တလောက တကာကြီးတစ်ဦးမှ မေးမြန်းလာသည် “အရှင်ဘုရား အခုခောတ်မှာ တရားရိပ်သာတွေလည်း တော်တော်ပေါတယ်ဘုရား၊ နည်းတွေကလည်း စုံလှတယ် ။လူတွေကလည်း ရိပ်သာသွားအားထုတ်လိုက်ကြ ပြန်လာလိုက်ကြနဲ့ တပည့်တော်အထင်တော့ ရိပ်သာကပြန်လာလည်း အော်မြဲ ဟစ်မြဲ ဒေါသထွက်မြဲပဲ တရားလည်းမရကြပါဘူးလို့မြင်ပါတယ် အရှင်ဘုရားကော ဘယ်လိုမြင်ပါသလဲ”တဲ့၊
ဟ တကာတော်ရဲ့ အဲလိုမထင်ရဘူး အတွင်းအဇ္ဈတ္တသန္တာန်မှာ တရားမည်မျှကိန်းလာပြီး သူ့ရဲ့အကုသိုလ်များ မည်မျှပါးသွားပြီဆိုတာကို မည်သူမျှ တိုင်းတာမှန်းဆလို့မရပါဘူး ။ ဒါပေမယ့် ရိပ်သာမ၀င်ခင်နဲ့ တရားရိပ်သာကပြန်လာပြီးဟာ ဘ၀သစ်တခုကိုပြောင်းလဲသွားသကဲ့သို့ ထူးခြားသွားတာကိုတွေ့ရပါလိမ့်မယ် ။
ဦးဇင်းကိုယ်တွေ့တစ်ခု သတိထားမိတာကတော့ တရားရိပ်သာကထွက်လာတဲ့အချိန်ကစပြီး ကိုယ့်စိတ်ကိုစစ်တတ်လာတာတော့အမှန်ပဲ ။အရင်ကဆို ပျော်စရာ စိတ်ပျက်စရာ ဒေါသထွက်စရာအားလုံးအထိန်းကွတ်မရှိဘူးဗျ ရိပ်သာမှာ တရားအားထုတ်ပြီးတဲ့နောက်ပိုင်းမှာ စိတ်ကိုစောင့်ကြည့်တတ်လာတယ် ။ အထူးသဖြင့် လောဘအားကြီးလာရင် ဒေါသအားကြီးလာရင် ထိတ့်လန့်တုန်လှုပ်မှုတွေနဲ့ ယင်းစိတ်အစဉ်ကို အလျှင်မြန်ပယ်ဖျောက်နိုင်ဖို့ ကြိုးစားလာတာတွေ့ရတယ် ။ လောဘဖြစ်ဖြစ်မှန်းသိနေတယ် ။ဒေါသဖြစ်ဖြစ်မှန်းသိနေတယ်ဗျ ။အပြင်ပန်းကကြည့်ရင် သာမညပဲ ဘာမှအကျိုးမထူးသယောင် ။ဒါပေမယ့် ယင်းလောဘ ဒေါသ နောက်မှ သတိတရားကအမြဲစောင့်ကြည့်နေတာတွေ့ရပါတယ် ။
ဒါ့ကြောင့်မြတ်ဗုဒ္ဓက တရားပွားများအားထုတ်သူတို့အတွက် အားတက်စရာ ဥပမာတချို့ပေးခဲ့ပါတယ် လက်သမားရဲ့ပဲခွပ်ရိုးနဲ့ဥပမာပေးပြီးလက်သမား၏သော်လည်းကောင်း၊လက်သမားတပည့်၏သော်လည်းကောင်း ပဲခွပ်ရိုး၌ လက်ချောင်းရာတို့သည် ထင်ကုန်၏၊ လက်မရာသည် ထင်၏၊ ထိုလက်သမားအား''ယနေ့ ငါ၏ ပဲခွပ်ရိုးသည် ဤမျှလောက်ကုန်ခဲ့၏၊ ယမန်နေ့ကမူကား ဤမျှအထိကုန်ခဲ့၏၊ အခြားနေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏''ဟု သိသော ဉာဏ်သည် မဖြစ်ပေ၊ စင်စစ်မူကား ထိုလက်သမားအားကုန်ပြီးသော ပဲခွပ်ရိုး၌ ''ကုန်ပြီ''ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏၊ လို့ မိန့်တော်မူခဲ့ပါတယ် ဒီတော့ ပွားများအားထုတ်နိုင်ရင် ပွားများအားထုတ်နိုင်သလောက် အကျိုးရှိပါတယ်။
ဦးဇင်းရွာကိုပြန်ရောက်တိုင်း ဒေါ်သန်းရင်ဆိုတဲ့ ရိပ်သာတွေ တရားစခန်းတွေမှာ အမြဲတရာလိုက်ထိုင်လေ့ရှိတဲ့ ယောဂီကြီးကလာလာပြီး သူဝင်ခဲ့တဲ့တရားစခန်းတွေ စီကာပတ်ကုံးလျောက်ထားလေ့ရှိတယ် ။ တရားဓမ္မများဆွေးနွေးလေ့ရှိတယ်။ မိမိကလည်း တရားဓမ္မရှုပွားပုံတွေ တွေ့ကြုံတတ်တဲ့ အဓိမာနတွေ အခက်ခဲတွေ ယောဂီများ ထားရှိရမည့်စိတ်ထား ကျင့်သုံးပွားများရမည့်တရားစတာတွေကို ကိစ္စမများ စကားနည်းစေ စသည်ဖြင့် ရှင်းပြပေးတာပေါ့ ။
အဲဒီတကာမကြီးပြန်သွားတော့ ခမည်းတော်ကြီးက အရှင်ဘုရား မရှင်းတာတစ်ခုလောက်လျှောက်ထားချင်လို့ပါ ။ အဲဒီတကာမကြီး ဒေါ်သန်းရင်ဆိုတာ တရားရိပ်သာတွေလည်းဝင်တယ်ဘုရား ၊ရိပ်သာကထွက်လာရင် သူ့သမီးတွေမွေးထားတဲ့ ၀က်တွေကို အစာကြွေးနေတာဘုရား ။တရားမပေါက်သေးလို့ သားတိုးမွေးမြူရေးကိုမစွန့်သေးတာလားလို့တွေးနေတာပါ ။
အင်း ခမည်းတော်ကြီးကလည်း တရားရောဂီဆိုရင် ရဟန္တာကြီးတွေလောက် တရားထူးတွေလက်ဆုပ်လက်ကိုင်ထုတ်ပြနိုင်မှ ယုံကြည်မယ့်ပုံပဲ အဲလိုမဟုတ်သေးဘူးဗျ ။ သူက သမီးသမက်တွေအိမ်မှာ မှီခိုကပ်ရပ်နေထိုင်ရတာပါ ။တရားအားထုတ်ဖြစ်တယ် ခဏခဏရိပ်သာသွားတယ်ဆိုတာကလည်း မိသားစုတွင်းမှာ စိတ်ဆင်းရဲမှုတွေ အဆင်မပြေမှုတွေနဲ့ သောကနှိပ်စက်လို့ အေးချမ်းတဲ့တရားစခန်းတွေ ရိပ်သာတွေမှာ သွားရောက်အားထုတ်ခဲ့တာပါ ။အရင်ကဆို အာနာပါနဆိုတာဘာ လို့မသိခဲ့ရှာပါဘူး ။သူအခုမထူးခြားသေးဘူးပဲထား ခမည်းတော်ကြီးရဲ့ ၀ိပဿနာကို အမြဲမပြတ်ပွားများနေတဲ့ ယောဂီတစ်ယောက်ဟာ နောက်ဆုံးထွက်သက်အထိ တရားထူးရနိုင်ခွင့်ရှိပါတယ် ။သေခြင်းအဆုံးရှိတဲ့ ဒုက္ခဝေဒနာကို မိမိရှုမှတ်နေကြ တရားဘာဝနာကိုလက္ခဏာရေးသုံးတန်တင်ရှုပွားလိုက်လို့ သမသီသီရဟန္တာဆိုပြီး အသက်လည်းထွက် တရားထူးလည်းရသွားတာတွေလည်း သာသနာမှာ အများပါပဲ ။နောက်ပြီး ကိလေသာဆိုတာက ဒီနေ့ဘယ်လောက်ကုန်သွားပြီ မနေ့ကဘယ်လောက်ကုန်ခဲ့ပြီလို့ သတ်မှတ်ဖို့မဖြစ်နိုင်ပေမယ့် လက်သမားရဲ့ပဲခွတ်လေး ခါးသိမ်လာသလို ပါးပါးလာတယ်လို့ ဘုရားကိုယ်တော်တိုငိဟောထားတော်မူခဲ့တယ် ။ နောက်ပြီး အကုသိုလ်ဖြစ်တာချင်းတူရင်တောင် သတိလက်လွတ် အကုသိုလ်ဖြစ်တာနဲ့ သတိထိန်းချုပ်မှုအောက်က ဒေါသတရားဟာ အလွန်ကွာခြားပါတယ် ။ အဲဒီတကာမကြီးဝက်တွေအစာကြွေးရတယ်ဆိုတာက သမီးတွေနဲ့နေတာ သမက်ကအရက်သမား ဒီမိသားစုကို မှီခိုကပ်ရပ်နေရင်တော့ သမီးသမက်တွေအမြင်ကြည်အောင်တော့ တတ်နိုင်တဲ့အလုပ်လေးလုပ်ပေးမှ ထမင်းကျွေးကြပါလိမ့်မယ် ။ နောက်ပြီး ဘုရားလက်ထက်တော်ကလည်း လင်ကမုဆိုး မယားကသောတာပန်ဆိုတာတောင်ရှိခဲ့ပါတယ် ။ ၀က်ကိုအစာကျွေးတဲ့သူကတော့ ဘာပဲဖြစ်ဖြစ်စိတ်ထားတတ်ရင် ကုသိုလ်ပင်ဖြစ်ပါလိမ့်ဦးမယ်လို့ ရှင်းပြခဲ့ရပါတယ် ။
ပြောဖြစ်ခဲ့တာတွေကတော့ အများကြီးပေါ့ ဒါပေမယ့် ဒီလောက်တင်ပဲ ပြောပြပါရစေတော့ ။ဆိုလိုချင်တာက ဘာဝနာအလုပ် ပွားများအားထုတ်ရမှာက မိမိအလုပ်ပါပဲ အချိန်တန်တော့ ဘာဝနာအကျိုးကို ခံစားသုံးဆောင်ခွင့်ရလိမ့်မယ်လို့ ဆိုလိုချင်တာပါပဲ ။ ယင်းလ က်သမားရဲ့ ပဲခွတ်ဥပမာထားဟောကြားခဲ့ပုံတွေကိုပါ ဓမ္မမာမက သူတော်စဉ်များအတွက် ပါဠိတော်များမှ ရှာဖွေတင်ပြပေးလိုက်ပါတယ် ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ရဟန်းတို့ ပွါးများမှု 'ဘာဝနာ' ကို အားမထုတ်ဘဲ နေသော ရဟန်းအား ''ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပါမူကာ့းကောင်းလေစွ''ဟု ဤသို့ လိုချင်တောင့်တမှုဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့်တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်နိုင်ချေ။
ထိုသို့ မလွတ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုတရားကို ပွါးများမှု မရှိသောကြောင့်ဟု ဆိုအပ်၏။
အဘယ်တရားတို့ကို ပွါးများမှု မရှိသောကြောင့်နည်းဟူမူ -
(၁)သတိတည်းဟူသော တည်ရာ 'သတိပဋ္ဌာန်' လေးပါး။
(၂)ကောင်းစွာ အားထုတ်မှု'သမ္မပ္ပဓာန်' လေးပါး။
(၃)ပြည့်စုံမှု အကြောင်း 'ဣဒ္ဓိပါဒ်' လေးပါး။
(၄)အစိုးရမှု 'ဣနြေ္ဒ' ငါးပါး။
(၅)မတုန်လှုပ်မှု 'ဗိုလ်' ငါးပါး။
(၆)သိခြင်းအကြောင်း 'ဗောဇ္ဈင်' ခုနစ်ပါး။
(၇)မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှု မရှိသောကြောင့်ပင်တည်း)။
ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ရှစ်လုံး ဆယ်လုံး တစ်ဆယ့်နှစ်လုံးကုန်သော ဥတို့သည်ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာ မဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာအငွေ့ကို မပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) မထုံစေအပ်ကုန်သည်ရှိသော်ထိုကြက်မအား ''ငါ၏ ကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကို ဖောက်ခွဲပြီးလျှင် ချမ်းသာစွာ ပေါက်ဖွားပါမူကား ကောင်းလေစွ''ဟု ဤသို့လိုချင်တောင့်တမှု ဖြစ်ပါသော်လည်း ထိုကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကို ဖောက်ခွဲပြီးလျှင် ချမ်းသာစွာ ပေါက်ဖွားရန်မထိုက်သည်သာလျှင်တည်း။
ထိုသို့ မထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ကြက်မသည် (မိမိ၏) ဥတို့ကို ကောင်းစွာ မဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကိုမပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ ကြက်နံ့ကို မထုံစေအပ်ကုန်သောကြောင့်တည်း။
ရဟန်းတို့ ပွါးများမှု 'ဘာဝနာ' ကို အားထုတ်လျက် နေသော ရဟန်းအား ''ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပါမူကားကောင်းလေစွ''ဟု ဤ
သို့ လိုချင်တောင့်တမှု မဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည် မစွဲလမ်းမူ၍အာသဝေါတရားတို့မှ လွတ်၏။ ထိုသို့ လွတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုတရားတို့ကို့ပွါးများမှုရှိသောကြောင့်ဟု ဆိုအပ်၏။ အဘယ်တရားတို့ကို ပွါးများမှုရှိသောကြောင့်နည်းဟူမူ -
(၁)သတိတည်းဟူသော တည်ရာ 'သတိပဋ္ဌာန်' လေးပါး။
(၂)ကောင်းစွာ အားထုတ်မှု'သမ္မပ္ပဓာန်' လေးပါး။
(၃)ပြည့်စုံမှု အကြောင်း 'ဣဒ္ဓိပါဒ်' လေးပါး။
(၄)အစိုးရမှု 'ဣနြေ္ဒ' ငါးပါး။
(၅)မတုန်လှုပ်မှု 'ဗိုလ်' ငါးပါး။
(၆)သိခြင်းအကြောင်း 'ဗောဇ္ဈင်' ခုနစ်ပါး။
(၇)မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှုရှိသောကြောင့်ပင်တည်း)။
ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ရှစ်လုံး ဆယ်လုံး တစ်ဆယ့်နှစ်လုံးကုန်သော ဥတို့သည်ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကိုပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်သည်ရှိသော် ထိုကြက်မအား-
''ငါ၏ ကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကိုဖောက်ခွဲ၍ ချမ်းသာစွာ ပေါက်ဖွားပါမူကား ကောင်းလေစွ''ဟုဤသို့လိုချင်တောင့်တမှုမဖြစ်သော်လည်း ထိုကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်းဥခွံကို ဖောက်ခွဲ၍ ချမ်းသာစွာပေါက်ဖွားရန် ထိုက်သည်သာလျှင်တည်း။
ထိုသို့ ထိုက်ခြင်းသည်အဘယ်အကြောင်းကြောင့် နည်း၊ ရဟန်းတို့ ကြက်မသည် (မိမိ၏) ဥတို့ကို ကောင်းစွာ ဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကို ပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ ကြက်နံ့ကိုထုံစေအပ်ကုန်သောကြောင့်တည်း။
ရဟန်းတို့ ဤအတူသာလျှင် ပွါးများမှု 'ဘာဝနာ' ကို အားထုတ်လျက် နေသော ရဟန်းအား ''ငါ၏စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှလွတ်ပါမူကား ကောင်းလေစွ''ဟု ဤသို့ လိုချင်တောင့်တမှု မဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည်မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်၏။
ထိုသို့ လွတ်ခြင်းသည် အဘယ့်အကြောင်းကြောင့်နည်း၊ ပွါးများမှု ရှိသောကြောင့်ဟု ဆိုအပ်၏။ အဘယ်တရားတို့ကို ပွါးများမှုရှိသောကြောင့်နည်းဟူမူ -
သတိတည်းဟူသော တည်ရာ 'သတိပဋ္ဌာန်' လေးပါး။ပ။
မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှု ရှိသောကြောင့်ပင်တည်း)။
ရဟန်းတို့ ဥပမာသော်ကား လက်သမား၏သော်လည်းကောင်း၊ လက်သမားတပည့်၏သော်လည်းကောင်း ပဲခွပ်ရိုး၌ လက်ချောင်းရာတို့သည် ထင်ကုန်၏၊ လက်မရာသည် ထင်၏၊ ထိုလက်သမားအား''ယနေ့ ငါ၏ ပဲခွပ်ရိုးသည် ဤမျှလောက်ကုန်ခဲ့၏၊ ယမန်နေ့ကမူကား ဤမျှအထိကုန်ခဲ့၏၊ အခြားနေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏''ဟု သိသော ဉာဏ်သည် မဖြစ်ပေ၊ စင်စစ်မူကား ထိုလက်သမားအားကုန်ပြီးသော ပဲခွပ်ရိုး၌ ''ကုန်ပြီ''ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏၊ ရဟန်းတို့ ဤအတူသာလျှင်ပွါးများမှု 'ဘာဝနာ' ကို အားထုတ်၍နေသော ရဟန်းအား ''ယနေ့ ငါ့အား အာသဝေါတရားတို့ကုန်မှုသည် ဤမျှလောက်ရှိ၏၊ ယမန်နေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏၊ အခြားနေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏''ဟု အသိဉာဏ် မဖြစ်ပေ၊ စင်စစ်မူ ထိုရဟန်းအား အာသဝေါတရားကုန်ရာ၌ ''ကုန်ပြီ''ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏။
ရဟန်းတို့ ဥပမာသော်ကား ကြိမ်ဖြင့် ဖွဲ့နှောင်ကာ ခြောက်လတို့ပတ်လုံး ရေ၌ လှည့်လည်သွား လာ၍ဆောင်းအခါကုန်း၌ တင်ထားအပ်သော သမုဒ္ဒရာသွား လှေ၌ လေနေပူတို့ တွေ့ထိ နှိပ်စက်အပ်ကုန်သော ကြိမ်ဖွဲ့တို့သည် ပြင်းထန်သော မိုးအလွန်ရွာသွန်းအပ်သည်ဖြစ်၍ မခက်ခဲဘဲသာလျှင် ဆုတ့်ယုတ်ကုန်၏၊ ဆွေးမြေ့ကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် ပွါးများမှု 'ဘာဝနာ' ကို အားထုတ်၍နေသော ရဟန်းအား မခက်ခဲဘဲ သံယောဇဉ်တို့သည် ငြိမ်းအေးကုန်၏၊ ဆွေးမြေ့ခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။
(ဘာဝနာသုတ်-သတ္တကနိပါတ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
*တရားဘာဝနာပွားများရကျိုး*
ရဟန်းတို့ သောတပသာဒသို့ အစဉ်လျှောက်ကုန်သော
နှုတ်ဖြင့် လေ့လာအပ်၊စိတ်ဖြင့် ရှုဆင်ခြင်အပ်၍၊ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်သော (ပရိယတ်)တရားတို့၏ (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်သော အကျိုးဆက်တို့သည် ဤလေးမျိုးတို့တည်း။
အဘယ် လေးမျိုးတို့နည်းဟူမူ-
(၁)ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကို သင်ကြား၏၊ ထိုရဟန်းအား ထိုတရားတို့သည် သောတပသာဒသို့ အစဉ်လျှောက်ကုန်၏။ နှုတ်ဖြင့် လေ့လာအပ်၊ စိတ်ဖြင့် ရှုဆင်ခြင်အပ်ကုန်၍၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏။
ထိုရဟန်းသည် သတိလွတ်ကင်းသည် ဖြစ်၍ သေလွန် ရသော် နတ်ဘုံတစ်မျိုးမျိုး၌ ဖြစ်၏၊ ထို နတ်ဘုံ၌့ချမ်းသာခြင်းရှိသော ထို ပုဂ္ဂိုလ်အားတရားအစုတို့သည် ပေါ်လွင် ထင်ရှားကုန်၏။ ရဟန်းတို့ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏၊ ထို သတ္တဝါသည်ကား လျင်စွာ သာလျှင်တရားထူးကို ရနိုင်၏။
(၂) တန်ခိုးကြီး၍ စိတ်၏ လေ့လာခြင်းသို့ ရောက်ပြီးသော ရဟန်းသည် နတ်ပရိသတ်၌တရားကို ဟောကြား၏၊ ထို ပုဂ္ဂိုလ်အား ရှေးဘဝက ''ငါကျင့်ခဲ့ဖူးသော မြတ်သော အကျင့်ဟူသော ထို ဓမ္မဝိနယသည် (ယခု ရဟန်းဟောနေသော) ဤဓမ္မဝိနယပင်တည်း''ဟု အကြံဖြစ်၏။ ရဟန်းတို့ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏၊ ထိုအခါ၌ ထို သတ္တဝါသည် လျင်စွာသာလျှင်တရားထူးကို ရနိုင်၏။
ရဟန်းတို့ စည်ကြီးသံ၌ လိမ္မာကျွမ်းကျင်သော ယောက်ျားသည် ခရီးရှည်သွား လတ်သော် စည်ကြီးသံကို ကြားရာ၏၊ ထို ယောက်ျားအား ထို စည်ကြီးသံ၌ ''စည်ကြီးသံလေလော၊ စည်ကြီးသံ မဟုတ်လေလော''ဟု ယုံမှားခြင်း တွေးတောခြင်း မဖြစ်ဘဲ စည်ကြီးသံဟူ၍သာလျှင် အမှန် ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့တည်း။
(၃) နတ်သားသည် နတ်ပရိသတ်၌တရားကို ဟော၏၊
ထို ပုဂ္ဂိုလ်အား ရှေးဘဝက ''ငါကျင့်ခဲ့ဖူးသော မြတ်သော အကျင့်ဟူသော ထို ဓမ္မဝိနယသည် (ယခု နတ်သား ဟောနေသော) ဤဓမ္မဝိနယပင်တည်း''ဟု အကြံဖြစ်၏။ ရဟန်းတို့ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏၊ ထိုအခါ၌ ထို သတ္တဝါသည် လျင်စွာသာလျှင်တရားထူးကို ရနိုင်၏။
ရဟန်းတို့ ခရုသင်းသံ၌ လိမ္မာကျွမ်းကျင်သော ယောက်ျားသည် ခရီးရှည်သွားလတ်သော် ခရုသင်းသံကို ကြားရာ၏၊ ထို ယောက်ျား အား ထို ခရုသင်းသံ၌ ''ခရုသင်းသံ လေလော၊ ခရုသင်းသံ မဟုတ်လေလော''ဟု ယုံမှားခြင်း တွေးတောခြင်း မဖြစ်ဘဲ ''ခရုသင်းသံ''ဟူ၍သာလျှင် အမှန်ဆုံးဖြတ်ခြင်းသို့ ရောက်ရာသကဲ့သို့တည်း။
(၄) ရှေးဦးစွာ ဖြစ်နှင့်သော နတ်သားသည် နောက်ဖြစ်လာသော နတ်သားကို ''အချင်းနတ်သား ရှေးဘဝက ငါတို့ ကျင့်ခဲ့ဖူးသော မြတ်သော အကျင့်ဟူသော ထို ဓမ္မဝိနယကို သင် အောက်မေ့လော့၊ အချင်းနတ်သား သင် အောက်မေ့လော့''ဟု အောက်မေ့စေ၏။
ထို နတ်သားသည် ''အချင်း နတ်သား ငါသည် အောက်မေ့၏၊ အချင်းနတ်သား ငါသည် အောက်မေ့၏''ဟု ဆို၏။ ရဟန်းတို့ သတိဖြစ်ခြင်းသည် နုံ့နှေးသေး၏၊ ထိုအခါ ထို သတ္တဝါသည် လျင်စွာသာလျှင်တရားထူးကို ရနိုင်၏။
ရဟန်းတို့ မြေမှုန့် ကစားဖက် ဖြစ်ကုန်သော သူငယ်ချင်းနှစ်ယောက်တို့သည် တစ်ခါတစ်ရံ တစ်နေရာ၌ အချင်းချင်း တွေ့ဆုံ ပေါင်းမိကြကုန်ရာ၏၊ သူငယ်ချင်းတစ်ယောက်သည် (တစ်ယောက်သော) သူငယ်ချင်းကို ''အဆွေ ဤအမှုကိုလည်း သင်သည် အောက်မေ့လော၊ ဤအမှုကိုလည်း သင်သည် အောက်မေ့လော့''ဟု ဤသို့ ဆိုရာ၏။ ထိုသူငယ်ချင်းသည် ''အဆွေ ငါသည် အောက်မေ့၏၊ အဆွေ ငါသည် အောက်မေ့၏''ဟု ဆိုရာ သကဲ့သို့တည်း ။
(သောတာနုဂတသုတ္တာန် -စတုက္ကနိပါတ် အင်္ဂုတ္တိုရ်)
No comments:
Post a Comment