အယော ပဋ္ဋောဝ စီဝရံ၊၊
ဝိဟာရော အဟောကုမ္ဘီဝ၊
သတ္တိဝေဓောဝ အဉ္ဇလီ။
*ရဟန်းသိက္ခာ ကောင်းစွာ မကျင့် ပုထုဇဉ်ဆိုး ရဟန်းမျိုး၏ တကာ တကာမ သဒ္ဒါကြွ၍
ထာဝရလှူဒါန်း စားဖွယ်ဆွမ်းသည်လည်း အရှိန်ရဲရဲ မီးလျှံစွဲသည့် သံခဲသံလုံး
သံတုံးတွေနှင့် တူလှပေ၏။
*ကိုယ်ဝယ်ဆင်မြန်း ဝတ်သင်္ကန်းသည် အရှိန်ကြီးမား မီးလျှံဝါးသည့်
သံပြားကြီးနှင့် တူလှပေသည်။
*သွားရပ်ထိုင်လျှောင်း နေရာကျောင်းသည် ဝန်းကျင်တောက်ပြောင်
ရဲရဲလောင်ညီး သံအိုးကြီးနှင့်တူလှပေ၏။
*လူသူအားလုံးများညွတ်ရုန်းလျှက် ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး
လက်စုံမိုး၍ရှိခိုးကြခြင်းသည် အရောင်လက်လက် မြမြ ထက်သည့် လှံရွက်ကိုမိုး
ဝိုင်း၍ ထိုးသည်နှင့်တူလှလေသတည်း။
အထက်ပါ ဂါထာတော်အရ ရဟန်းကျင့်ဝတ်သိက္ခာနှင့် မပြည့်စုံပါက လူဒါယကာ ဒါယိကာမတို့က သီလ၀န္တသူတော်စဉ်သူတော်ကောင်းတို့အား ရည်မှတ်၍ လှုဒါန်းအပ်သော ပစ္စည်းလေးပါးသည် အလွန်အန္တရာယ်များလှတဲ့ အဆိပ်အတောက်သဖွယ်ဖြစ်ပါသတဲ့ ။
အစာအာဟာရကို သုံးဆောင်ဘုဉ်းပေးရာမှာ သီလ၀န္တသူတော်စဉ်ပင်ဖြစ်စေကာမူ အာဟာရေပဋိကူလသညာမပွားများပဲ အာဟာရကို တပ်မက်မှုလောလုပ္ပတဏှာနဲ့ ဘုဉ်းပေးသုံးဆောင်ခဲ့ပါက ရသတဏှာပွားပြီး ရဟန်းတရားထူးရဖို့ အလှမ်းဝေးရမှာဖြစ်ပါတယ်
………………………………
''န ကိရတ္ထိ ရသေဟိ ပါပိယော၊
အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊
ဝသမာနေသိ ရသေဟိ သဉ္ဇယော''တိ။ (ဇာ၊ ၁။၁။၁၄)ဆိုတဲ့
ဇာတကဂါထာအရလည်း ရသတဏှာဆိုတာ အာဝါသဆိုတဲ့ နေရာဒေသကိုတပ်မက်မှု အပေါင်းအသင်းသားမယားစတဲ့ အနှောင်အဖွဲ့ကိုတပ်မက်မှုတို့ထက်လည်း ဖြတ်ရခက်ပါတယ် လို့ ဆိုထားပါတယ် ။ ပေါရိသာရ ၊ ၀ါတမိဂသမင်မင်း နဲ့ မိမိ၏ သားကိုပင် ဂုတ်ချိုးသတ်ကာ အမြည်းအလုပ်ခိုင်းခဲ့တဲ့ ဇာတ်တော်လာ ၀တ္ထုကြောင်းများအရလည်း ရသတဏှာ၏ ဆိုးဝါးပြင်းထန်ပုံကို ပုံဖော်မှန်းဆနိုင်ကြလိမ့်မယ် ထင်ပါတယ် ။
……………………………..။ဒါ့ကြောင့်မို့ မြတ်ဗုဒ္ဓက အစာအာဟာရအပေါ်မှာ နှလုံးသွင်းရမည့် စိတ်ထားလေးကို နိဒါန၀ဂ္ဂသံယုတ် -ပုတ္တမံသူပမသုတ်တော်မှာ အောက်ပါအတိုင်းဟောပြတော်မူခဲ့ပါတယ် ။
………………………………..
ရဟန်းတို့ ကဗဠီကာရအာဟာရကို အဘယ်သို့ မှတ်အပ်သနည်း။
ရဟန်းတို့ ဥပမာသော်ကား လင်မယားနှစ်ယောက်တို့သည် အနည်းငယ်သော ရိက္ခာကို ယူ၍ (သွားလာမှုခက်သော) ခရီးခဲသို့ သွား ကုန်ရာ၏၊ ထိုလင်မယားနှစ်ယောက်တို့အား ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်း သော သားငယ်သည်လည်း ရှိရာ၏၊
ရဟန်းတို့ ထိုအခါ ခရီးခဲသို့ သွားကုန်သော ထိုလင်မယား နှစ် ယောက်တို့အား အနည်းငယ်သော စားနပ်ရိက္ခာသည် ကုန်ခြင်းသို့ ရောက်ရာ၏၊ ထိုလင်မယား နှစ် ယောက်တို့အား မကူးမြောက်ကြရသေးသော ဤခရီးခဲသည်လည်း ကြွင်းကျန်သေး၏၊ ရဟန်းတို့ ထိုအခါ ထိုလင်မယားနှစ်ယောက်တို့အား ဤသို့သော အကြံ ဖြစ်၏- ''ငါတို့အား အနည်းငယ်မျှသော ရိက္ခာသည်လည်း ကုန်ခန်းပြီ၊ မကူးမြောက်ကြရသေးသော ခရီးခဲသည်လည်း ကြွင်းကျန်သေး၏၊
အကယ်၍ ငါတို့ သည် ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်းသော သားငယ်ကို သတ်၍ အသားညှင်း အသားတုံး ပြုပြီးလျှင် သားငယ်၏ အသားတို့ကို စားကြကုန်လျက် ထိုကြွင်းကျန်သေးသော ခရီးခဲကို ကူးမြောက်ကြရမူကား ကောင်းလေရာ၏၊ သုံးယောက်စလုံး မပျက်စီးပါစေကုန်လင့်''ဟု (အကြံ ဖြစ်၏)၊
ရဟန်းတို့ ထိုအခါ လင်မယားနှစ်ယောက်တို့သည် ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော ထိုတစ်ယောက် တည်းသော သားငယ်ကို သတ်၍ အသားညှင်း အသားတုံး ပြုပြီးလျှင် သားငယ်၏့အသားတို့ကို စားကြ ကုန်လျက် ဤသို့ ကြွင်းကျန်သေးသော ထိုခရီးခဲကို ကူးမြောက်ကုန်ရာ၏၊ ထိုလင်မယား နှစ်ယောက်တို့ သည် သားငယ်၏ အသားတို့ကို စားလည်း စားကုန်၏၊ ''တစ်ယောက်တည်းသော သားကလေး အဘယ် မှာနည်း၊ တစ်ယောက်တည်းသော သားကလေး အဘယ်မှာနည်း''ဟု ဆို၍ ရင်တို့ကိုလည်း ထုကုန်ရာ၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလင်မယားနှစ်ယောက်တို့သည် မြူး တူးခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလော၊ မာန်ယစ်ခြင်းငှါလည်း အာဟာရကို သုံးဆောင် ကုန်ရာသလော၊ တန်ဆာဆင်ခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလော၊ အပြေအပြစ် ပြုခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလောဟု မေးတော်မူ၏၊ အသျှင်ဘုရား ဤသို့ မဟုတ်ပါ။ ရဟန်းတို့ ထိုလင်မယားနှစ်ယောက်တို့သည် ခရီးခဲကို ကူးမြောက်ရုံငှါသာလျှင် အာဟာရကို သုံးဆောင်ကြ ကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)၊ အသျှင်ဘုရားဟုတ်ပါ၏။ ရဟန်းတို့ ဤအတူသာလျှင် ''ကဗဠီကာရအာဟာရကို မှတ်အပ်၏''ဟူ၍ ငါဘုရား ဟောတော်မူ၏။ ရဟန်းတို့ ကဗဠီကာရအာဟာရကို ပိုင်းခြား၍ သိသည်ရှိသော် ကာမဂုဏ်ငါးပါး၌ တပ်မက်မှု ကာမရာဂကို ပိုင်းခြား သိနိုင်၏၊ ကာမဂုဏ် ငါးပါး၌ တပ်မက်မှု ကာမရာဂကို ပိုင်းခြား၍ သိသည်ရှိသော် အရိယာတပည့်သည် အကြင်ကာမဂုဏ်၌ တပ်မက်နှောင်ဖွဲ့မှု 'ကာမရာဂသံယောဇဉ်'နှင့် ယှဉ်သည်ဖြစ်၍ တစ်ဖန် ဤကာမဘုံလောကသို့ လာရောက်၏၊ ထိုနှောင်ဖွဲ့မှု သံယောဇဉ်သည် မရှိ။ |
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အထက်ပါ ပုတ္တမံသူပမသုတ်တော်ကို လေ့လာမှတ်သားရခြင်းဖြင့် အစာအာဟာရအပေါ်၌ ပဋိကူလသညာတင်ပြိး စက်ဆုပ်ဖွယ်အဖြစ်မြင်အောင်ရှုပွားနိုင်ပါကကောင်း၏ သို့တည်းမဟုတ် ။ အစာအာဟာရက မွန်မြတ်ကောင်းမွန်နေလျှင် ရသတဏှာတိုးပွားပြိး အပါယ်သွားရမယ့်လမ်းကြောင်းကိုသာ လိုက်နေမိပေလိမ့်မည်။ အကယ်၍ အစာအာဟာရက ယုတ်ညံ့နေခဲ့လျှင်တောင်မှ ပဋိကူလသညာမပွားနိုင်ပဲ အကောင်းအမွန်ကိုသာတပ်မက်နေသူဖြစ်ပါက ယင်းအစာအာဟာရအပေါ်ကို သည်းမခံနိုင်မှု ဒေါသ ဒေါမနဿတွေတိုးပွားကာ အကျိုးများဖို့မလွယ်ကူပေ ။ထို့ကြောင့် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သလို အာဟာရေ ပဋိကူလသညာပွားများပြီး ဘုဉ်းပေးသုံးဆောင်မှ သံထွေသံခဲကို စားသုံးသူမဟုတ်မူ၍ မြတ်ဗုဒ္ဓ၏ အမွေ မွန်မြတ်သော ဆွမ်းဆွမ်းဟင်းများကို ထိုက်တန်စွာ ဘုန်းပေးသုံးဆောင်ခွင့်ရနိုင်ကြမှာဖြစ်ပါတယ် ။
ကဿပသံယုတ် စီဝရသုတ်တော်၌လာသော အရှင်မဟာကဿပကြီးက အရှင်အာနန္ဒာအား မိန့်တော်မူခဲ့သောစကားတစ်ခွန်းကား အားကျမြတ်နိုးဖွယ်ကောင်းလှပေ၏
“ ငါ့သျှင် ငါသည် ခုနစ်ရက်သာလျှင် ကိလေသာနှင့် တကွဖြစ်လျက် ပြည်သူတို့ ဆွမ်းကို စား၏၊ ရှစ်ရက်မြောက်၌ အရဟတ္တဖိုလ်သည် ထင်ရှားဖြစ်၏။ “ ဟူသည်တည်း ။
အကျွန်ုပ်တို့မှာကား ဘယ်သောအခါများမှ ကိလေသာအပူငွေ့မသမ်းပဲ အေးချမ်းလှတဲ့ ထမင်းကြမ်းခဲကို ယပ်ခပ်ပြီး စားခွင့်ရပါလိမ့်မလဲ(အပြစ်ကင်းစွာ အးအေးလူလူ စားရပါလိမ့်မလဲ ) လို့ပဲ မျှော်လင့်တောင်းတမိပါရဲ့ ။
ကိလေသာအကုန်ငြိမ်းအေးပြီ ဆိုတဲ့အခါမှသာ အရှင်မဟာကဿပ မထေရ်ကြီးမိန့်တော်မူခဲ့သလို ကိလေသာနှင့်တကွ တိုင်းသားပြည်သူတို့၏ဆွမ်းကိုမစားရတော့ပဲ အရိယာတို့၏ မိမိပိုင်ဥစ္စာကို သုံးဆောင်ခံစားသကဲ့သို့ သာမိပရိဘောဂ အဖြစ်နဲ့ သုံးဆောင်ခွင့်ရကြမှာဖြစ်ပါကြောင်းကိုလည်း ရှာဖွေတင်ပြပေးလိုက်ရပါတယ်။
လင်္ကာအရှင် (မုံရွာ)
No comments:
Post a Comment