* မန်လည်ဆရာတော်နှင့် သံချိုဦးကျော်လှ*
သံချိုဆရာကြီး
ဦးကျော်လှဟုဆိုလျှင် သံချိုဝိဇ္ဇာကြိးဟု စာပေလောကမှာ လူတိုင်းသိကြသည်၊ သံချိုဝိဇ္ဇာကြိးဦးကျော်လှသည် မင်းတုန်းသီပေါနှစ်ဆက် လက်ထက်တော်တွင် နန်းတွင်းစာဆိုအဖြစ် အမှုထမ်းခဲ့သည်။
လောကရေး ဓမ္မရေး နိုင်ငံရေး၌ ချေငံလိမ္မာသူဖြစ်၏၊ လောက ဓမ္မ ရာဇနှင့် စပ်ယှဉ်သော အကြောင်းအရာဟူသမျှကို သံချိုဖြင့်သီကျုး၍ သရုပ်ဖော်လေသည်၊ ထို့ကြောင့်ပင် ‘သံချို ဦးကျော်လှ’ဟု ကြော်ကြားခြင်းဖြစ်၏။
ဦးကျော်လှမွေးဖွားချိန်ကား အမရပူရခေတ် ပုဂံမင်းလက်ထက် ဖြစ်သည်၊ မွေးရပ်မြေမှာ မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်ရွာဖြစ်သည်၊ ခုံမင်းကြီး ဦးတောင်ရိပ် ဒေါ်မင်းအိတို့ကား ဦးကျော်လှ၏ မိဖများဖြစ်ကြသည်။ ဦးကျော်လှကို သက္ကရာဇ် ၁၂၀၃-ခုနှစ် ၊သီတင်းကျွတ်လဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့ညဉ့် ၁၀-နာရီတွင် မီးရှုးသန့်စင်ဖွားမြင်ခဲ့လေသည်။
ဦးကျော်လှသည် ငယ်စဉ်က မောင်းထောင်မှထင်ရှားသော စာဆိုက၀ိ ပညာရှိကျောင်းတကာ ဦးမြတ်ဝင်းထံတွင် ကဗျာ၊ လင်္ကာနှင့် စာပေသုတအထွေထွေကို လေ့လာသင်ကြားခဲ့သေးသည်ဟု သိရပေသည်၊ အသက် ၂၀-အရွယ်တွင် ဇာတ်သဘင်ပညာကိုသင်ယူတတ်မြောက်ကာ သဘင်ပညာဖြင့် အသက်မွေးးဝမ်းကြောင်းပြုသေး၏၊ ထိုခောတ်(မန္တလေးခောတ်)က နာမည်ကြီးစင်များနှင့် ယှဉ်ပြိုင်ကာ ရွှေမြို့တော်တွင် ကပြခဲ့သည်၊ ယှဉ်ပြိုင်ဖက်စင်များကို ဦးကျော်လှသည် လက်တန်းသံချိုကဗျာများဖြင့်ခနဲ့သည် ၊ ကလိသည် ၊ပျက်ရယ်ပြုသည် ၊ချိုးနှိမ်သည်။
ထိုခောတ်ထိုအခါက ဦးကျော်လှ၏စင်ကား လူကြိုက်များ၍ ထင်ရှားအောင်မြင်လှသည့် ဘုရင့်ရှေ့တော်တွင် ကပြအသုံးတော်ခံရသော တော်သုံးစင်တော်ဖြစ်၍လည်း ဂုဏ်တင့်လေသည်၊ အောင်မြင်မှုကိုလည်း ဂုဏ်ယူလေ့ရှိသူ ဂုဏ်ယူတတ်သူဖြစ်၏။ မိမိအလုပ်ကို မြတ်နိုးတန်ဖိုးထားသူလည်းဖြစ်၏။
သို့ရာတွင် ဦးကျော်လှကား ဘာသာရေး၌ ကျွမ်းကျင်လိမ္မာလှသူဖြစ်သည်နှင့်အမျှ လေးစားကိုင်းရှိုင်းသူလည်းဖြစ်ခြင်းကြောင့် မိမိအလုပ်ကိုမိမိ တချီတချီတွင် လိပ်ပြာသန့်ဟန်မတူပေ။
မိမိလိပ်ပြာမိမိသန့်အောင်ပင် အသိနှင့်ဖလှယ်၍ အကြားဖြင့် အကာအကွယ်အကိုးအကား အထောက်အကူပြု၍ အားခဲကြိုးစားလေ့ နှစ်သိမ့်လေ့ရှိရှာသည့် အရိပ်လက္ခဏာများကိုတွေ့ရတတ်လေသည်။
ဖော်ပြအံ့သော အကြောင်းမှာလည်း ဦးကျော်လှသည် မိမိစိတ်ကို သက်သာမှု နှစ်သိမ့်မှုပေး၍ အကြောင်းပြ အဖြေရှာရေးထားချက်ပင်ဖြစ်သည်။ သူ၏အသက်မွေးဝမ်းကြောင်းအလုပ်မှာ သဘင်သည်အလုပ်ဖြစ်၏ ။ သဘင်ပညာသည် ဗုဒ္ဓ၏စာပေအယူအဆအရဆိုက စင်ကြယ်မွန်မြတ်သောအလုပ်ဟူ၍ သတ်မှတ်၍မရ ၊ ဗုဒ္ဓ၀ါဒနှင့်ဖီလာကျသည့် ဆန့်ကျင်ဖက်ကိစ္စဖြစ်၏။ဤအကြောင်းကို ဦးကျော်လှက ကောင်းကောင်းသိလေသည် ၊ သိ၍ ပယ်မည်စွန့်မည်ဆိုလျှင်လည်း ဦးကျော်လှမပယ်ရက် မစွန့်ရက် မပယ်နိုင်မစွန့်နိုင်ဖြစ်မိ၏။ မစွန့်နိုင်သော သဘင်ပညာကို ယ္ခင်ကပင်ဝါသနာထုံခဲ့သည် ၊ အစွဲအမက်ကြီးခဲ့သည် ၊ အရွယ်ကလည်းနုပျိုငယ်ရွယ်သေးသည်၊ တဖန်ဤအလုပ်ကပင် မိမိကိုတင့်စေသည်၊ မြင့်စေသည် ၊၀စေသည် လှစေသည်မှာ မငြင်းနိုင်အောင်ပင် ၊ သဘင်ဝါသနာကိုလွယ်လွယ်နှင့် စွန့်လွှတ်နိုင်ပါမည်နည်း။
မစွန့်လွှတ်နိုင်ပေ ၊ မစွန့်လွှတ်နိုင်လျှင် မိမိအလုပ်၏ အပြစ်ကင်းမှု မွန်မြတ်မှု ၊ ဂုဏ်ရှိမှုကို အထောက်သာဓကပြရပေလိမ့်မည်၊ အကာအကွယ်ယူရလိမ့်မည် လျှောက်လဲရလိမ့်မည် ၊
ဦးကျော်လှ ဤအချက်ကိုမမေ့ပေ ၊ သတိရှိ၏။ သို့သော် မိမိအလုပ်၏အပြစ်ကင်းကြောင်း မွန်မြတ်ကြောင်း ၊ဂုဏ်ရှိကြောင်းကိုကား မပြောခဲ့ပေ၊ ပြော၍လည်းမရချေ ၊ ထို့ကြောင့်ပင် ဘာသာရေးအရသာကြည့်လျှင် လူဆိုသောသတ္တ၀ါများ၏ လှုပ်ရှားရုန်းကန်၍ အသက်ဝမ်းကျောင်းပြုနေရသည့်ဘ၀ဟူသမျှ အပြစ်ကိုယ်စီမကင်းနိုင်ကြပုံ ယေဘုယျသဘောကို ရေရေလည်လည် ဤသို့အလိမ္မာဖက်၍ ပြောခဲ့လေသည်။
လယ်သမားဘ၀နှင့် သဘင်သည်ဘဝ
သဘင်သည်အလုပ်သည်သာ ဗုဒ္ဓမကြိုက်သောအလုပ်ဖြစ်၍ အပါယ်သို့လားနိုင်သည်မဟုတ်ပါ၊ ရုပ်သေးသဘင်ကိုခွါရှောင်၍ တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ပြီဆိုကြပါစို့ ၊ တစ်ပါးသူ၏လယ်ကန်သင်းကို ဖောက်နင်းကာခိုးယူလျှင် အဒိန္နာဒါန်ဖြစ်နိုင်ပါသည်။ အဒိန္နာဒါန်ခိုးမှုဖြစ်က စင်ကြယ်သောအသက်မွေးမှုဖြစ်နိုင်ပါဦးမည်လော ၊ ယင်းသို့ ဆိုလျှင် တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်သူသည်လည်း အပါယ်ဘေးမှလွတ်ကင်းနိုင်ဖို့မလွယ်ကူလှပါ၊ အရောင်းအ၀ယ် ကုန်သည်လုပ်ပြန်လျှင်လည်း အချိန်စဉ်းလဲ တောင်းစင်းလဲနှင့် မုသားပြောဆိုကာ ရောင်းဝယ်နေကြရသည်၊ သူတို့ကော အပါယ်ဘေးမှလွတ်နိုင်ပါမည်လော၊ သဘင်သည်ကမှ မလွှဲသာမရှောင်သာ အပါယ်ကျရတောင် ပဟာသငရဲကျရ၍ တော်ပါသေး၏။ ယင်းသို့ဆိုလျှင် တောင်သူလည်သမားကုန်သည်များမှာ ဗုဒ္ဓအလိုတော်ကျ မင်္ဂလာတရားတော်နှင့်ညီညွှတ်သည်ဟု ပြောဆိုကြွားဝါရန်မလိုပါ ၊ သမ္မာအာဇီဝမဖြစ်လျှင် ပုပုရွရွ အပါယ်လေးပါးကျကြရမည့်သူချည်း မဟုတ်လား ၊ ဦးကျော်လှက အလိမ္မာဖက်၍ သံချိုဖြင့် ဤသို့ငေါ့ချသည်။
“ဒုစရိုက် ပြုမိုက်ကာ အရွှင်ကြံ၍ ၊
ဘ၀င်ကံ အမြွက်ဘေးရယ်နှင့် ၊
သဘင်ညာဏ်အသက်မွေးသူတို့ ၊
ယှဉ်ထွေးပုံ လမ်းမှန်ချင့်လျှင်ဖြင့် ၊
ကျမ်းဂန်နှင့် ထောင့်ဖီလာ….။
မလိမ္မာ အိမ်ယာထောင်ကြ ၊
လူ့ဘောင်မှာ ဒုလ္လဘရယ်လို့ ၊
ကောင်းသောညာဏ်ကုန်သွယ်၍ ၊
ကောင်းအောင်ကွယ်တောင်သူလုပ်ပေမယ့် ၊
ဗုဇ္ဈတိလိုတော်ကျအောင်ပ ၊ ဓမ္မပဒကျမ်းရယ်က ၊
ရဟန္တာ နှုတ်တော်မြွက်ခဲ့ ၊ ကျမ်းထွက်သေချာ….။
ကျင့်သမ္မာ အာဇီဝနှင့် ၊
မှီကြရန်အသက်မွေးမယ်တဲ့ ၊
ဤမျှမှန် ဓမ္မစက်ပေးခဲ့ ၊
ရုပ်သေးကိုရှောင်ခွါ၍ ၊
ကောင်းစွာပင် တောင်သူလုပ်သော်လည်း၊
သမ္မာညီ ၀ါဒီချုပ်ပါမှ ၊
မဟုတ်လျှင် ပိုအမိုပ ၊
အကုသိုလ် ဒု-ကိုချစ်တော့ ၊
ဘယ်ဖြစ်မှမသက်သာ ၊
နရက်ရွာ လွတ်ခဲ ။
သိပညာ စာအရှိငယ်နှင့် ၊
ပါဠိထင်ထင် မြွက်ပါလို့၊
အနက်ဝေဖန်ညှိလိုက်လျှင် ၊
ဝိသမံ မတည်ဟောပေတဲ့
ဤလောဘမူကြောင့် ၊
ပေးအလှုဖြောင့်မရိုးပေဘု ၊
တောင်းတင်းမျိုးအထွေထွေနှင့် ၊
ကန်သင်းခြေနင်းလေဘိသည့်အပြင် ၊
တအိအိရေကိုယူသည့် ၊
ကိုတောင်သူ ဒိန္နဒါန်နှင့် ၊
အရင်းမှန်ငွေတစ်မတ် ၊
တစ်ကျပ်ရုဠှီတင်၍ ၊
လေးချိန်ခွင် ဆယ်ကြံကြ ၊
ဝါဏိဇ္ဇမောင်မုသားတို့ ၊
စားကြတစ်ပုံစီမို့ ၊
ထုံဝသီ လွယ်လွယ်ပ၊
ကုန်သွယ်ကာ လယ်ယာလုပ်နိုင်ဘု ၊
အရုပ်ကြိုးစုံတပ်ပါလို့ ၊
သမ္ဖပ္ပလာညာဏ်နှင့် ၊
ကဗျာသံအရွှင်သွယ်၍ ၊
သဘင်သည် ဧကံလုပ်ရပါတော့ ၊
ကျုပ်တို့မသကာကျလျှင်ဖြင့်၊
ပဟာသနယ် တစ်ထောင့်ပါပဲ ။
ငါတောင်သူ ငါကုန်သည်ဟု ၊
ရွာယုံဖွယ် ကွက်စုံရိုက်ပါလို့ ၊
လက်ကုန်နှိုက် ဗလချာမောင်တို့က ၊
သမ္မာရောက်ပြုပြန်၍ ၊
သမုဒယံ ခုခံလို့မကြွားချင်နှင့် ၊
အမှုအမှန်လျှင် ဘယ်သူ့အကြံမှ မတရားပါဘူး ၊
စတုအပါယံ ပြုသဟာကံကြောင့် ၊
လားရပါလိမ့် ၊ မှားကြဆင်ကွဲ “။
အန္တရာယ်ကြီးမား
ဦးကျော်လှ၏ သံချိုတွင်ပါဝင်သည့် ဘာသာရေးအယူအဆများမှာ ဗုဒ္ဓ၀ါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်လေသည် ၊အန္တရာယ်ရှိသောအယူအဆ ဤအယူအဆများ၏အန္တရာယ်ကား အလွန်ကြီးမားလှ၏။ နေ့ချင်းညချင်းဆိုသလိုပင် ဤအယူအဆများကား အများပြည်သူ သူတော်စင်တို့၏ ဦးဏှောက်ထဲသို့ ဒိုးကနဲ ဒေါက်ကနဲ ၀င်ရောက်သွားနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် သံချိုကိုင်ဥိးကျော်လှ သံချိုအကျော်ဦးကျော်လှ၏ အရိပ်သြဇာက အများပြည်သူတို့အပေါ်တွင် လွှမ်းမိုးကြီးစိုးလွန်းသောကြောင့်ပင်ဖြစ်သည်။ ဥိးကျော်လှ၏စကား မိုးကြိုးသွားထက် ထက်မြက်နေသောခောတ်တွင်မှ အန္တရာယ်ဟုမတွက်လျှင် အလွန်မှားခြိမ့်မည်။
“သဘင်သည်ကမှ ငရဲကျတောင် ပဟာသငရဲလောက်သာကျ၍ တော်ပေသေးသည် ၊ခိုးမှုကျုးလွန်တဲ့ တောင်သူလယ်သမားနှင့် ချိန်စဉ်းလဲ တောင်းစင်းလဲ ပြောဆိုကာရောင်းဝယ်ရသော ကုန်သည်များကား အပါယ်လားရမည်”
ဤစကားကား အလွန်ကြောက်ဖွယ်ကောင်းသည့်စကားဖြစ်၏ ၊ဘာသာရေးရှုထောင့်ကကြည့်လျှင်သော်၎င်း ၊ ကုန်ထုတ်လုပ်အားစွမ်းအင်နှင့် အမျိုးသားစီးပွားရေးရှုထောင့်ကကြည့်လျှင်သော်၎င်း ၊ မလိုလားအပ်သည့်အချက်ပင်ဖြစ်တော့သည်။
ဤအယူအဆ လူကြားထဲသို့ ပြန့်နှံ့မသွားဖို့ အရေးကြီးသကဲ့သို့ အစပျောက်သွားအောင်လည်း တိုက်ဖျက်ချေမှုန်းပစ်ရန် အရေးကြိးလှသည်။ ဤအတိုင်းထားက အများတကာ အမှားများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည် ။ ထို့ကြောင့် ချေမှုန်းကာကွယ်ရမည် ၊ ယင်းသို့ယုံကြည်သဘောပေါက်နေသူများလည်း ရှိပေသည် ။ထိုအထဲတွင် မန်လည်ဆရာတော်ကြီးကား ထိပ်ဆုံးမှပါဝင်လေသည်။
ဆရာတော်ကြီးသည် ဦးကျော်လှနှင့်တစ်နှစ်ထဲ ၁၂၀၃-ခုနှစ်တွင် ဖွားမြင်တော်မူခဲ့သည်။ ခောတ်ပြိုင် စာဆိုပုဂ္ဂိုလ်နှစ်ဥိးဟုဆိုက မှားမည်မဟုတ်ပေ ၊ ဆရာတော်သည် သံချိုပါအယူအဆနှင့်ပတ်သက်၍ ဤသို့ပြတ်ပြတ်သားသားမြင်တော်မူသည် ။
“သဘင်သည်ဆိုသည်မှာ ပုထုဇဉ်အညံ့စားတို့ကို ရာဂမီး ၊ဒေါသမီး ၊ မောဟမီးလောင်ကျွမ်းအောင် လှုံ့ဆော်ပေးနိုင်သူများဖြစ်သည် ။ ပုထုဇဉ်လူသားတို့ကို ရူးသွပ်သွားအောင် မှိုင်းတိုက်ပေးနိုင်သူများလည်းဖြစ်သည်။ ထို့ကြောင့် ထိုသဘင်သည်များသေသွားလျှင် အ၀ီစိငရဲတွင် သဘင်သည်၏ဟန်အသွင် ကကြိုးနှင်၍ခံစားရသည်ဟု ကျမ်းဂန်၌ အထင်ရှားရှိသည် ၊တောင်သူ လယ်သမား ကုန်သည်များအဖို့ တစ်ကြိမ်တစ်ခါ အဒိန္နဒါန် မုသာဝါဒကို ကျုးလွန်မိရုံဖြင့် အပါယ်မလားနိုင်ပါ “။
သို့ပါလျှက် ဤသို့ သံချိုဆရာပြောခြင်းသည်ကား မိမိအပြစ်ကိုထိမ်ဝှက်၍ အရှက်ပြေပြောခြင်းသာဖြစ်သည်ဟု ဆရာတော်ကသဘောပေါက်ထား၏။ စင်စစ်ဧကံ အမှန်မှာမူ အစီစိသွား သဘင်သည်သမားက တောင်သူလယ်သမား ကုန်သည်များကို “သူခိုးသေဖော်ညှိခြင်း”သာဖြစ်သည် မညှိလာပါနှင့်ကွယ်ဟု ဆရာတော်ကမေတ္တာရပ်ခံရင်း အောက်ပါသံ ချိုနှင့် ရေးသားချေပလိုက်တော့သည် ။
* မညှိလာပါနှင့်*
“အမှားပြုလျှင်ဖြင့် လားမှုအပါယ်တူပ၊ ဘယ်ဘယ်သူ မဟူရပေဘု ၊ကမ္မရယ် ဒါယဒံမို့ ၊ အမွေခံ ဧကံဖြစ်ပေလိမ့် ၊လမ်းစင်စစ်အမှန်ပင် ။ သို့ကတဲ ထူးကဲပုံ အမှန်ဆိုတော့ ၊ သူ့အလို မူနဂိုမတူကြအောင်ပ ၊ ရူးပျော်အောင်သဘာဝတွေနဲ့ ၊ ရာဂဆိုကိလေမီးတို့ကို ၊ ထိန်ညီးအောင် လည်လို့မြှိုက်သည့်ပြင် ၊
စရိုက်တွေ ကိုယ်ကိုရံလို့ ၊ မိစ္ဆာညာဏ်မောမုဟူစိတ်မှာဖြင့် ၊ မှောင်ပိတ်အောင် သန်းခေါင်ထက်ကဲကြတော့ ပွဲမှုသဘင်…။
သူဆွလျှင် ဘလောင်ဆန်လို့ ၊ ပုထုဇဉ် ညာဏ်အမြင်ကန်းသူတို့ ၊ ရော်ရမ်းကာ ဘာမထင်က ၊ ဇာတ်သဘင်ပုံပြင်ကောက်လျှင် ၊ နတ်ရူးကို ဗုံနှင့်မြှောက်သည့်နှယ် ၊ ပင့်ထောက်ကူ အမှုတွဲငယ်နှင့် ၊ လူရွှင်ရွဲတို့မှာ အားပေးသူ ဥပဒေနှင့်မလွဲဟာမို့ ၊ သည်အကြံ သည်ကံနှင့်မြဲကြလျှင်ဖြင့် ၊ ချုပ်စဲကာခန္ဓာကြွေတော့ ၊ အောက်သံမြေ ၀ီစိပုံးမှာလ ၊ အော်အုံးအောင် သဘင်ဟန်သို့ ၊ သွင်သဏ္ဍာန် ခံရမြဲရယ်ဟု ၊ ကျမ်းထဲမှာအကုန်ဖော်လို့ ၊ မြတ်ရှင်တော် စိန္တေစောငယ်က ၊ ဟောမုချရွှေခွန်းတင် မှန်သဘင်သည်များ ။
ထို့အတူ ကုန်ရောင်းဝယ်လူနှင့် ၊ လယ်တောင်သူ နွယ်ဇာတိတို့မှာ ၊ ကြိမ်တစ်ခါ အဒိန္နဒါ မုသာငြိသော်လည်း ၊ အ၀ီစိမှာခံရနက်သည်ဟု ၊ ဘယ်ကျမ်းစာလာမထွက်ပါဘု ၊ ၀ီစိကောင် ထောင်တစ်သက်ကယ်တို့ ၊ မတူအောင်သာ ညာဏ်ရှာလို့ဆက်ပြန်ခဲ့ ၊ သက်မွေးပုံ ယဉ်ဟန်ရှိတယ်လို့ ၊ ရှက်ပြေရုံ သက်သေမလုံဘိသောကြောင့် ၊ မျိုးဆွေတော် ညာဏ်ပရိငယ်နှင့် ၊ သေဖော်လာမညှိချင်နှင့်ကွယ် ၊ မျိုးဝီစိသွား …။
(မြန်မာစာပေတိုက်ပွဲများ စာမျက်နှာ ၆၀-မေမြို့မိုးကြည် )
by လင်္ကာ အရှင် on Friday, January 13, 2012 at 9:47pm ·

No comments:
Post a Comment