Friday, March 23, 2012

နတ်သမီးနှင့်ရှင်ရသေ့

ဗာရာဏသီဗြဟ္မဒတ်မင်းကြီးစိုးစံသည်။ ဘုရားအလောင်းသည် ကာသိရွာတွင် ပုဏ္ဏားမျိုး၌ဖြစ်ကာ ရသေ့ဝတ်ဖြင့် ပဒုမ္မာကြာအိုင်တစ်ခုကို အမှီပြုနေထိုင်လေသည်။ တစ်နေ့တွင် ပဒုမ္မာကြာအိုင်သို့ဆင်းကာ ကြာပန်းတစ်ပွင့်အားနမ်းရှုနေစဉ်  “ဤသို့နမ်းရှုခြင်းသည် တစ်ချို့တစ်ဝက်ကိုခိုးယူသော ရနံ့သူခိုးစာရင်းထဲတွင်ပါဝင်သည်” ဟူသော အသံကိုကြားလိုက်ရလေသည်။ 



ရသေ့သည် အသံလာရာဆီသို့ ကြည့်လိုက်ရာ သစ်ပင်၏ ပင်စည်ကြားတွင် ရပ်နေသော နတ်သမီးတစ်ပါးကို တွေ့ရလိုက်ရာ ရသေ့က “နတ်သမီး ငါသည်သင့်ကြာပန်းကို ယူလည်းမယူ၊ ချိုးလည်းမချိုး၊ အဝေးမှနေ၍ရနံ့ကို နမ်းရုံမျှသာ ၊အဘယ့်ကြောင့် ငါ့အား ရနံ့သူခိုးဟု စွပ်စွဲရသနည်း” ဟု မေးလိုက်သည်။
ထိုအခိုကမှာပင် ယောက်ျားတစ်ယောက်သည် ကြာကန်ထဲဆင်း၍ ကြာစွယ်များကိုတူးပြီး ကြာပန်းများကိုချိုးယူသွားလေသည်။ နတ်သမီးသည် ထိုယောက်ျားအပေါ်၌ကား မည်သို့မျှ စကားမဆိုလိုက်ပေ။


ရသေ့က “အသင်နတ်သမီးသည် ကြာစွယ်များကိုတူးပြီး ကြာပန်းများကို ချိုးယူသွားသော ထိုယောက်ျားအပေါ်၌မည်သို့မျှ မဆိုမူ၍ အဘယ့်ကြောင့် အဝေးမှသာရနံ့ရှုသောငါ့အား ရနံ့သူခိုးဟု စွပ်စွဲရဘိသနည်း” ဟု မေးမြန်းရာ နတ်သမီးက “ထိုယောက်ျားသည် တံတွေးကျင်ကြီးကျင်ငယ်တို့ဖြင့် လိမ်းကျံသော နို့ထိမ်းကျွန်မ၏အ၀တ်ကဲ့သို့ မကောင်းမှုတို့ဖြင့် လိမ်းကျံထားပြီးသူဖြစ်သည်။ ထို့ကြောင့်ပြောစရာတစ်စုံတစ်ရာမရှိတော့ချေ။ စင်ကြယ်ခြင်းကိုရှာဖွေနေသော သင့်အဖို့ကား သားမြှီးဖျားမျှရှိသော မကောင်းမှုကလေးသည်ပင် မိုးတိမ်ပမာ ထင်လွယ်မြင်လွယ်ရှိပေ၏။ ထို့ကြောင့်ဆိုသင့်၍ ဆိုရခြင်းသာဖြစ်သည်” ပြောကြားလိုက်လေသည်။
 ရသေ့လည်းသဘောပေါက်သွားကာ “အသင်နတ်သမီး နောက်နောင် ငါ့တွင်အပြစ်တွေ့ရလျှင် ဆုံးမစကားပြောကြားနိုင်ပါသည်”ဟု ဖိတ်မံလိုက်ရာ နတ်သမီးက “ငါသည်သင့်ကိုမှီ၍ အသက်မွေးနေရသော အမှုထမ်းမဟုတ်ပေ၊ သုဂတိဘ၀ကိုရနိုင်သည့် ကောင်းမှုများကို သင့်ဘာသာ သိရမည်” ဟုပြောဆိုပြီး ထိုနေရာမှထွက်ခွါသွားလေသည်။
                               (သိင်္ဃပုပ္ဖဇာတ်)             
     by လင်္ကာ အရှင် on Thursday, November 10, 2011 at 5:01pm

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..