လူ့ဘောင်မှစွန့်ခွါ၍ ရဟန်းပြုလာကြသော ယနေ့ခောတ်အချိန်အခါမှာ အခြားလူများနှင့် တစ်မူထားကာ ရှေးနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က၀တ်ရုံမျိုးသာ တူညီစွာဝတ်ဆင်နေထိုင်ကြသည်ကိုမြင်ကြရသော ဘာသာခြားနိုင်ငံခြားသားတို့သည် အံ့သြဘနန်း *ဘာ့ကြောင့်ရဟန်းပြုပါသလဲ* မေးခွန်းတစ်ခုကို မေးမိကြသည်သာဖြစ်သည် ။ ထိုသို့ဖြေတိုင်းလည်း အရှင်နာဂသေနအား မိလိန္ဒမင်းမေးမြန်းလျှောက်ထားစဉ်က အဖြေစကားအတိုင်း မှန်ကန်တိကျစွာဖြေကြားပေးခဲ့ဖူးသည်သာတည်းမိမိအဖြေ၏အဆုံးတွင်လည်း မိမိဘာသာ သဘောကျနှစ်ခြိုက်နေမိသည်ကို သတိပြုမိ၏ ။အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်၏ရှင်သာမဏေအဖြစ်သာသနာ့ဘောင်လာချိန်ကား အလွန်အင်မတန်မှငယ်ရွယ်သေး၍ အသိညာဏ်လည်းမကြွယ်သေးသောအချိန်၌သာဖြစ်လေသည် ။ သို့သော် မိဘများ၏တိုက်တွန်းမှုကို အားနာ၍သာသနာ့ဘောင်နေဖြစ်ခဲ့သည်ကားမဟုတ်ပေ ။ဒီအ၀တ်နှင့်နေရခြင်းကိုက အမည်ဖော်မရတဲ့ ပီတိသောမနဿကိုရရှိခဲ့သည်ကတော့အမှန်ပင် ။ သေချာပြန်၍ သတ္ထုချကြည့်လိုက်လျှင်လည်း မိမိသာသနာ့ဘောင်မှာ သင်္ကန်းတစ်ပြောင်ပြောင်နှင့်နေထိုင်ခြင်းကြောင့် ကျွန်ုပ်၏မိခင်ကြီးသည် ကျောင်းသို့တစ်နေ့တစ်ခေါက် ဆွမ်းပို့ရင်းရောက်ခဲ့လေသည်၊ ရောက်လာတိုင်းလည်း မုန့်ဖိုးအမြဲတမ်းပေးခဲ့ကာ ကိုရင်လိုချင်တာပြောနော်" မေမေအကုန်ဝယ်ပေးမယ်"ဟုဆိုကာ မိမိသာသနာ့ဘောင်ပျော်ရွှင်ဖို့သာ တိုက်တွန်းခဲ့သည်သာတည်း။
ပုထုဇဉ်တို့၏ စိတ်ဓမ္မတာမှာလည်း အင်မတတန်ပြောင်းလွဲမြန်သည်ဆိုတာကိုလည်း ကိုယ်တွေ့ကြုံခဲ့ရ၏ ။ တစ်နေ့မယ်တော်ကြီးကျောင်းသို့အလာမှာ ကျွန်ုပ်သာသနာ့ဘောင်မပျော်တော့ကြောင်းနဲ့ ညနေဘုရားဝတ်ပြုအပြိးမှာ ပုဆိုးအင်္ကျီယူကာ ခမည်းတော်ကြီးနဲ့အတူလာခဲ့ကြဖို့မှာလိုက်ရာ မယ်တော်ကြီးခမျာ မျက်ရည်ဖြိုင်ဖြိုင်ကျလာပြီး "ကိုရင်ရယ် ဒီလောက်အေးချမ်းတဲ့အ၀တ်လေးနဲ့ အမေဖြင့်ဖူးလို့မ၀ဘူး ဘာလို့ထွက်ချင်ရတာလဲ ကိုရင်စားချက်တဲ့ဟင်းပြောလေ အမေချက်လာခဲ့မှာပေါ့"ဟုပြောကာ ချော့မော့ခဲ့ပါသေးသည် ။ သို့သော် ခေါင်းမာလှသောကျွန်ုပ်ကား ညနေမှာသာ ခမည်းတော်ကြီးနဲ့ အ၀တ်စားယူပြီးလာခဲ့ကြပါလို့မှာလိုက်ပါတော့တယ် ။ ကျောင်းသားကိုရင်များကလည်း ကျွန်ုပ်လူထွက်တော့မည်ကြားလို့ ကလေးများသဘာဝ စုရုံးစုရုံးနှင့် ဘာကြောင့်ရယ်တော့သေချာမစဉ်းစားတတ်ပေ။
သို့သော် ညနေကျွန်ပ်အားလာခေါ်တဲ့အခါမှာတော့ မယ်တော်ကြီးလိုက်မလာတော့ချေ သားကိုလူမထွက်စေလို၍ ဆန္ဒပြခြင်းပေလား ။ သားလူဝတ်ကြောင်ဘ၀ မြင်ရတော့မှာမို့ စိတ်မသက်သာဖြစ်လို့လားတော့မသိပေ ။
အ၀တ်စားထုတ်လေးကိုင်ကာ ကျောင်းထဲဝင်လာတဲ့ ခမည်းတော်ကြီးအားဆီးမေးလိုက်တယ် ။ ဓအမေရောမပါလာဘူးလား"လို့
ကိုရင့်အမေက မအားဘူးဘုရာ့ ၊အိမ်မှာထမင်းချက်ရဦးမယ် ကိုရင်ရဲ့ ။
ကျွန်ုပ်၏စိတ်ထဲမှာ အမည်မသိတဲ့ ၀မ်းနည်းမှုတစ်ခု ချက်ချင်းခံစားလိုက်ရပါတယ် ။ ကျွန်ုပ်သည် ယင်းကဲ့သို့မယ်တော်ကြီးစိတ်ထိခိုက်အောင်လည်း တစ်ခါမှမလုပ်ခဲ့ဖူးချေ ၊လူ့ဘ၀ မိဘနဲ့အတူနေစဉ်အချိန်မှာလည်း အေးအေးကုပ်ကုပ်နေတတ်တဲ့ ကျုပ်အားမိဘများကား ခြိမ်းမွမ်းမဆုံးခဲ့ ။သူတို့ပြောတာကို ပြန်ကြားယောင်လာမိတယ် ကျွန်ုပ်ငယ်စဉ်မှာ နို့ဆာတာတောင်မငိုပြခဲ့ဘူးဆိုပဲ ။ဟုတ်မဟုတ်တော့ ကျွန်ုပ်လည်းမသိနိုင်တော့ပေ။
ကျွန်ုလည်း အမေချစ်တဲ့သားတစ်ယောက်ဆိုတော့ လူထွက်ပြီး အိမ်ပြန်အ၀င်မှာ မျက်နှာမကြည်မလင်တဲ့မမေ့ကို မမြင်ချင်ပေ အမေစိတ်ချမ်းသာဖို့ ငါလူမထွက်တော့ဘူးကွာဟုဆိုကာ စိတ်ကိုဒုံးဒုံးချလိုက်ပါတော့တယ် ။
ခမည်းတော်ကြီးကတော့ အ၀တ်ထုတ်လေးပိုက်ပြိး လာကိုရင် ဆရာတော်ကြီးသွားကန်တော့ရအောင် ။ကျွန်ုပ်လည်းယောင်တောင်တောင်နဲ့ပါသွားပါတယ် ။ဆရာတော်ရှေ့ရောက်တော့ ။
ဟ မင်းသားကြီးဆီလာလည်သလားဗျာ။
မဟုတ်ဘူးဘုရား ကိုရင်ကမပျော်လို့ လူထွက်ချင်တယ်ဆိုလို့ တပည့်တော်အ၀တ်လာပေးတာ။
အံမာ ငါ့တောင်ဘာမှမပြောသေးဘူး မင်းတို့က ငါ့တပည့်လူထွက်အောင် မရမကဆွယ်တာနေမှာ။ ဘာထွက်ရမှာလဲကွ အခုတောင်ပရိတ်ကြိးကုန်တော့မှာကို။
မဟုတ်ရပါဘူးဘုရား တပည့်တော်တို့က သူသာသနာမှာပျော်လေ ကုသိုလ်ရလေပါဆရာတော်။
ကဲ မောင်ရင်ငယ် မင်းကဘာလို့လူထွက်ချင်ရတာလဲဗျာ။
ဆရာတော် တပည့်တော်လူမထွက်ချင်တော့ပါဘူးဘုရား။
"ဟေ ဟေ ပေါ်ပါသောကကောငါ့တပည့်ရယ် မင်းကိုငါစာသင်ပေးလာတဲ့ ငါ့တပည့်အရင်းကြီးပါကွာ ။ကိုရင်ကို လူထွက်ချင်အောင်ဘေးတီးပြိး ဆရာဘုန်းကြိးတောင်လာလိမ်တဲ့ကောင် ငါတော့ထရိုက်လိုက်ရ" ။
ဟာ မဟုတ်ပါဘူးဘုန်းကြီးကလည်း တပည့်တော်က သူ့မယ်တော်ပြောလို့လာခေါ်ရတာ ၊သူ့မယ်တော်ဖြင့် စိတ်မကောင်းလို့လိုက်တောင်မလာတာကြည့်ဘုရား ။
မင်းတို့က တစ်လှည့်စီလွှဲချနေကြတဲာကွ ကျောင်းဆွမ်းပို့လာမှ ငါမှတ်လောက်သားလောက်အောင် ငေါက်ပစ်ရဦးမယ် ။
ကျွုန်ုပ်ကြောင့် မိဘနှစ်ပါးကို ဆရာတော်ကြိမ်းမောင်းတော်မူတာသိတော့ အရဲစွန့်လျှောက်လိုက်ရတယ် "မဟုတ်ဘူးဘုရား ၊တပည့်တော်က လူထွက်ချင်တယ်ဆိုပြီးခေါ်လိုက်တာဘုရား"
ဆရာတော်၏မြှားဦးသည် ကျွန်ုပ်ဖက်သို့လှည့်လာပြန်ချေသည်...
“ဟေ မင်းကလည်းတော်တော်ဟုတ်ကွာ အခုထွက်ချင်တယ် အခုမထွက်ချင်ဘူးနဲ့ စိတ်အပြောင်းအလဲ တော်တော်မြန်တဲ့ကောင်ပဲ ။အေးဗျာ စိတ်အပြောင်းလဲမြန်တာကိုပြင်ရမယ် တော်ကြာပြင်မရတဲ့အမှားမျိုးလုပ်လိုက်မိရင် ခက်မဗျ ၊ပျော်အောင်နေပါဗျာ ဒီမှာက ကျောင်းသားကိုရင်တွေအများကြီး ဘောလုံးကန်ကန် ၊ဆော့ချင်တာဆော့ ဘုရားစေတီတွေပေါ်တိုက်ခေါင်မိုးတွေပေါ်၊ သစ်ပင်တွေပေါ်တော့ လျှောက်မတက်နဲ့ဗျား၊တော်ကြာ အကောင်းလေးမွေးပြီး အကျိုးလေးဖြစ်နေမယ် ။အေးအေးသွားသွား ။နောက် ဒီကောင်လူထွက်ချင်တယ်ဆိုတိုင်း လာမခေါ်နဲ့ကြားလား ။ငါရအောင်ဆုံးမမယ် ”
ကျွန်ုပ်လည်း ထိုအချိန်မှစ၍ လူထွက်လိုသည်ဟု စိတ်မျှပင်မကူးမိတော့ပေ၊ အသက်နှစ်ဆယ်ပြည့်လို့ ရဟန်းခံပွဲလုပ်မည်ဆိုသောအခါ၌ကား မယ်တော်ကြီးကိုယ်တိုင်ပင် ရှင်လိင်ပြန်ပြီး ခေတ္တ လူထွက်ပေးဖို့ တောင်းဆိုပါတော့သည် ။
ဟာ မယ်တော်ကြီးကလည်းဗျာ လူမထွက်ချင်ပါဘူး တော်ကြာ ရွာထဲကရွယ်တူကောင်မလေးတွေကမြင်ရင် ကိုရင်လူထွက် ငပိချက်လို့ပြောင်မှာဗျ အိမ်ထဲကအိမ်ပြင်ထွက်ရဲမှာမဟုတ်ဘူး ။နောက်ပြီး ကျုပ်ကလူထွက်ပြီး ပြန်မ၀တ်ချင်ရင်လည်းခက်မယ်နော် စိတ်ဆိုတာ အစိုးရတာမဟုတ်ဘူး ။
မဟုတ်ဘူးကိုရင်ရဲ့ ကိုရင်ဘ၀ကအပြစ်တွေ ရဟန်းဘ၀ထိမပါအောင် ။နောက် ရဟန်းတကာကြီးတို့လည်း ရှင်တကာ၊ရဟန်းတကာဖြစ်ကြရတာပေါ့ ကိုရင်ရဲ့ ။ဟာဗျာ မထွက်ဘူးဆို မထွက်ဘူးပဲ သူုတို့လည်းပစ္စည်းလေးပါးအမြဲလှုရင် ကုသိုလ်ရကြတာပါပဲ ရာဟုလာသာမဏေဘ၀ကနေ ရဟန်းပြုတော့ ဘယ်မှာလူထွက်ခဲ့လို့လဲ ၊ နောက်ပြီး ရှင်လိင်မပြန်ရင် မမြဲဘူးလို့ဘယ်သူပြောလို့လဲ မယ်တော်ကြီးရဲ့ မထွက်ဘူးဗျာ ။ ဒီတစ်ခါတော့ အတင်းအဓမ္မ ခေတ္တမျှလူဝတ်လဲခိုင်းနေသော မယ်တော်ကြီးဆန္ဒကို မရမကဖီဆန်ခဲ့ရလေသည် ။အကြောင်းသော်ကား -ကျွန်ုပ်ကိုယ်ကျွန်ုပ် လူဝတ်ကြောင်ဘ၀ဖြင့် မြင်ယောင်ကြည့်ပြီး ရှက်စိတ်မွန်နေသောကြောင့်သာဖြစ်ပေလိမ့်မည်။ သင်္ကန်းဝတ်ပြီးကတည်းကလည်း ကျောင်းသားများ၏ ပုဆိုးအင်္ကျီစတဲ့အ၀တ်စားများကိုလည်း တစ်ခါမှ ကောက်လျှိဝတ်စမ်းကြည့်ဖူးသည်ပင်မရှိခဲ့ အမှန်ဝန်ခံရလျှင် လူတို့၏အ၀တ်စားကိုပင် ရွံရှာဖွယ်တစ်ခုအလားထင်မြင်နေသည်ဟု ပြောလျှင်တောင် မှားအံ့မထင်ချေ။
ဒါကကျွန်ုပ်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်တစ်ခုမျှသာဖြစ်ပါသည် ။ ကျွန်ုပ်သည်လည်း ငယ်ရွယ်စဉ်ကိုရင်ဝတ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ သာသနာမှာပျော်လို့သာနေခဲ့တယ်ဆိုတာပါပဲ ။သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ ၊ဆိုတာသင်္ကန်းတောင်းမှာ ဆရာချပေးတိုင်းသာလိုက်ဆိုခဲ့ရပေမယ့် ဒီလိုဆိုမှ သာမဏေဘ၀ကိုရတာ ဒါပဲသိတယ်လေ ။နောက်ပရိယတ်တွေသင် ။ဘုရားစာပေတွေလေ့လာရမှ အမှန်တကယ် ပဗ္ဗဇ္ဇိတမနုပဗ္ဗဇ္ဇဆိုတာ ဒီလိုစိတ်ထားနဲ့ သာသနာ့ဘောင်နေရတယ်ဆိုတာကို ရိပ်စားမိလာတာ ။ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးတွေ မဟာသာဝကကြီးတွေအကြောင်းတွေသင်ရလေလေ သူတို့လိုစိတ်ထားကောင်းတဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ရဖို့ စိတ်အားထက်သန်လာမိတာတော့အမှန်ပါပဲ ။
ယခုလိုနိုင်ငံခြားကိုရောက်လာပြန်တော့လည်း သူတို့တွေမေးတဲ့ ရဟန်းပြုခြင်းရဲ့ ရည်ရွယ်ချက်ကို မိလိန္ဒကို အရှင်နာဂသိန်ဖြေကြားတော်မူခဲ့တာနည်းမှီပြီ သူတို့စိတ်ကြေနပ်လောက်တဲ့အထိ ဖြေကြားပေးခဲ့ဖူးပါကြောင်း စာရှုသူအပေါင်းကိုလည်း ဗဟုသုတအဖြစ်တင်ပြပေးလိုက်ပါတယ်။
*ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်*
မိလိန္ဒမင်းသည် ''အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည် အဘယ်အကျိုး ရှိပါသနည်း၊ အသျှင်ဘုရားတို့ တောင့်တအပ် မြတ်သော အကျိုးကား အဘယ်ပါနည်း''ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် ''မင်းမြတ် ဤသံသရာဆင်းရဲသည် အဘယ်သို့သော နည်းနာ အကြောင်းဖြင့် ချုပ်ငြိမ်းရာအံ့နည်းဟု ကြံစည်၍ ရဟန်းပြုကြရကား ငါတို့၏ ရဟန်းအဖြစ်သည် ဤ ပြဆိုခဲ့သည့် အကျိုးရှိ၏၊ ထို့ပြင် ငါတို့ တောင့်တအပ် မြတ်သော အကျိုးသည် တဏှာဒိဋ္ဌိကပ်ငြိ စွဲလမ်းခြင်း မရှိမူ၍ တဏှာညွှတ်မှ လွတ်မြောက်ရခြင်းပင်တည်း''ဟု ဖြေကြားတော်မူ၏။
အသျှင်နာဂသေန မေးလျှောက်ပါဦးအံ့ ရဟန်းအားလုံးတို့သည်ပင် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုကြပါကုန်သလောဟု မေးလျှောက်၏။
မင်းမြတ် အချို့သောသူတို့သည် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုသည် မဟုတ်ကုန်၊ အချို့သောသူတို့သည် မင်းနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် ခိုးသူနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် ကြွေးမြီနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်းအလို့ငှါ ရဟန်းပြုကုန်၏၊ အထူးအားဖြင့် အကြင်သူတို့သည် ကောင်းစွာ ရဟန်းပြုကုန်၏၊ ထိုသူတို့သည် ဤပြဆိုခဲ့သည် အကျိုးငှါ့ရဟန်းပြုကုန်၏ဟု ဖြေကြားတော်မူ၏။
….အသျှင်ဘုရား အသျှင်ဘုရားကား ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုပါသလောဟု မေးလျှောက်၏။ မင်းမြတ် ငါသည်ကား ငယ်ငယ်ရွယ်ရွယ်ကပင် ရဟန်းပြု၏၊ ဤမည်သော နိဗ္ဗာန်၏ အကျိုးငှါ ရဟန်းပြု၏ဟု ငါမသိ၊ အကြောင်းမှန်သော်ကား ''ဤသာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် ပညာ ရှိကုန်၏၊ ထိုပညာရှိ ရဟန်းတို့သည် ငါ့ကို သင်ကြားပေးကုန်လတ္တံ့''ဟု ငါ့အား အကြံအစည်ဖြစ်၏၊ ထိုငါသည် ထိုသာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့က သင်ကြားပေးရကား ''ဤမည်သော နိဗ္ဗာန်အကျိုးငှါ ရဟန်းပြု၏''ဟု သိလည်း သိရ၏၊ မြင်လည်း မြင်ရ၏ဟု မိန့်တော်မူ၏။
အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။
by လင်္ကာ အရှင် on Saturday, January 14, 2012 at 9:14am ·

No comments:
Post a Comment