ဗာရာဏသီပြည် သေနကမင်းကြီးစိုးစံစဉ် ဘုရားအလောင်းသည် အိုးထိမ်းသည်အမျိုး၌ဖြစ်၍ လူမမယ် သားတစ်ယောက်နှင့် သမီးတစ်ယောက်လည်းရှိလေသည်။
ထိုအချိန်၌ ကာလိင်္ဂတိုင်း ဒန္တပုရ မြို့မှ ‘ကရဏ္ဍက’မင်းသည် ဥယျာဉ်တော်သို့ထွက်လာရာ ဥယျာဉ်တံခါးဝ၌ အသီးများနှင့် ပြွတ်နေသော သရက်ပင်ကိုတွေ့ရ၍ ဆင်ပေါ်မှနေ သရက်ခိုင်ကိုခူးယူ၍ ဥယျာဉ်တော်သို့ဝင်လေ၏။ ကျန်ပရိတ်သတ်များလည်း စည်းမဲ့ကမ်းမဲ့ သရက်သီးကိုခူးယူကြရာ သရက်တစ်ပင်လုံးအသီးများလည်းမရှိကြတော့ပဲ အခက်များလည်းကျိုးပဲ့ကုန်တော့သည်။ မင်းကြီးဥယျာဉ်တော်မှ ပြန်ထွက်လာသောအခါ ထိုအချင်းအရာကိုတွေ့မြင်ရ၍ အခြားတစ်ဖက်မှ အသီးကင်းဆိတ်သောသရက်ပင်များမှာမူကား အလှလည်းမပျက် အရွက်လည်းမကြွေ စိမ်းစိမ်းဝေလျှက်ပင်ရှိကြလေသည်။ မင်းကြီးလည်း “ဤသရက်ပင်ကား အသီးရှိ၍သာပျက်စီးခဲ့ရပေသည်။ အခြားသရက်ပင်များကား အသီးမရှိ၍ရပ်တည်နေနိုင်ကြသည်။ ငါသည်လည်း ဤနန်းတော်ပေါ်၌ နေခြင်းသည် အသီးရှိသောသစ်ပင်နှင့်တူပေ၏၊ ရသေ့ရဟန်းအဖြစ်ကား အသီးမရှိသောသစ်ပင်နှင့်တူ၏၊ ဘေးဟူသည် ဥစ္စာရှိသူအပေါ်၌ကျရောက်တတ်စမြဲ ဥစ္စာမရှိသူအပေါ်၌မကျရောက်ပေ…” စသည်ဖြင့် သံဝေဂညာဏ်ပွားကာ လက္ခဏာရေးသုံးတန်တင်၍ ၀ိပဿနာရှုပွားရာ ခဏချင်းပင် ပစ္စေကဗောဓိညာဏ်ကို ရရှိသွားလေသည်။
ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်မှ ‘နဂ္ဂဇိ’မင်းသည်လည်း မိမိအနီးတွင်ထိုင်၍ နံ့သာသွေးနေသော အမျိုးသမီး၏လက်မှလက်ကောက်သည် တစ်ဖက်တွင်တစ်ကွင်းစီဝတ်ဆင်ထား၍ အသံမထွက်ကြောင်းသတိပြုမိသည်။ ခဏအကြာတွင်အမျိုးသမီးသည် လက်ျာလက်မှ လက်ကောက်ကိုလက်ဝဲဖက်၌ ပေါင်းဝတ်ကာ လက်ျာဖက်ဖြင့် နံ့သာသွေးရန်အားထုတ်လေ၏။ ထိုအခါလက်ျာလက်မှ လက်ကောက်သည် အဖော်ရှိလာပြီး အချင်းချင်းထိခတ်ကာ အသံထွက်ပေါ်လာသည်ကိုအာရုံပြု၍ သံဝေဂညာဏ်ပွားကား လက္ခဏာရေးသုံးတန်တင်၍ ၀ိပဿနာရှုပွားရာ ခဏချင်းပင် ပစ္စေကဗောဓိညာဏ်ကိုရရှိသွားလေသည်။
ဝိဒေဟတိုင်း မိထိလာပြည့်ရှင် ‘နိမိ’မင်းကြီးသည်လည်း လေသာပြတင်း၌ ရပ်လျှက် လမ်းဖက်သို့ကြည့်နေခိုက် သားတစ်အားချီယူလာသော စွန်တစ်ကောင်အား အခြားငှက်များက ၀ိုင်းအုံထိုးဆိတ်ကြသည်ကို လှမ်းမြင်လိုက်ရလေသည်။ သားတစ်ချီလာသောစွန်သည် မခံမရပ်နိုင်ဖြစ်ကာ သားတစ်ကိုလွှတ်ချလိုက်မှသက်သာရာကိုရသွာသးလေသည်။ သို့သော် သားတစ်ရရှိသွားသော အခြားစွန်တစ်ကောင်နောက်သို့ လိုက်လံဝိုင်းအုံထိုးဆိတ်နေကြ သည်ကိုလည်း မြင်ရလေသည်။ ယင်းကိုမြင်တွေ့ရသော မင်းကြိးသည် “အကြင်သူသည် ကာမဂုဏ်ကိုပွေ့ပိုက်ထား၏ ၊ ကာမဂုဏ်သည် လူတိုင်းနှင့်ဆက်ဆံ၍ဆင်းရဲဒုက္ခရောက်ရ၏၊ စွန်သည်သားတစ်ကို လွှတ်ချ၍ချမ်းသာရာရသွားသကဲ့သို့ ငါသည်လည်းကာမဂုဏ်ကို ပယ်စွန့်၍ ချမ်းသာကိုပြုခြင်းငှါသင့်၏”ဟုနှလုံးသွင်း သံဝေဂညာဏ်ပွားကာ လက္ခဏာရေးသုံးတန်တင်၍ ၀ိပဿနာရှုပွားရာ ခဏချင်းပင် ပစ္စေကဗောဓိညာဏ်ကိုရရှိသွားလေသည်။
‘ဒုမ္မုခ’မင်းသည် ကပိလမြို့၌ ထီးနန်းစိုးစံစဉ် တစ်နေ့သ၌ လေသာပြတင်းမှမင်းရင်ပြင်ကိုကြည့်လျှက်နေ၏။ ထိုအခါ နွားခြံကိုဖွင့်၍ နွားများကိုလွှတ်ရာ နွားလားဥဿဘတစ်ကောင်သည် ကိလေသာဇောဖြင့် နွားမတစ်ကောင်နောက်သို့ အပြေးလိုက်၏။ ထိုစဉ် ဥိးချိုချွန်ထက်သော နွားလားဥဿဘကြီးတစ်ကောင်သည် ကိလေသာဖြင့် ၀န်တိုခြင်းဖြစ်၍ ဦးချိုဖြင့်ဝှေ့ရာ နွားလားဥဿဘငယ်မှာ ဗိုက်ပေါက်ကာ သေပွဲဝင်ခဲ့ရလေသည်။ ဤအချင်းအရာကို မြင်လိုက်ရသော မင်းကြီးလည်း သံဝေဂညာဏ်ပွားကား လက္ခဏာရေးသုံးတန်တင်၍ ၀ိပဿနာရှုပွားရာ ခဏချင်းပင် ပစ္စေကဗောဓိညာဏ်ကိုရရှိသွားလေသည်။
တစ်နေ့တွင် ထိုပစ္စေကဗုဒ္ဓါလေးပါးတို့သည် နန္ဒမူလှိုဏ်ဂူမှထွက်ကာ ဗာရာဏသီသို့ဆွမ်းခံကြွလာကြရာ ဘုရားလောင်းအိုးထိန်းသည်အိမ်ရှေ့သို့ရောက်လာကြသဖြင့် အိမ်ပေါ်သို့ဆွမ်းပင့် လုပ်ကျွေးပြီး ဆွမ်းတရားနာကြားကြရာ အထက်ပါတရားနှလုံးသွင်းဆင်ခြင်ကြပုံများကို ဂါထာတစ်ပုဒ်စီဖြင့် ပြန်လည်ဟောပြကြလေသည်။ ထိုအကြောင်းရာများကို ကြားနာရသော အိုးထိန်သည်ဘုရားလောင်းလည်း လွန်စွာပီတိသောမနဿပွားလျှက် ရဟန်းပြုလိုစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါများပြန်ကြွသွားချိန်၌ ဇနီးသည်အားရဟန်းပြုတော့မည် ဖြစ်ကြောင်းပြောကြားရာ ဇနီးးသည်ကလည်း ခင်ပွန်သည်ထက်ဦးစွာပင် ရဟန်းပြုလိုကြောင်း ပြန်လည်ပြောကြားလျှက် ရသေ့မတို့ကျောင်းသို့ သွားကာရသေ့မ ပြုလိုက်လေတော့သည်။ ထို့ကြောင့်ဘုရားအလောင်းအိုးထိန်းသည်မှာ ကလေးနှစ်ယောက်လူလားမြောက်သည်အထိ ပြုစုစောင့်ရှောက်ပြီးမှ ရသေ့ဝတ်ကာ ကမ္မဋ္ဌာန်းတရားများ ပွားများအားထုတ်ခွင့်ရလေတော့၏။
(ကုမ္ဘကာရဇာတ်)
No comments:
Post a Comment