရင် ငါမနေဘူး” လို့ဆိုသတဲ့ ၊ ဒိုင်ယာရီထဲမှာတောင် ဒီအကြောင်းကိုရေးမှတ်ထားဆိုပဲ ။
     ဆရာတော်ကိုယ်တိုင်ပြန်ဟောပြမှ မိမိတို့ငယ်စဉ်စာသင်သားဘ၀ကလည်းဖြစ်သလိုနေထိုင်ဖြတ်သန်းနေထိုင်ခဲ့ရပုံလေးတွေကို ပြန်သတိရလိုက်မိတယ်။
   မိမိမစိုးရိမ်တိုက်သစ်စရောက်လာတော့ အတွင်းမှာ မိမိနဲ့ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းတွေလည်းမရှိကြသေးဘူး နေရာသစ် ဌာနသစ် လူသစ် စိတ်သစ် တကယ့်မှအသစ်စက်စက် အတွေ့အကြုံသစ်တွေပေါ့ ။အသစ်ဆိုလို့ လတ်ဆတ်လမ်းဆန်းတက်ကြွပြီး ပျော်ရွှင်ကြည်နူးဖွယ်တွေလို့တော့ကြိုမတွေးလိုက်နဲ့ဦးဗျ ။
     ကောင်းကင်တခုလုံးနီကျင်ပြီ တိမ်တွေညှိ့မှိုင်းနေတဲ့ပင်လယ်ပြင်မှာ လှေတစ်စင်းနဲ့ခရီးနှင်နေရတဲ့အချိန်မျိုးလိုပါပဲ။ ဘယ်အချိန်မုန်တိုင်းကျလာမယ်ကိုမျှော်နေရသလို အထိတ်ထိတ်အလန့်လန့်နဲ့ပေါ့။
     မနက်အာရုံဆွမ်းဘုဉ်းပေးဖို့ နေ့ဆွမ်းဝမ်းဖြည့်ဖို့ဆိုတာကလည်း ဘယ်ဆီဘယ်လိုသွားပြီး ဘုံလောင်းတိုးရမည်မသိသေးချေ။ အခြားကိုရင်တွေ တီးတိုမေးကြည့်တယ် ဘုံလောင်းဆိုတာ ဘယ်လိုကြွရတာလဲဆိုတော့

    “ဟာ မင်းနှယ် ဘုံလောင်းဆိုတာ သပိတ်ဖုံးကောင်းကောင်းသာ ၀ယ်ထားကွ သံဃာအတန်းလိုက်ကြီးတန်းတဲ့အခါ သပိတ်နဲ့အတင်းတွင်းထိုးတိုးကျိတ်ရတာ ပုံမတော်လို့ ရန်ဖြစ်ရင် သပိတ်ဖုန်းနဲ့ကောက်ထုရတာပေါ့ ကြားထဲဝင်မတိုးရင်လည်း မင်းအတွက် ဆွမ်းမကျန်တော့ဘူးဗျ ကဲ”
    ကိုရင်လေးတစ်ပါးက ဆရာကြီးလေသံနဲ့ပြောပြပြန်ပါတယ် ။
     ဟာ…အဲလိုကြီးလား ....ကျွန်ုပ်မျက်ခုံးနှစ်ခု မျက်လုံးနဲ့လက်နှစ်လုံးလောက် ခုန်တက်သွားမိသလားပဲ ။ဘုံလောင်းဆိုတာလည်း အဲလိုတိုးရဆွမ်းခံရတာလားဆိုပြီး ရွာပြန်ပြေးချင်စိတ်ပေါက်သွားမိတယ်။
    စာဝါသွားလိုက်ပြန်တော့ စာချဆရာတော်ကကိုရင်ငယ်တွေကိုပြောလွှတ်လိုက်တယ် ။ဟေ့ ကိုရင်တွေ မင်းတို့မနက်ဖြန်အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲရှိတယ် ။
    ဟာာာာာာာာာာာ အရေးထဲအရာပေါ်ပြန်ပြီကွာ ငါကခုမှမြို့ရောက်တာ ဘာစာမှတောင်မကျက်ရသေးဘူး စာမေးပွဲတဲ့ ကြာလေကြာလေ မျက်နှာလေးကို ဇီးရွက်လောက်ရှိသွားတော့တာပဲ ။
    ညနေ စာကျက်ထားတာတွေကို စာသွားပြန်ရမယ့် ဆရာဦးဇင်းဆိသွားစာပြန်ချိန်ရောက်တော့ ဆရာ့ရှေ့သွားဦးချတဲ့ပြီး စာမပြန်ဘဲ လျှောက်ထားလိုက်တော့တယ်
“ဦးဇင်းတပည့် တော် ရွာပြန်တော့မယ်ဘုရား “
“ ဟေ မင်းကဘာလို့ရွာပြန်ရမှာတုန်း နေ့လည်ကမှ မင်းဆရာကလာပို့ခဲ့တာမလား “
 “တင်ပါ့ ဒါပေမယ့်တပည့်တော်စာကမကျက်ရသေးဘူး မနက်ဖြန်စာမေးပွဲဖြေခိုင်းမယ်တဲ့ဘုရား ။တပည့် တော်တော့ မဖြေနိုင်ဘူးဘုရား ။နောက်ပြီး ဆွမ်းခံအိမ်ကလည်းမရှိဘူး ဘုံလောင်းတိုးရင်လည်း ကိုရင်လေးတွေက ပြောတယ် ရန်ဖြစ်ရင် သပိတ်ဖုံးနဲ့ ခုတ်ရတယ်တဲ့ဘုရား”

 ဟား ဟား ဟား…. စာချဥိးဇင်းက ဟက်ဟက်ပက်ဟက်ရီလိုက်ပါတယ် ။မဟုတ်ပါဘူးကွာ မင်းဘယ်သူပြောလဲ ” ဒီအဆောင်ကကိုရင်လေးတစ်ပါးပြောတာဘုရား “
“မပြန်ရဘူး ကြားလား  စာမေးပွဲဖြေလို့ကျလည်း မင်းမှစာမကျက်ရသေးတာ ။ဘုန်းကြီးကမငေါက်ပါဘူး ။ နောက်ပြီး မင်းကိုငါ ဘုံလောင်းသွားတဲ့ ကိုရင်တွေနဲ့မဟုတ်ဘူး ရပ်အိမ်ကြွတဲ့ကိုရင်လေးတွေနဲ့မနက်ဖြန်ထည့်ပေးလိုက်မယ်”
“ ရပ်အိမ်ဆိုတာဘာလဲဘုရား “
“ရပ်အိမ်ဆိုတာက တချို့အိမ်တွေက အိမ်အပြင်ကိုထွက်ပြီး လာသမျှကိုယ်တော်တွေလောင်းတာမဟုတ်ဘူးကွ သူတို့အိမ်ရှေ့မှာလာရပ်နေကျ ကိုရင်တွေကိုလောင်းတယ် “
 နဲနဲတော့ အားရှိသွားလေသည် ။ဘယ်သူနဲ့ဆွမ်းခံထည့်ပေးမှာပါလိမ့်  ???. ဒါနဲ့မနက်အစောထပြီး သင်္ကန်းပြင်ဆင်ရုံပြီးတော့ စောင့်နေတော့ စာချဦးဇင်းက အခြားအဆာင်မှ ရှမ်းလူမျိုးကိုရင်ငယ်လေးတစ်ပါးနဲ့ထည့်လွှတ်လိုက်ကာ ။
“ မင်းသူဆွမ်းရပ်တဲ့အိမ်တွေမှတ်ထား။ နောက်ကျကိုယ့်ဘာသာကြွရမှာနော် “
“မှန်ပါဘုရား”
   ကျွန်ုပ်သည် ထိုကိုရင်ငယ်လေးနောက်မှလိုက်ရလေသည် ။ ယင်းကိုရင်သည်လည်း မြန်မာပြည်ရောက်ကာစ ယောင်လည်လည်သာဖြစ်လေသည်။ နောက်ပြီး စမ်းတစ်ဝါးဝါးနဲ့ နောက်ကလိုက်နေရတဲ့ မိမိကိုလည်း စောင့်ခေါ်နေရတော့ ဆွမ်းခံနောက်ကျမှာကြောက်ပြီး စိတ်မရှည်ဖြစ်လာလို့ထင်၏။ သူ့နောက်လိုက်ရင်းလိုက်ရင်းနှင့် တကာမကြီးတစ်ယောက်ဆွမ်းဟင်းလောင်းနေစဉ်မှာ ၄င်းကိုရင်လေးအားလည်း မျက်ခြေပြတ်သွားလေတော့၏။
     မိမိလည်းရသလောက်ဆွမ်းလေးသပိတ်ဖင်ကပ် ဆွမ်းဟင်းလေးသုံးခွက်မျှနှင့် ကျောင်းတော်သို့ပြန်ကြွခဲ့ရလေတော့သတည်း ။ အပြင်မှာထုတ်ပြီး မျက်ရည်မကျမိပေမယ့်  စိတ်မကောင်းကြီးစွာနှင့် မိမိဆွမ်း ဆွမ်းဟင်းလေးကြည့်ကာ ၀မ်းနည်းနေမိတာတော့အမှန်ပင်။
    ဒီလိုနဲ့ဆွမ်းခံအပြန်စာဝါမှာလည်း မနေ့ညနေကကြေညာလိုက်တဲ့အတိုင်း စာမေးပွဲဖြေကြရရာ မိမိမှာ အဖြေလွှာစာအုပ်လေးကိုင်ကာ ငိုင်တိုင်တိုင်ထိုင်ကာ ပြန်လာခဲ့ရလေတော့၏ ။
    ဆွမ်းစားချိန်ရောက်သော အခါ၌ကား ဆွမ်းဆွမ်းဟင်းမပြည့်စုံသော မိမိသပိတ်လေးကိုလှပ်ကာ အားငယ်စိတ်များဝင်လာပြီး ၀ိုင်းထိုင်ကဆွမ်းစားနေကြသော အဖွဲ့များအကြားမသွားရဲပဲ မိမိနေရာလေးမှာပဲ တစ်ရောက်ထဲကုပ်ကာ ခေါင်းငုံ့ကာ စားနေမိတော့၏။
   မိမိနေသောကျောင်းဆောင်၏ ကျောင်းဘုန်းကြီးက သဘောထားအလွန်ကောင်းလှ၏ သံဃာများ၏ ဆွမ်းကွမ်း စားဝတ်နေရေး ကျန်းမာရေး အားလုံးကို အကုန်တာဝန်ယူစောင့်ရှောက်ပေးသူဖြစ်၏။ သူကဆွမ်းဝိုင်းမှနေ၍ မိမိအားလှမ်းအော်ခေါ်လေသည် ဟေ့  ဟိုတောကကိုရင်  ဒီ မှာလာ စား ကွ (အားလုံးဝိုင်းရီကြလေသည် မိမိကား ပိုရှက်သွား၏)ဟေ့ကောင် လာဟ ဒီမှာဟင်းတွေကအများကြီးပဲ မင်းရွာက အမေချက်တဲ့ ၀က်သားကြက်သာတောင်မေ့သွားမယ် J J J အားလုံးကိုရင်ဦးဇင်းများကလည်း အတူလာဘုဉ်းပေးဖို့ခေါ်လို့ မဖြစ်တော့ပဲ သွားဝိုင်းရလေသည် ။ အဲဒီကျမှသိရသည်ကား မိမိလိုအသသစ်ရောက်လာတဲ့ကိုရင်လေးတိုင်းဟာ ယင်းအခက်ခဲမျိုးရှိကြောင်းနဲ့ အားလုံးမှလည်း သူတို့သပိတ်ထဲမှ ဆွမ်းဆွမ်းဟင်းများကို ခွဲဝေမျှတစွာ စားကြရလေ၏ ။
    လူတို့သည် မျှမျှတတစား ၀၀လင်လင်စား ဟု အလွယ်တကူပြောတတ်ကြသော်လည်းဘယ်လိုမျှမျှ(တစ်ယောက်နဲ့ တစ်ယောက်မျှဝေပြီး )တတ(အမေချက်တဲ့ဟင်းကောင်းလက်ျာမွန်လေးများ ကို တမ်းတကာစားရတယ် ။ရွာမှာာဆိုရင်တော့ ၀၀လင်လင်-ပြည့်ပြည့်၀၀စားနိုင်ခဲ့တယ်)ဆိုတာ မသင်ကြားရပဲ သဘောပေါက်သွားမိတယ် ။
  ဒီလိုနဲ့နောက်တစ်ရက် ဆွမ်းခံထွက်ချိန်ရောက်လာပြန်ရော မနေ့ကဦးဆောင်ခေါ်သွားတဲ့ကိုရင်လေးကလည်း နေ့စဉ်ရက်ဆယ် ဘယ်လမ်းပြပေးနိုင်မှာပဲ တစ်ရက်ခေါ်သွားတော်ပြီပေါ့ ။ ခက်တာက မိမိသည် ညာဏ်ထုံသူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ဘယ်လိုမှမမှတ်မိနိုင်ချေ မနေ့ကဆွမ်းခံရပ်ခဲ့တဲ့အိမ်တွေနား ယောင်လည်လည်သပိတ်ပိုက် ကာရောက်သွား၏ ။
   သို့သော် မသေချာလှသောအိမ်တွေထဲသို့အရမ်းကာရောမ၀င်ရဲတော့ပဲ ခြေဦးတည်ရာလျောက်သွားမိသည် သူတို့ပြောတဲ့ ဘုံလောင်းဆိုတာလည်း လေးခွဲငါးနာရီလောက်အစောကြီးထလောင်းကြတာဆိုပဲ မနက်ခြောက်နာရီလောက်ရောက်တော့ နေရောင်အောက်မှာ နှင်းပွင့်များနှင့်အတူပျောက်သွားကြလေပြီ။
     ထို့ကြောင့် ဘုံလောင်းလဲမမှီ ရပ်ဆွမ်းလည်းမရ ဒုက္ခလှလှတွေ့ရလေတော့၏။ အိမ်ရှေ့မှာလာသမျှကိုထွက်လောင်းနေသော တကာတကာမကြီးတို့၏ ဆွမ်းသုံးဇွန်းနှင့်  ဟင်းနှစ်ခွက် အကြော်တစ်ခုသာရချေသေးသည် သို့သော် ဒီအတိုင်းသာသ ကျောင်းပြန်သွားပါက ဆွမ်းဝိုင်းမှာ မျက်နှာမလှဖြစ်တော့မယ်။ အကြံတစ်ခုပေါ်လာ၏ မယ်တော်ကြီးကမြို့ရောက်ရင်လိုရာသုံးဖို့ဆိုပြီး ၀တ္ထုငွေလှုလိုက်တာပါသားပဲ ငါအဲဒီငွေနဲ့လောလောဆယ်ဝယ်စားမယ်ကွာ သပိတ်ပိုက်ပြီး အနီးနားက ထမင်းဆိုင်တစ်ဆိုင်သို့ဝင်ထိုင်ချလိုက်၏ ။
    ဆိုင်ရှင်တကာမကြီးကလာမေး၏
“ကိုရင် ဘာဟင်းနဲ့ဘုဉ်းပေးမှာတုန်းဘုရား “
“ တကာမကြီး ကိုရင့်ကို သပိတ်ထဲမှာ ဆွမ်းတစ်သပိတ် ဟင်းကောင်းသုံးခွက်လောက်နဲ့ ဆွမ်းခံသလိုထည့်ပေးဗျာ”
“ ကိုရင်ကလည်း ဆွမ်းခွက်လေးတွေကသေးတယ် ။တပည့်တော် အိပ်နဲ့ထည့်ပေးလိုက်မယ်လေ “ “ဟာ…မဟုတ်ဘူးတကာမကြီး ကျောင်းရောက်မှစားမှာမို့ ဆွမ်းခံပြန်လာတဲ့ပုံစံမျိုးသာ ထည့်ပေးလိုက်ပါ “    
    ဆိုင်ရှင်လည်း သဘောပေါက်ကာ ယင်းသို့ထည့် ပေးလိုက်လေ၏။ ထိုနေ့ဆွမ်းစားချိန်၌ကာ ဆွမ်းဝိုင်းသံဃာများတအံ့တသြဖြစ်ကြရလေတော့၏ ။
  “ ဟာာာ မင်းသပိတ်ထဲလျှံပယ်ပါလားကွ ဘယ်သွားဆွမ်းရပ်ခဲ့သလဲ “
“ လမ်းထဲတကာမကြီးတစ်ယောက်က လောင်းလိုက်တာပါဘုရား “
“ ဟာတို့လည်းလက်တို့အုံးဟ မောင်ဘုန်းရှင်ကံရှင်လေးရဲ့ “
     ကြားထဲမှာအခြောက်တိုက်နာမည်ကြီးသွားရလေတော့၏။ (ဘုန်းကြီးတယ်ဆိုပဲ အမေ့ကိုသာ ဒီအကြောင်းပြောပြရင် ၀မ်းနည်းပြီး ငိုမှာသေချာပါတယ် တစ်ခါမှတော့ဖွင့် မပြောဖြစ်ခဲ့ပါဘူး)


                                          * ကယ်တင်ရှင် မဏိမေခလာနတ်သမီးပေလော*

        ဒီလိုနဲ့နောက်ရက်ဆွမ်းခံထွက်ချိန်မှာလည်း ဦးပေစိဘုရားထဲမှာ တစ်နာရီနီးပါးအချိန်ဖြုံးနေလိုက်ကာ အပြန်မှထမင်းဆိုင်ကြွကာ ဆွမ်းဆွမ်းဟင်းများသယ်လာခဲ့ပြန်၏ ။ သို့ သော် သုံးရက်ဆက်တိုက်ဆွမ်းများလာလာဝယ်နေသော မိမိအားဆိုင်ရှင်တကာမကြီးက အသေးစိတ်မေးမြန်းလေတော့၏ ။
    “ ကိုရင်စာသင်ကြွလာတာလား “
“ဟုတ်တယ်ဗျ “
 ဘယ်တုန်းကရောက်လဲ ၊ဘယ်နယ်ကလဲ ၊အသက်ဘယ်လောက်လဲ စသည်စသည် ။
   မိမိကလည်း မန္တလေးမှာ အသိကျောင်း အသိတကာမများလည်းမရှိကြောင်း ယခုကျောင်းတိုက်ကြီးတောင်မှ ဆရာသမားကလာပို့ထားလို့သာရောက်လာရကြောင်း မိမိဆွမ်းလာဝယ်ရတာကလည်း နေ့လည်ဆွမ်းဝိုင်းမှာ မျက်နှာငယ်ရလို့ဖြစ်ကြောင်း ရင်ဖွင့်ချလိုက်လေ၏။ တကာမကြီးကား သနားသွားလေသည် ။သားအရင်းကဲ့သို့မှတ်ယူပါကြောင်းနှုင့် ညနေကျရင် အကြော်စုက နေအိမ်သို့ကြွခဲ့ပါ ၊ဆွမ်းခံအိမ်ဖိတ်ပေးမယ်ဟုပင့်လေတော့၏။

      အိမ်လိပ်စာလည်းစာရွက်လေးနဲ့ရေးပေးလိုက်သေးသည် ။သို့သော် ယခုမှမြို့သို့ရောက်လာသော မိမိအဖို့ဘယ်နေရာဘယ်လိုသွားရမည်ပင်မသိချေ ။ကိစ္စမရှိကျောင်းရောက်ရင်တော့ သူငယ်ချင်းတွေကိုမေးကြည့်ရပေမည်။
    မိမိသည် ဖော်မပြနိုင်လောက်အောင် ၀မ်းသာသွားလေတော့၏။ မျက်နှာတစ်ခုလုံးလမင်းကြီးလိုဝင်းပနေမှာတော့သေချာပါသည် ။ပေါ့ပါးသွက်လက်သော ခြေလှမ်းကျဲကြီးများနှင့်ကျောင်းတော်သို့ ပြန်ကြွချီခဲ့လေတော့သတည်း ။
   ညနေလေးနာရီစာဝါအပြီးမှာတော့ မိမိသင်္ကန်းသပ္ပါယ်နေလေ၏ အခြားကိုရင်များဦးဇင်းများလည်း စာဝါဆင်းလို့ကျောင်းဆောင်ပြန်လာကြ၏။ ဟာ..တောကကိုရင် ဘယ်များအလှုခံကြွမလို့လဲ ဟဲဟဲဟဲ ၀ိုင်းဝန်းပြောင်လှောင်နေကြလေ၏။  ဟဲဟဲ မဟာကံထူးရှင် ဆွမ်းခံအိမ်ဖိတ် ။အံမယ် မင်းကိုဘယ်သူကဖိတ်ပေးမှာတုန်း ၊ ဘုန်းလောင်းကြွပါဘုရား ဟဲဟဲဟဲ ။ အောင်မာ လူကိုအထင်သေးတာကွာ မနက်ကတကာမကြီးကပင့်တာကြွခဲ့ပါ သူလိုက်ဖိတ်ပေးမှာတဲ့ ။ ဟိုက် တယ်ဟုတ်ပါလားကွ တို့လည်းခေါ်ဦး ။ဟာ ဘယ်ခေါ်လို့ဖြစ်မလဲကွ မင်းတို့မှမကြည်ညိုတာ ။ငါမုန့်ရမှာ ကပ်စား ဟဲဟဲဟဲ ။ ဒီလိုနဲ့  ပြောင်ကာနောက်ကာဖြင့် လိပ်စာအတိုင်းရှာပြီး တကာမကြီးအိမ်သို့ရောက်သွားလေတော့၏ ။မိမိရွာကပါလာသော မြေပဲဆံအစိမ်းတစ်ထုတ်လည်း တကာမကြီးကိုပေးဖို့ယူသွားခဲ့ လေသည် ။တကာမကြီးနှင့်တကွ တစ်အိမ်သားလုံးကလည်း ဆွေရင်းမျိုးရင်းအလား ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံကြလေသည် ။ဘေးနားကအိမ်များမှ တကာမကြီးသုံးယောက်လည်း အလည်ရောက်နေကြရာ မိမိရောက်လာချိန်နှင့်ကိုက်သွားပြီး အကြောင်းစုံသိရလေသဖြင့် ဆွမ်းခံအိမ်ပင့်သွးကြပြန်ရာ နေရင်းထိုင်ရင် ဆွမ်းခံအိမ်လေးအိမ် တစ်ပြိုင်နက်ရရှိလေတော့၏။ နောက်တစ်ဖန် တကာမကြီးမှ အနီးနားမိတ်ဆွေတွေအိမ်ပါလိုက်ပို့ပေး၏ အားလုံးဆယ်အိမ်ခန့်ရှိသွားသော အခါ မိမိကအားနာလှ၍ ပြည့်စုံပါပြီဆိုကာ ပြန်လာခဲ့လေတော့၏။ မိမိရေနစ်နေရာမှာ သက်ငယ်မြက်တစ်ပင်ဖြစ်ခဲ့သော ထမင်းဆိုင်ပိုင်ရှင်တကာမကြီးကျေးဇူးကား တစ်သက်မေ့လို့ရမည်မဟုတ်တော့ပေ။
      ထိုနေ့မှစ၍ မိမိမှာ ဆွမ်းကွမ်းမကြောင့်ကျရတော့ချေ ။နေ့ထူးနေ့မြတ်များရောက်လျှင် မွေးနေ့ဘာညာ စသည်ရှိလျှင်ပင် ယင်းတကာမကြီးတို့တစ်သိုက်သည် ချိုင့်ကြီး ဇလုံကြီးများဖြင့် မိမိထံလာပို့ကြလေရာ ကျောင်းမှ ကိုရင်ဦးဇင်းများပါ အထူးတလှယ်ဘုဉ်းပေးရလေတော့၏ ။အခါအားလျော်စွာ ဆွမ်းစားပင့် ရာ၌လည်း ကျောင်းမှ ရင်းနှီးရာဦးဇင်းကိုရင်များကိုပါပင့်ပြီးကြွရလေတော့၏ ။ ထိုနေ့မှစ၍ မိမိသည် ဆွမ်းကွမ်းရှားပါးသော ဘ၀တူကိုရင်များကိုလည်း ခွဲဝေလှုဒါန်းပြီး ကူညီခွင့်ရခဲ့လေသည်။
    နောက်မိမိအနေကြာလာသောအခါ ဆွမ်ခံအိမ်မရှိဟုဆိုသော သီတင်းသုံးဖော်များကို မိမိနှင့်ကိုယ်ချင်းစာသနားပြီး ကိုယ်တိုင်ဆွမ်းခံအိမ်လိုက်ဖိတ်ပေးခဲ့လေသည်။

                                              *ဆွမ်းစားဝိုင်းမှ ရယ်ဖွယ်ဟာသများ*
   မိမိတို့ စာသင်သားလောကကရီစရာအချို့ကို ပြောပြချင်ပါသေးသည် ။ ဆယ်နာရီခွဲလောက် စာဝါများဆင်းလို့ ဆွမ်းဝိုင်းမှာ သပိတ်ကိုလှပ်ကြပြီဆိုလျှင် -
“ဟာ ဟေ့ကောင်ကြီး ဒီနေ့ဘာဟင်းရခဲ့လဲ”
“ဟဲဟဲ ထုံးစံအတိုင်း ၀က်သား နဲ့ ကြက်ကြော်ပေါ့ကွ”
ဆွမ်းခံအပြန်သပိတ်ပစ်ပြီး စာဝါပြေးကြရတော့ ဘာဟင်းလောင်းလှုလိုက်တယ်ကိုပင် မသိကြရသေးချေ ဆွမ်းဟင်းအစ်ခွက်လေးများကို လှပ်ပြီး ဘာဟင်းလောင်းလိုက်တယ်ဆိုတာ ကြည့်ရသည်မှာ ကံစံမဲနှိုက်ရသူပမာ ရင်ခုန်ဖွယ်ကောင်းလှ၏။
“မင်းတို့ကောင်တွေပြောရဦးမယ် ဒီနေ့ ငါဆွမ်းခံကြွတော့ အစိမ်းကြော်ပန်းကန်ကြီးကပြောင်သွားပီကွ ဒါ့နဲ့ တကာမကြီးက ဆွမ်းဟင်းခွက်ကို အိမ်ထဲယူသွားတယ် ဧကန္တတော့ ကြောင်အိမ်ထဲက၀က်သားချက်ဖြစ်မယ်ထင်တယ်ကွ”သူငယ်ချင်းတစ်ယောက်က ပြောပြောဆိုဆို သူ့ဆွမ်းဟင်းခွက်လေးကိုလှပ်လိုက်၏ ။
ထိုကိုရင်လေးမှာ မျက်နှာရှုံ့သွား၏။
“ဟားဟားဟား…”ကျွန်ုပ်တို့တစ်တွေုဝိုင်းရီမိကြတော့၏ အကြောင်းးသော်ကား ထန်းလျှက်ခဲများလောင်းလှုလိုက်သောကြောင့်  ပေတည်း။
နောက်တစ်ပါးကလည်း ဆွမ်းဟင်းခွက်လေးမဖွင့်ခင် လှုပ်ကြည့်လိုက်သည် ။
“ဟာ တော်တော်ပေါ့တယ်ဟေ့ အနုရုဒ္ဓမင်းသားကို သူ့အမေပို့ပေးတဲ့ မရှိမုန့်များလား ”
ဆွမ်းဟင်းခွက်လေးကိုဖွင့်ချလိုက်သည် ဂွပ်ဆိုတော့ ..
တစ်ရာတန် အသစ်အခေါက်လေးကျလာပြီး အားလုံးမျက်နှာဝင်းပသွားကြလေ၏။
“ဟားးးးမိုက်လှချေလားကွ ညစာအံကျောင်းဆင်းရင် ငါ့ဗီဒီထိုလိုက်ပြနော်ဟေ့ကောင်” “အေး အေး ငါကောကြည့်မယ် ငါကော “ယင်းသို့တစ်ခါတစ်လေ ဟင်းမကျက်သေးလို့ ဆွမ်းဟင်းဖိုးလှုလိုက်ကြသည်လည်းရှိ၏။
  နောက်တစ်ပါးက၀င်ပြောလိုက်တယ် ။ မင်းတို့ကောင်တွေအကုန်လုံးကို ပွဲသိမ်းဂိုးသွင်းမယ့်ဘုန်းရှင်ကံရှင်ကြွလာပြီဟေ့ “’ဒီမှာကြည့် ကြက်ကြော်ကွ”ဆွမ်းဟင်းခွက်ကိုဖွင့်လိုက်သည်တွင်ကား ၀ိုင်းဟားခံရလေတော့၏။ကြက်ကြော်မဟုတ်ပဲ ။ဆိတ်ကြော်ဖြစ်နေခြင်းကြောင့်တည်း။
   “ ဟင်း မင်းကနေ့တိုင်းဆိတ်ကြော်ပဲရတာကိုလာကြွား ဟားဟားဟား “
“ဟုတ်တယ်ကွာ ငါ့ဆွမ်းခံအိမ်ကတကာမကြီးက ခုထိဟင်းကို အခြားဟင်း မပြောင်းသေးဘူး ။ဒါတောင်သောက်ရေအိုးစဉ်အောက်မှာ ကန်ဇွန်းရွက်အစည်းလိုက်ကြီးဝယ်ထားတာတွေ့ခဲ့သေးတယ်၊ မနက်ဖြန်လည်းဆိတ်ကြော်ပါပဲကွာဟီးဟီး “
တစ်ပါးက ၀င်ပြောလိုက်ပြန်၏။” ကိုယ့်လူတို့ရေ တို့နှစ်ပါးကတော့ ဒီနေ့ပဲပြုတ်ရခဲ့တယ်ဟေ့ ။တို့ဆွမ်းခံမသွားခင်လေးတင် စတော်ပဲပြုတ်သည်ကြီးက ဈေးဝင်ရောင်းသွားတာကွာ မြေကြီးလက်ခတ်မလွဲ ပဲပြုတ်ဝယ်လောင်းပြီးပေါ့ “
                                                  .......................................

        ကျွန်ုပ်မယ်တော်ကြီးရောက်လာသောအခါ၌ကား မိမိတို့အိမ်သံပရာခြံမှ လက်ဖြစ်သံပရာချဉ်တည်ကာ ဟောလစ်ပုလင်းတစ်လုံးဖြင့်စီစိမ်ကာယူလာခဲ့လေသည်။ သို့သော် ကျွန်ုသည်ကား ငယ်ငယ်ထဲက ရှောက်ချဉ်သံပရာချဉ်များကို မကြည့်ချင်အောင်မုန်းလှပေ၏ ။အဘယ့်ကြောင့်ကားမသိပေ။ သို့ကြောင့် မယ်တော်ကြီးရှေ့မှာပင် ဒါကြီးအလေးခြံ့ပီးဘာလို့သယ်လာရပါလိမ့်လို့အပြစ်တင်ကာ အနီးမှသူငယ်ချင်းကိုရင်များကို စာချင်သူတွေ သံပရာချဉ်ယူစားကြကွာလို့ချကျွေးလိုက်ရာ ။ ကိုရင်တစ်သိုက်မှာ ဆွမ်းစားချိန်မှဆွမ်းဖြင့် စားသည်မဟုတ်ကြပဲ ဒီအတ်ုင် တစ်ယော က်တစ်လုံးနီးပါး သံပရာချဉ်များကိုယူစားကြရာ တခဏချင်းပင်ပြောင်းသွားလေတော့၏။မယ်တော်ကြီးလည်း -ကဲ သားတော်မောင် ဘာပြောချင်သေးလဲဟူသော မျက်နှာထားဖြင့်  ပြုံးပြုံးကြီးလုပ်နေလေတော၏။

                                            .....................................................
                                                   *မယ်တော်ကြီး၏ ဆန္ဒတစ်ခု*

       ကိုရင် တပည့်တော်မ ကိုရင်လေးတွေစာကျက်တာကြည်ညိုတာဘုရား အဲဒါ မနက်ဖြန်ဆွမ်းလောင်းချင်စိတ်ဖြစ်နေလို့ ဘယ်လိုလုပ်ရမယ်မသိဘူး ။ရွာမှာဆိုကောင်းမှာ ။ မယ်တော်ကြီးလောင်းချင်တယ်ဆို တိုက်ပေါက်ကနေ ဇလုံကြီးနဲ့ချပြီးလောင်းလို့ရတယ် ။နေအုံးဦးဇင်းတွေမေးကြည့်လိုက်ဦးမယ်။
    ဒီလိုနဲ့ဝိုင်းစိမံပေးကြရာ အကြော်သွားဝယ်ပေးကြသူနဲ့ စီမံပေးကြသူနဲ့ အားလုံးအဆင်ပြေသွားကာ နောက်ရက်မနက်ခြောက်နာရီမှာအားလုံးပြင်ဆင်ပြီး မစိုးရိမ်တိုက်ပေါက်အထွက် ကစွန်တဲပေါ်မှာဇလုံတင်ပြီး မယ်တော်ကြီးသည် လာသမျှဆွမ်းခံသံဃာများကိုဆီး၍ ဦးဥိးဗျားဖျားလောင်းလှုနေပြီးတည်း ။
    သို့သော် ကျွန်ုပ်မျက်နှာမထားတတ်တောင်ဖြစ်ရသည်မှာ မယ်တော်ကြီးကား ဆွမ်းခံကိုယ်တော်များသာမဟုတ် သပိတ်မပါပဲ နံနက်အစာပြေလ္ဘက်ရည်ဆိုင်ကြွကြသော ဦးဇင်းကိုရင်များပါ "အကြော်ဆွမ်း အလှုခံပါဘုရား"ဟု လှမ်းအော်လျှောက်ထားကာ အကြော်နှစ်ကွင်းဆီပေးလှုနေပြီး သံဃာတော်များလည်း သပိတ်မပါပေမယ့်  (မယ်တော်ကြီးကိုအားနာလို့ဖြစ်ကောင်းဖြစ်မည်)လက်နဲ့ ပဲအလှုခံကာ ယူသွားကြလေ၏။) မယ်တော်ကြီးကလည်း သပိတ်ပါတဲ့ ကိုယ်တော်တွေပဲလောင်းလေ ။
"ကိုရင်ကလည်း သူတို့လည်းမနက်ဗိုက်ဆာမှာပေါ့ "
။မိမိကားပြောမရပေ။

  ခဏအကြာမှာပင် အကြော်ဇလုံကြီးလည်းကုန်သွားကာ ကိုရင်ငယ်အချို့ကား ဘုံလောင်းတို့ထုံစံအတိုင်း မရလိုက်တော့ပဲ ဆွမ်းခံဆက်လက် ကြွသွားရဂလေတော့သတည်း ။မယ်တော်ကြီးလည်း ကိုရင်လေးတွေအကုန်လုံးအကြော်မလောင်းလိုက်ရလို့စိတ်မကောင်းဖြစ်တယ်လို့ခဏခဏပြောနေလို့ ။ ဟာ မယ်တော်ကြီးကလည်း ဇလုံတစ်လုံးလောက်တော့ တစ်တစ်လုံးသံဃာလောင်းလို့ဘယ်ရပါ့မလဲ ။ကြုံတဲ့ကိုယ်တော်ရတာပေါ့ ။လှုလိုက်တာပဲ ကုသိုလ်ပွားလို့ ပြောလိုက်ရပါတယ် ။
    မယ်တော်ကြီးကား ရွာပြန်ရောက်ကတည်းက ယနေ့တိုင်အောင် စာသင်သံဃာတော်များ ဆင်းရဲကြပုံ သူအကြော်လောင်းခဲ့ ပုံစတာတွေကို ပြောမဆုံးတော့ချေ ။ မိမိရွာသို့အလည်လိုက်လာကြသော တိုက်မှသူငယ်ချင်းများကိုလည်း လိုလေးသေးမရှိရအောင် ဆွမ်းကွမ်းချက်ပြုတ်ကပ်ကာ လှူဒါန်းခွင့်ရသည့်အတွက်လည်း ကြည်နူးမဆုံးဖြစ်နေရသည်ဟူ၏။
                                            ....................................................


          မိမိတို့သည် ရီစရာမောစရာမည်မျှပင်ပြောကြငြားသော်လည်း အမဲသားငါးဟင်းလျာများကို တပ်မက်မောသောကြောင့်ကားမဟုတ်ပေ ။ မိမိတို့ဆွမ်းဝိုင်းမှာ စားရင်းသောက်ရင် စကြနောက်ကြခြင်းသာတည်း ။အမှန်မှာ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုသလို ၊ မိမိတို့စားမြိန်သော ဟင်းလျာများကိုလောင်းလှုနေကြ၍ နေ့စဉ်ဟင်းကောင်းဟင်းမွန်များကိုလောင်းလှုနေကြသည်သာတည်း ။ ကိုယ်တော်တစ်ပါးကလည်းပြောပါသေးသည် “ငါဆွမ်းခံတိုင်း ဟင်းကောင်းချင်းလောင်းသဗျာ ””ဟာ လုပ်စမ်းပါအုံးကိုယ်တော် ဘာဟင်းတွေရလဲ ဘုန်းရှင် ကံရှင် ပါလားဗျ” “ကောင်းဆို သိုးမှမသိုးသေးပဲကိုးဗျ ””ဟားဟား မှတ်သားထိုက်ပါပေဗျာ” မိဝေးဖဝေးမှာ စာလာသင်ကြရသူများဖြစ်သည့်အလျောက် နှစ်နှင့်ချီကာ ဆွမ်းခံကြွလာကြသောအခါ မန္တလေးဆွမ်းတကာမများမှာ မိဘရင်းသဖွယ်ဖြစ်လာကြတော့၏ ခင်ရာဆွေမျိုးပေတည်း ။မိမိသည်ပင် ရန်ကုန်သို့ပြောင်းရွှေ့စာသင်ကြွတော့မည်ဟုဆိုသောအခါ ။ ရှမ်းဝိုင်းထဲမှာ တကာကြီးတကာမကြီးတို့တစ်သိုက်သည် ကားဖြင့်ဘူတာသို့ လိုက်ပါပို့ဆောင်ကြလေသည်။ တချို့တကာမကြီးများသည် ၀မ်းနည်းကြရှာ၍ မျက်ရည်ဖြိုင်ဖြိုင်ကျနေသည်ကို မိမိကိုယ်တိုင်မြင်ခဲ့ရ၏။ နောက်လည်းမကြာမကြာလာလည်ပါဘုရားဟု မှားကြားလိုက်ကြပေ၏။ မိမိသည်ပင် ရထားဘီးစလိမ့်သောအခါ လက်ကိုခါပြရင်း ကျန်ရစ်ခဲ့သော ဆွမ်းတကာတကာမကြီးတို့တစ်သိုက်ကိုကြည့်ကာ များစွာစိတ်မကောင်းဖြစ်သွားရလေသတည်း။
                           …………………………………………………….

   အမှန်တကယ်ပင် မန္တလေးတကာတကာမများဟာ ကမ္ဘာမှာစံတင်လောက်တဲ့ ထက်သန်တဲ့ သဒ္ဓါတရားရှိသူများသာဖြစ်လေသည် ။ ကျွန်ုပ်တို့လေးနာရီလောက်ဘုံလောင်းထကြွမည်ဆိုလျှင်လည်း လောင်းလှုနေကြည်သာတည်း။ မည်သူမှမနက်လင်းတာနှင့်  ထမင်းဟင်းချက်ပြီးဖြစ်နေဖို့ဆိုသည်မှာ နေ့စဉ်မဖြစ်နိုင်ပေ အများအားဖြင့် ဆယ့်တစ်နာရီလောက်မှ ဈေးသွားချက်ပြုတ်ပြီးစီးရသည်သာတည်း ။
    သို့သော် မနက်စောစော ခေါင်းရွက်ဈေးသည်တို့လာလျှင် သံဃာတော်များဆွမ်းလောင်းဖို့ရည်စူးကာ ပဲနီပြား ၊ဆားတော်ပဲ၊ အကြော် ၊ကောက်ညှင်းပေါင်း စတာတွေဝယ်ကာ လောင်းလှုကြရလေ၏။ တချို့တကာမများလျှောက်ဖူးသည်ကား သုံး ရက်တစ်ခါတော့ ဟင်းကောင်းလေးဖွယ်ဖွယ်ရာရာချက်လောင်းနိုင်အောင်ကြိုးစားကြပါသည်တဲ့ ။ဟုတ်တယ်လေ နေ့စဉ်ဟင်းကောင်းချက်စားဖို့ဆိုတာ ဘယ်သူမှဘယ်မိသားစုမှမဖြစ်နိုင်ပေ ။နောက်ပြီး ဆွမ်းခံသံဃာများသည် အစကမိမိတို့နိုင်သလောက်ငါးပါးသာ တာဝန်ယူထားကြရာက ။ ဆွေးမျိုးချင်း အသိမိတ်ဆွေချင်းရင်းနှီးပြီး ငြင်းမရသူများက လိုက်ပြီးဆွမ်းဖိတ်ပေးလျှင်လည်း လက္ခံကြရပြန်သောအခါ အမှန်တစ်ကယ်ပင် ဆယ့်ငါးပါးအပါးနှစ်ဆယ်ရှိလေ၏။ အချို့အိမ်များမှာဆို သံဃာငါးဆယ်တစ်ရာရှိကြသည်တည်း။
    ယင်းဆွမ်းခံသံဃာများဆွမ်းဝတ်အတွက် ကန်စွန်းရွက် မုံလာထုတ်များဝယ်ကြကာ အစိမ်းကြော်များချက်လောင်းကြသည်များသောကြောင့် အများအားဖြင့် ဟင်းများမှာတူညီနေပြီး ပဲပြုတ်နှင့်အစိမ်းကြော် ခရမ်းသီးများသာများလေသည်။
    စာချဘုန်းကြီးများကလည်း စာချရင်း ဆွမ်းဟင်းနဲ့ပတ်သက်ပြီး ရီစရာမောစရာများပြောတတ်ကြ၏။” အံမယ် မင်းတို့ ပဲပြုတ် ခရမ်းသီး အထင်မကြိးကြဘူးထင်တယ် ။အခုကမ္ဘာပတ်နေတဲ့ တိပိဋကဆရာတော်တွေဆိုတာ ပဲပြုတ်ခရမ်းသီးစားပြီး ဆရာတော်ကြီးတွေဖြစ်ရတာပါကွာ ။ ခရမ်းသီးဥဏှောက်ကလည်း ကမ္ဘာကျော်နိုင်တယ်ဗျား”
    စာချဘုန်းကြီးပြောသည်က ခြိမ်းမွမ်းစကား ကျွန်ုပ်တို့ပြန်ပြောကြသည်ကား “တိပိဋကလည်း ခရမ်းသီးပဲပြုတ်စားရတာပဲ မင်းလည်းခရမ်းသီးပဲပြုတ်ပါပဲကွာ ပဲပြုတ်ဦးဏှောက်လေးနဲ့ လာပြီး လေကြီးလေကျယ်ပြောမနေပါနဲ့ အထင်မကြီးဘူးဟေ့”ဟူသတည်း။
                               ………………………………….
ကျွန်ုပ်ရန်ကုန်သို့ပြောင်းရွှေ့စာသင်ရာ၌ကာ ဆွမ်းတကာမများသည် ကိုးနာရီခွဲထက်စောကြွလျှင် ဆွမ်းအလင်မှီအောင်မချက်ပြုတ်နိုင်ကြပဲ ဆယ်နာရီဆယ်နာရီခွဲမှ ကြွပေးပါရန် အချိန်သတ်မှတ်ပန်ကြားကြလေ၏ ။ယင်းအချိန်ကျမှ ဆွမ်းခံကြွသောအခါ၌ကာ နေကပူပူး ကားလမ်းကတ္တရာကပူပူ ကျောက်ဖြုတ်တွေကစူး ။သပိတ်ကပူပူဖြင့်  ဆွမ်းခံပြန်ရောက်တိုင်းပြန်ရောက်တိုင်း အလွန်ပင်ပမ်းသည်ကိုကြုံတွေ့ရသောအခါမှ သြော် မန္တလေးမှာက ဘယ်အချိန်ထဆွမ်းခံကြွကြွရသဟ ။မြို့တော်ရွှေရန်ကုန်ကြမှ ဥပုသ်နေ့တို့ရုံးပိတ်ရက်တို့ဆိုပါကလည်း တံခါးချိတ်ပိတ်ကာ မိသားစုလိုက် ပစ်ကနစ်ထွက်သည်ကရှိကြသေး။ သူတို့တွေပြန်လာကြလျှင်တော့ ဦးဇင်းလေးအတွက်အမှတ်တရဆိုကာ မုန့်ထုတ်တွေဝယ်လာတတ်ကြပါရဲ့ ဒါပေမယ့် တစ်နေ့ရွှေ တစ်နေ့ငွေသာဖြစ်ပြီး  နေ့စဉ်ဆွမ်းဝတ်မပြုနိုင်ကြရှာတဲ့ တကာမများအပေါ်ကိုကား (မိမိအမှန်ဝန်ခံရလျှင်) မန္တလေးတကာတကာမများလောက် မခင်တွယ်မိတော့ချေ။
    နောက်ထေရ၀ါဒတက်သောအခါ၌ကား  ကျောင်းမှာပင်ဆွမ်းကပ်၍ ဆွမ်းခံခြင်းကိစ္စရပ်နားလိုက်ရသောကြောင့် အာဟာရပရိယေသန ဆွမ်းခံကြွရခြင်း ဒုက္ခမှ များစွာကင်းဝေးခဲ့ရလေတော့၏။
                                     ………………………………….

ကျွန်ုပ်လည်း မန္တလေးရွှေမြို့တော်ရောက်လို့ တစ်လကျော်လောက်ကြာသောအခါ နေသားကျသွားပြီဖြစ်သဖြင့် မယ်တော်ကြီးဆီစာရေးရင်း ကျေးဇူးကြီးလှသော ထိုဆွမ်းတကာမကြီးမိသားစုအကြောင်းကို (မိမိဆွမ်းဒုက္ခရောက်ခဲ့သည်များကိုချန်လှပ်ကာ) ရေးသားဖော်ပြကာ ပို့လိုက်လေသည် ။ထိုအကြောင်းစုံကိုသိရသော  မယ်တော်ကြီးသည် စားစရာများ ကြော်လှော်ချက်ြ့ပုတ်ကာ လက်ဆောင်ပစ္စည်းများစွာဖြင့်မန္တလေးရောက်လာတော့၏။ ထိုထမင်းဆိုင်တကာမကြီးအိမ်သို့ လက်ဆောင်ပေးရင်း ကျေးဇူးတင်စကားပြောဖို့သွားလည်ကြရာ ထမင်းဟင်းများခူးခပ်ကျွေးပြီး ရေမိုးလည်းသူ့အိမ်မှာပဲ ချိုးစေကာ မိမိအိမ်ယာကဲ့သို့နေရန်လည်း ခွင့်ပေးလေသည် ။ယင်းကဲ့သို့ တစ်ဦးတစ်ယောက်အပေါ်ယုံကြည်မှုအပြည့်ဖြင့် ကူညီပေးသူ မိတ်ကောင်းဆွေကောင်းမျိုးကား လောကမှာ ရှားပါးလှမည်ဟု တွေးလိုက်မိ၏။  သဘောထားအလွန်ကြီးစွာပင် သူ့အိမ်မှာပင်တည်းပါဟုဆိုကာ ဖိတ်ရှာသေး၏ ။
    သို့သော် မယ်တော်ကြီးသည် “ကိုရင်တွေစာကျက်တာကြည်ညိုချင်ပါသည် သားတော်မောင်ရှိရာ ကျောင်းမှာသာ အိပ်ပါမည် အဆင်ပြေပါသည်”ဆိုကာ ငြင်းလိုက်သဖြင့်  ထိုညအဖို့ မယ်တော်ကြီးမှာ မီးဖိုဆောင်အတွင်းက ကြက်ခိုးအလိန်းလိန်းကပ်နေသော ကုဋင်အိုတစ်လုံးမှာသာ အိပ်ဖို့နေရာပြင်ဆင်ပေးရလေ၏။ မိမိသည်ပင် ဖျာတစ်ချပ်စာနေရာအနိုင်နိုင်ရရှိသော သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး စာသင်သားများပင်  သစ်ပင်အောင် ၀ရံတာတိုင်အောင် ဖြစ်သလိုအိပ်ကြရပေ၏။ ယင်းမီဖိုဆောင်ကနေရာကိုပင် အိပ်သောသူငယ်ချင်းအား တစ်ညတာမျှ မိမိမယ်တော်အိပ်စရာနေရာရအောင် နေရာပေးပါဟုမိမိကအကူညီတောင်း၍ သူကကျောင်းပေါ်တက်အိပ်ပေးခြင်းဖြစ်လေတည်း။
       မယ်တော်ကြီးလည်း ကျွန်ုပ်တို့ နေထိုင်ကြပုံများ စာကျက်ကြပုံ ဆွမ်းစားကြပုံများကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ကြည်နူးဝမ်းသာစွာ ရွာသို့ပြန်သွားလေတော့သတည်း ။သို့သော် ယနေ့ထက်တိုင်အောင် မိမိဆွမ်းကွမ်းကိစ္စ အဘယ်သို့ဒုက္ခရောက်ခဲ့ရသည်ကို မသိခဲ့ရပေ။ မိမိသည်လည်း မယ်တော်ကြီးကျေးဇူးကို သတိရစွာဖြင့်  အမှတ်တရ ကဗျာနှစ်ပုဒ်စပ်ခဲ့ဖူးလေသည် ။
(ယင်းကဗျာများကို ပြာသိုလပြည့်အမေနေ့ရောက်သောအခါ မစိုးရိမ်တိုက်ပေါက်က ကြော်ငြာဘောမှာ သွားရောက်ကပ်ထားလိုက်လေသည် ။မိခင်ချစ်မြတ်နိုးကြတဲ့စာသင်သားများကလည်း လာရောက်ကူးယူနေကြသည်ကိုတွေ့ရ၏ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း မိမိရင်တွင်းကကဗျာလေ ။ယင်းကိုအမှတ်ရစွာဖြင့် ကျွန်ုပ်၏ဖေ့ဘုတ်မှာလည်းပဲ ဖော်ပြဖူးပြီးသားဖြစ်၏ )
                               ……………………………………
                *အမေ့ပုံရိပ်*

ပျော့ညံ့တဲ့မိန်းမသားဆိုတာ
ပုံပြင်ထဲမှားလားအမေ !

မိသားစု ၀မ်းစာရေး
အမေရှာဖွေကျွေးရတယ်

မနက်ကမိုးချုပ်
အမေအလုပ်လုပ်ရတယ်

တောသွားတာလည်းအမေ
ချက်ပြုတ်တာလည်းအမေ

ဒီလိုတွေပင်ပန်းနေပေမယ့်
အမေတချက်မငြီးခဲ့ဘူး။

အမေကိုယ်တိုင်စာမတတ်ပေမယ့်
သားကိုတော့ကျောင်းအပ်ပေးခဲ့တယ်။

'စာကြိုးစားပါ လူလေးရယ်
ငယ်ရွယ်စဉ်မှာပညာရှာရတယ်
လှေပြေးတုန်းတက်ကျိုးရင်
အမေရင်ကျိုးရချေရဲ့....တဲ့'


နားလည်ဖွယ်စကားလုံးတွေနဲ့
အမေဆုံးမပေးခဲ့တယ်

သားအတွက်ကျေးဇူးကြီးတဲ့
မေတ္တာရှင်မကြီးအမေ

အမေကျန်းမာစေဖို့
နေ့စဉ်မေတ္တာ ပို့သနေလျှက်ပါ..
                    ……………………………………
           *စိတ်ချပါအမေ*

အမေနဲ့ဝေး မန္တလေးမှာ
လူလေးကျန်းမာရဲ့လားကွယ်....

ရွယ်တူငယ်သေး ကိုရင်လေးတွေ
သပိတ်ပွေ့လျှက် ဆွမ်းခံထွက်ရင်
ကြည်ညိုဖူးမြင် အမေ့ရင်မှာ
သားကိုရင်ပဲ ထင်မိတယ် ။

မိုးတွေစိုစို တိမ်တွေပြိုရင်
အမေရောယောင် ငိုမိတယ်

မိုးရေတွေကြား ဆွမ်းခံသွားရင်
ဖျားနေမှာလည်း စိုးမိတယ် ။

ဆွမ်းကွမ်းရှားပါး အမေကြားလို့
ဆွမ်းဖိုးငွေလည်း ပါးလိုက်တယ်။

လမ်းကူသွားလာသတိထား
ယာဉ်တွေကားတွေ ပေါလှတယ်။

ငယ်ရွယ်စဉ်ခါ စိတ်ကစားပြီး
လမ်းမှားမှာလည်း စိုးရတယ်.....တဲ့


သြော် အမေရယ်
ကမ္ဘာမှာ နာမည်ကြီးတဲ့
မစိုးရိမ်တိုက်သစ်ကြီးမှာ
အတတ်လည်းသင် ပဲ့ပြင်ဆဲုးမ
နာယကတွေရှိပါတယ် ၊

အရာရာစည်းကမ်းကျတဲ့
မစိုးရိမ်ကျောင်းသားဘဝ
စိတ်ချထားပါအမေ

အမေနဲ့ဝေးရာသွားပြီး
ပညာသင်ကြားရပေမယ့်
အမေ့စကား သားပြန်ကြားပြီး
စာပေကြိုးစားနေပါ့မယ် ....။

                                အရှင်ဝိမလာလင်္ကာရ(မုံရွာ)
               by လင်္ကာ အရှင် on Thursday, January 26, 2012 at 9:33am ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..