Friday, March 23, 2012

* ကြေကွဲဖွယ်ရာ မျက်မှောက်ခေတ်သာသနာ*

      ယနေ့မျက်မှောက်ခေတ်ဟာ စစ်မှန်တဲ့ဗုဒ္ဓအဆုံးအမတွေနဲ့ အလှမ်းကွာဝေးလာကြပြီလို့တော့ စိတ်ထဲမှာခံစားရမိတယ် အမှန်တကယ်က (ရသေ့)ရဟန်းဆိုလာ လူမဟုတ်ဘူး လူတွေရဲ့ဓလေ့စရိုက်နဲ့ အဖွဲ့အစည်းတွေကိုငြီးငွေ့ကြလို့ လူသူဝေးရာ တောတွေတောင်တွေထဲမှာ ပုန်းအောင်းမှီခိုကြတဲ့သူတော်စဉ်တွေရဲ့အစဉ်အလာပါ ဒါ့ကြောင့်သူတို့မှာ တောတောင်လှိုင်ခေါင်း သစ်ပင်ရင်းစသည်တို့ကိုသာ နေရာထိုင်ခင်းအဖြစ်အသုံးပြုတော်မူကြပါတယ်

အစာအာဟာရအတွက်ဆိုလည်း အချိန်တန်မှ သပိတ်ပိုက်ကာအိမ်တကာသို့လှည့်လည်ကာ မြတ်သောတောင်းရမ်းစားသောက်ခြင်းဖြင့်ဖြေရှင်းကြရပါတယ် ၊
ဆေးအတွက်ဆိုလည်း နွားကျင်ငယ်ရည်နှင့်ဖန်ခါးသီးဟာ သူတို့အတွက် ဘုရားဆေးတော်ကြီး(ပရဆေး)ပါပဲ
အ၀တ်အတွက်ဆိုလည်း အမိုက်ပုံ သုဿန်စသည်တို့၌ လူတို့စွန့်ပစ်ထားသော အ၀တ်စုတ်များကိုသာကောက်ယူကာ ရဟန်းတော်တို့အတွက်အပ်စပ်အောင် ဆိုးရည်ဖြင့်ဆိုကာ ပံသုကူသင်္ကန်းကိုသာဝတ်ရုံသုံးဆောင်ခဲ့ကြပါတယ်။
    ဘုရားရှင်ကိုယ်တော်တိုင်ပင် ဆေးဆရာဇီဝကအား သင်္ကန်းလှုဒါန်းခွင့်မပြုမီကပံသုကူသင်္ကန်းကိုပင် ၀တ်ရုံသုံးဆောင်တော်မူခဲ့တယ်လို့ ၀ိနည်းမဟာဝါ မှာတွေ့ရပါတယ်။
   ရဟန်းတော်များဝတ်ရုံသုံးဆောင်ကြတဲ့ သင်္ကန်းတော်ဟာ အမှိုက်ပုံ သုဿန်သင်္ဂြိုင်းစသည်က လူတို့စွန့်ပစ်ထားအပ်တဲ့ အ၀တ်စုတ်များသာဖြစ်ပေမယ့် လူတွေရဲ့ပိုးဖဲကတ္တီပါအ၀တ်အထည်တွေထက်တော့ အစပေါင်းများစွာသာလွန်နေပါတယ်။ အဘယ့်ကြောင့်ဆိုသော် ယင်းရွှေငွေရတနာစီခြယ်ထားအပ်တဲ့လူတို့အသုံးအဆောင်အ၀တ်အစားတွေဟာ တောထဲတောင်ထဲမှာ တရားအားထုတ်နေကြတဲ့ သူတော်စင်များအတွက်အန္တရာယ်များလှလို့ပါတယ် ။ အဖိုးနည်းလေလေ အန္တရာယ်ကင်းလေလေ ၊ရှာဖွေရလွယ်ကူလေလေ ၊တပ်မက်မှုကင်းလေလေလို့ဆိုရင်မှားမည်မထင်ပါ။ ယင်းသင်္ကန်း၏ဂုဏ်ကျေးဇူးတို့ကို ဗုဒ္ဓစာပေမှာ အောက်ပါအတိုင်းတွေ့ရပါတယ်-
                     
                                     သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး


၁။ အဖိုးနည်း၍ ကောင်းမွန်ပြီးလျှင် ရှင်ရသေ့တို့နှင့် အပ်စပ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၂။ မိမိလက်ဖြင့် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၃။ သုံးဆောင်ရာမှာ ဖြည်းဖြည်းသာ ညစ်နွမ်း၍ လျှော်သောအခါ ကိစ္စ ကျယ်ဝန်းမှုမရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၎။ သုံးဆောင်သဖြင့် ဆွေးသွားသော်လည်း ချုပ်စပ်ဖာထေးနေဖွယ်မရှိ စွန့်ပစ်လိုက်ရုံသာ ဖြစ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၅။ တဖန်အသစ်ရအောင် ရှာသောအခါ အလွယ်တကူရအောင် ပြုလုပ်နိုင်ခြင်း သည် ဂုဏ်ကျေးဇူးတစ်ပါး။
၆။ ရှင်ရသေ့အဖြစ်နှင့် လျောက်ပတ် သင့်လျော်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၇။ ရန်သူလူဆိုးတို့၏ အသုံးအဆောင် မဟုတ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၈။ သုံးဆောင်သောသူမှာ တန်းဆာဆင်ရာ မရောက်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၉။ ဝတ်ရုံဆောင်ယူရာ၌ ပေါ့ပါးခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁ဝ။ သင်္ကန်းပစ္စည်း၌ အလိုနည်းခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၁။ လျှော်ကိုထုလျှင် တေလျှင်ပင် လျှော်တေသင်္ကန်း ဖြစ်နိုင်သဖြင့် လျှော်တေသင်္ကန်း ဖြစ်ပေါ်စေခြင်း၌ တရားနှင့်ညီ၍ အပြစ်မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၂။ လျှော်တေသင်္ကန်း ပျောက်ဆုံးပျက်စီးသွားသော်လည်း ငဲ့ကွက်နှမြောနေဘို့ မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။ ………………………………………………………………………………………………..
                         ပထမဆုံး ဂဟပတိစီဝရ သင်္ကန်းဒါယကာကြီး

                                     ၂၁ဝ-ဆေးဆရာဇီဝကတောင်းသော ဆု

     ဆေးဆရာဇီဝကသည် ဘုရားရှင်အားဆေးကုသပေး၍ မြတ်စွာဘုရား၏ ကိုယ်တော်သည် မကြာမီပင်လျှင် ပြကတေ့သဘောအတိုင်း ဖြစ်၏။ ထိုအခါ ကောမာရဘစ္စမည်သော ဇီဝကသည် သိဝိတိုင်း၌ဖြစ်သော ထိုပုဆိုးအစုံကို ယူ၍ မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကာ မြတ်စွာဘုရား ကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသော ဆုကို တောင်းလိုပါသည်''ဟု လျှောက်၏။
      ဇီဝက မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ဟု (မိန့်တော်မူရာ) အသျှင်ဘုရား တောင်းမည့်ဆုသည် အပ်လည်း အပ်ပါ၏၊ အပြစ်လည်း မရှိပါဟု (လျှောက်၏)။
      ဇီဝက ဆိုလော့ဟု မိန့်တော်မူသောအခါ အသျှင်ဘုရား မြတ်စွာဘုရားသည်လည်းကောင်း၊ ရဟန်း သံဃာသည်လည်းကောင်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ပါ၏၊
     အသျှင်ဘုရား အကျွန်ုပ်ထံ့ဤသိဝိတိုင်းဖြစ် ပုဆိုးအစုံကို ပဇ္ဇောတမင်းက ပို့သပါ၏၊ များစွာသော ပုဆိုးတို့ထက် များစွာသော ပုဆိုးအစုံတို့ထက် များစွာသော ပုဆိုးအစုံတစ်ရာတို့ထက် များစွာသော ပုဆိုးအစုံတစ်ထောင်တို့ထက် များစွာသော ပုဆိုး အစုံတစ်သိန်းတို့ထက် အဖိုးလည်းတန်ပါ၏၊ အထူးသဖြင့်လည်း ချီးမွမ်းအပ်ပါ၏၊ အမွန်အမြတ်လည်း ဖြစ်ပါ၏၊ အထူးသဖြင့်လည်း ကျော်စောထင်ရှားပါ၏၊ ထက်ဝန်းကျင်မှလည်းကောင်းပါ၏။
    အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ သိဝိတိုင်းဖြစ် ပုဆိုးအစုံကို ခံယူတော်မူပါ၊ ရဟန်း သံဃာအားလည်း ဒါယကာတို့ လှူသော သင်္ကန်းကို ခွင့်ပြုတော်မူပါဟု (လျှောက်၏)။ မြတ်စွာဘုရားသည် သိဝိတိုင်းဖြစ် ပုဆိုးအစုံကို ခံယူတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ကောမာရဘစ္စမည်သော ဇီဝကကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏၊ ထိုအခါ ကောမာရဘစ္စမည်သော ဇီဝကသည် မြတ်စွာဘုရားက (တရားစကားဖြင့် အကျိုးစီးပွါးကို) သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဒါယကာတို့ လှူသော သင်္ကန်းကို ခွင့်ပြု၏၊ ပံ့သကူသင်္ကန်းကို ဆောင်ခြင်းငှါ အလိုရှိသော ရဟန်းသည် ဆောင်လော့၊ ဒါယကာတို့ လှူသော သင်္ကန်းကို သာယာခြင်းငှါ အလိုရှိသော ရဟန်းသည် သာယာလော့။ ရဟန်းတို့ တစ်ပါးပါးသော သင်္ကန်းဖြင့် ရောင့်ရဲခြင်းကို ငါချီးမွမ်း၏''ဟု မိန့် တော်မူ၏။
…………………………………………………………
       ယင်းကဲ့သို့ဂဟပတိစီဝရကိုခွင့်ပြုအပြီးနောက်မှာတော့ ရဟန်းတော်တို့ဟာ ၀ိနည်းတော်လည်းအထူးတလည်ပညတ်ထားတော်မမူရသေးတဲ့အတွက် အရောင်အသွေးကာလာအမျိုးမျိုးကိုဝတ်ဆင်လာကြပါတယ် ။ဒါ့ကြောင့်ဘုရားရှင်က သာသနာနှင့်မအပ်စပ်တဲ့အရောင်များကို မ၀တ်ကြဖို့တားမြစ်တော်မူရပြန်ပါတယ် ။ယင်းအကြောင်းအရာကို ၀ိနည်းမဟာဝါပါဠိတော်မှမူရင်းအတိုင်းကူးယူဖော်ပြပေးလိုက်ရပါတယ် ။

     အဘယ့်ကြောင့်ဆိုသော် ယနေ့မျက်မှောက်ခောတ်မှာ ၀ိနည်းတော်များးကိုအမြစ်ကတူးဖြိုကာ မိမိတို့ကြိုက်သလိုဝတ်ရုံနေကြတဲ့မဟာယာနရဟန်းတော်တွေကို စာဖတ်သူတို့တွေ့ဖူးမြင်ဖူးကြမှာပါပဲ အရဟတ္တဓဇလို့ခေါ်တဲ့ သစ်ခွံသစ်ခေါက်ဆိုးအရောင်သင်္ကန်းများမဟုတ်ကြတော့ပဲ အလုံးစုံဖြူသော ၊အလုံးစုံနက်သော ၊အလုံးစုံပြာသော မိမိတို့နှစ်သက်ရာအရောင်များကိုဝတ်ရုံလာကြလို့ပါပဲ ။
    ယင်းတို့၏အလိုအရ ၀တ်ရုံသုံးဆောင်ခြင်းသည် ကျွန်ုပ်တို့ထေရ၀ါဒအရ သိမ်အတွင်းဝင်ကာ သပိတ်တစ်လုံးသင်္ကန်းသုံးထည်ဖြင့်ရဟန်းပြုလာကြသော ရဟန်းတော်များမဟုတ်ကြ၍ ၀ိနည်းကြောင်းအရ မည်သို့မျှပြောဆိုခွင့်ရှိမည်မဟုတ်ပေ။
    သို့သော် သို့သော် ကျွန်ုတို့ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့သည်ကား လွဲမှားစွာ နားမလည်စွာ သူတို့လည်းဘုရားသားတော်တွေပါပဲ ရဟန်းအမည်ခံထားသူတွေပါပဲ ယိုးဒယား သီရိလင်္ကာစသော နိုင်ငံများမှရဟန်းတော်များသည် အ၀ါရောင်ဝတ်ဆင်ကြသည် ၊မြန်မာကအညိုရောင်ဝတ်ဆင်ကြသည်၊ မဟာယာနရဟန်းတော်များသည် ၊အဖြူရောင် အပြာရောင် ခရမ်းရောင်စသည်စသည် မိမိတို့နှစ်သက်ရာဝတ်ဆင်ကြသည် ၊လူဝတ်ကဲ့သို့လောင်းဘီရှည်များကုတ်အင်္ကျီများဝတ်ဆင်ကြသည်၊ ယခု မြန်မာနိုင်ငံမှာကျမှ အပြာရောင်သင်္ကန်းကိုဝတ်ဆင်သော မိုးပြာဆရာတော်အရှင်ညာဏကျမှ ၀ိုင်းဝန်းကာ အပြစ်ဖို့ပြောဆိုကြသည် ၊ ဘာသာရေးဆိုတာ လွတ်လပ်စွာယုံကြည်ပိုင်ခွင့်ကိုးကွယ်ပိုင်ခွင့် ၊ဟောပြောပိုင်ခွင့်ရှိရမည်စသည်ဖြင့် ရေးသားလာကြ ပြောဆိုလာကြပေပြီး ။
    ကျွန်ုပ်ရင်ထဲ၌ကား အလွန်အင်မတန်မှ စိတ်မသက်မသာဖြစ်ရပေ၏။ ကျွန်ုပ်တို့ထေရ၀ါဒ သံဃာမထေရ်ကြီးများ ဘုရားလက်ထက်ကနေယနေ့တိုင်သယ်ဆောင်လာခဲ့ကြသည်၊ ကျင့်ကြံနေထိုင်လာခဲ့ကြပေ၏။ သို့သော် ကျွန်ုပ်တို့လက်ထက်အရောက်မှာ ယခုမြန်မာနိုင်ငံသည်လည်း အပြာရောင်သင်္ကန်းများကို ခွင့်ပြုရမည် နားလည်နိုင်ကြရမည် ။ဒါဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသည်ဟုဆိုလာကြခြင်းအပေါ်မှာ အလွန်ပင် စိတ်နှလုံးမသာမယာဖြစ်ရပေ၏။
     ယင်းကဲ့သို့ ကြိုက်တာလုပ် ၊ကြိုက်တာယူ အကုန်ဘုရားဝါဒ ဘုရားအလိုတော်ကျချည်းသာဟု လက်ခံကြမည်ဆိုလျှင်လည်း ကျွန်ုပ်သည်ကား ဘုရားအလိုတော်ကျ အတိုင်းသာ ဘုရားရှင်ခွင့်ပြုထားတော်မူသော နေထိုင်နည်းဖြင့်သာ သာသနာတွင်း၌ နေထိုင်ကျင့်သုံးရပါလို၏ ဟူ၍သာ ဆန္ဒပြုမိပေသည် ။
   စာရှုသူတို့ကား မိမိတို့အသိညာဏ်အလျှောက် မိမိတို့ခံယူချက်အလျှောက် မိမိတို့ဘာသာ မှန်ကန်သည့် လမ်းကြောင်းပေါ်မှာ ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေလို့ပဲ ဆန္ဒပြုလိုက်ရပါသည်။
    ဘုရားရှင်၏၀ိနည်းပါဠိတော်ကြီးတွေမှာ ဟောကြားပညာတ်ထားတော်မူခဲ့ပုံတွေကိုတော့ ဗဟုသုတအဖြစ်လေ့လာကြည့်ကြစေချင်ပါသည် ။နောက်မှသာ မိမိတို့ဘာသာ ကြိုက်နှစ်သက်ရာအရောင်ဝတ်ဆင်ကာ ကြိုက်နှစ်သက်သလို ယူဆပြောဆိုကြတာ အကောင်းဆုံးဖြစ်ပါလိမ့် မည်။
                    ………………………………………………………………………..                
                         ၂၂၈-အလုံးစုံညိုသော သင်္ကန်းစသည်ကို ပယ်ခြင်း  


     ၃၇၂။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလုံးစုံညိုသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံဝါသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံနီသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံပြာသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံမည်းသော အဆင်းရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံ မဟာရင်္ဂမည်သော (ကင်းခြေများကျောက်ကုန်းအဆင်းနှင့် တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ အလုံးစုံမဟာနာမမည်သော (ဖက်ရွက်ရော်အဆင်းနှင့် တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်း တို့ကိုဆောင်ကုန်၏။ပ။ အဆာမဖြတ်သော သင်္ကန်းတို့ကိုဆောင်ကုန်၏။ပ။ ရှည်သော အဆာရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ ပန်းပွင့်အဆာကျစ်သော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ မြွေပါးပျဉ်း နှင့် တူသော အဆာကျစ်သော သင်္ကန်းတို့ကို ဆောင်ကုန်၏။ပ။ သင်တိုင်းကို ဆောင်ကုန်၏။ပ။ လျှော် တေသင်္ကန်းကို ဆောင်ကုန်၏။ပ။ ဦးရစ်ကို ဆောင်ကုန်၏။ လူတို့သည် ''အဘယ့်ကြောင့် သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမဂုဏ်ကို ခံစားသော လူတို့ကဲ့သို့ ဦးရစ်ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

     ရဟန်းတို့ အလုံးစုံညိုသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံဝါသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံနီသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင် အပ်ကုန်။ အလုံးစုံပြာသော အဆင်းရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံမည်းသော အဆင်း ရှိသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံမဟာရင်္ဂမည်သော (ကင်းခြေများကျောက်ကုန်းအဆင်း နှင့်တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အလုံးစုံ မဟာနာမမည်သော (ဖက်ရွက်ရော်အဆင်းနှင့်တူသော) ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ အဆာ မဖြတ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ ရှည်သော အဆာရှိသော သင်္ကန်းတို့ကို မဆောင် အပ်ကုန်။ ပန်းပွင့်အဆာကျစ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ မြွေပါးပျဉ်းနှင့် တူသော အဆာ ကျစ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်။ သင်တိုင်းကို မဆောင်အပ်ကုန်။ လျှော်တေသင်္ကန်းကို မဆောင်အပ်ကုန်။ ဦးရစ်ကို မဆောင်အပ်ကုန်။ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
………………………………………………….
                                    ၂၁၅-သင်္ကန်းဆိုးခြင်း

၃၄၄။ တစ်ရံရောအခါ ရဟန်းတို့သည် နွားချေးဖြင့်လည်းကောင်း မြေနီဖြင့်လည်းကောင်း သင်္ကန်းကို ဆိုးကုန်၏၊ သင်္ကန်းသည် အဆင်းမလှ ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အမြစ်ဆိုးရည် ပင်စည်ဆိုးရည် အခေါက်ဆိုးရည် အရွက်ဆိုးရည် အပွင့်ဆိုးရည် အသီးဆိုးရည်ဟု ဆိုအပ်ကုန်သော ဤခြောက်မျိုးသော ဆိုးရည်တို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
……………………………………………..
တစ်ရံရောအခါ ရဟန်းတို့သည် အဆာမဖြတ်သော ဆင်စွယ်ရောင်နှင့် တူသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ လူတို့သည် ''ကာမဂုဏ်ကို ခံစားသော လူတို့ကဲ့သို့တည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်း တို့ အဆာမဖြတ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန်၊ ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏့ဟု (မိန့်တော်မူ၏)။
……………………………………………….
                        ၂၁၆ - ဖြတ်သောသင်္ကန်းကို ခွင့်ပြုတော်မူခြင်း

၃၄၅။ ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေ တော်မူပြီးလျှင် ဒက္ခိဏာဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူ၏။ မြတ်စွာဘုရားသည် လေးထောင့်ကန် သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်တော်မူ၍ အသျှင်အာနန္ဒာကို ''အာနန္ဒာ သင်သည် လေးထောင့်ကန်သင်းဖွဲ့သော အစဉ်ဖွဲ့သော အကြားအကြား၌ အကန့်ဖွဲ့သော ခရီးဆုံကဲ့သို့ဖွဲ့သော မဂဓတိုင်းသူတို့၏ လယ်ကို မြင်၏လော''ဟု မိန့်တော်မူ၏။ ''မြင်ပါသည် အသျှင်ဘုရား''ဟု (လျှောက်၏)။ အာနန္ဒာ သင်သည် ရဟန်းတို့အား ဤသို့ သဘောရှိသော သင်္ကန်းတို့ကို စီရင်ခြင်းငှါ စွမ်းနိုင်ပါမည်လောဟု (မေးတော်မူ၏)။ စွမ်းနိုင်ပါသည် အသျှင်ဘုရားဟု (လျှောက်၏)။
ထို့နောက် မြတ်စွာဘုရားသည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော် မူပြီးလျှင် တစ်ဖန် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းတို့ကို စီရင်ပြီး၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ''ဘုန်းတော်ကြီးသော အသျှင်ဘုရား တပည့်တော်စီမံပြီးသော သင်္ကန်းတို့ကို ကြည့် ရှုတော်မူပါ''ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေစွ၊ ရဟန်းတို့ အာနန္ဒာသည် ကြီးသော ပညာရှိပေစွ၊ အာနန္ဒာသည် ငါဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ပါဠိတော်၏ အနက်ကို အကျယ်အားဖြင့် သိဘိ၏၊ အနားပတ် တလုပ်မြောင်းရှည် မည်သည်ကိုလည်း ပြုဘိ၏၊ တလုပ်မြောင်းငယ်ကိုလည်း ပြုဘိ၏၊ အိမ်ဝန်းကြီးကိုလည်း ပြုဘိ၏၊ အိမ်ခွဲကိုလည်း ပြုဘိ၏၊ အလယ်ခေါင်ကိုလည်း ပြုဘိ၏၊ ခေါင်ရံကိုလည်း ပြုဘိ၏၊ လည်ထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ မြင်းခေါင်းထိရာ၌ ခံသော အနားပတ်ကိုလည်း ပြုဘိ၏၊ လက်လိပ်ကိုလည်း ပြုဘိ၏၊ ဖြတ်လည်း ဖြတ်ဘိ၏၊ ဓားဖြတ်ခြင်းဖြင့် ကြမ်းတမ်း၍ ရဟန်းတို့အား လျောက်ပတ်၏၊ ရန်သူတို့သည်လည်း အလိုမရှိအပ်။ ရဟန်းတို့ ဖြတ်သော ဒုကုဋ်၊ ဖြတ်သော ကိုယ်ဝတ်၊ ဖြတ်သော သင်းပိုင် ကို ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
------
၂၁၇-တိစီဝရိက်ကို ခွင့်ပြုတော်မူခြင်း
၃၄၆။ ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေ တော်မူပြီးလျှင် ဝေသာလီပြည်သို့ ဒေသစာရီ ကြွချီတော်မူ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်နှင့် ဝေသာလီပြည် အကြား ခရီးရှည်ကြွတော်မူစဉ် ဦးခေါင်း၌လည်းကောင်း ပခုံး၌လည်းကောင်း ခါး၌လည်းကောင်း ဘုံလျှိုကဲ့သို့ အထပ်ထပ်သော သင်္ကန်းကို ပြု၍ လာကုန်သော သင်္ကန်းတို့ဖြင့် ချီပိုးအပ်သော ဘဏ္ဍာရှိကုန်သော၊ များစွာသော ရဟန်းတို့ကို မြင်တော်မူ၍ မြတ်စွာဘုရားအား ''ဤ (မဂ်ဖိုလ်မှ) အချည်း နှီးဖြစ်သော ယောက်ျားတို့သည် သင်္ကန်းများရန် အကျိုးငှါ အလွန်လျင်မြန်စွာ လှည့်လည်ဘိကုန်၏၊ ငါသည် ရဟန်းတို့အား သင်္ကန်း၌ အပိုင်းအခြားကို ဖွဲ့ရမူ အပိုင်းအခြားကို ထားရမူ ကောင်းလေစွ''ဟု အကြံဖြစ်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီလှည့်လည်သည်ရှိသော် ဝေသာလီပြည်သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုဝေသာလီပြည် ဂေါတမကမည်သော စေတီ 'ပညောင်ပင်' ၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ချမ်းအေးသော ဆောင်းဥတုအခါဖြစ်သော (တပို့တွဲ + တပေါင်း) =နှစ်လ တို့၏ အကြားဖြစ်သော ရှစ်ညဥ့်တို့၌ ဆီးနှင်းကျသော ညဥ့်အခါဝယ် လွင်တီးခေါင်၌ တစ်ထည်တည်းသော သင်္ကန်းရှိသည်ဖြစ်၍ ထိုင်နေတော်မူ၏၊ မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မမူ။
ပဌမယာမ်လွန်သော် မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် နှစ်ထည်မြောက်သော သင်္ကန်းကို ခြုံရုံတော်မူ၏၊ မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မမူ။
မဇ္ဈိမယာမ်လွန်သော် မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် သုံးထည်မြောက်သော သင်္ကန်းကို ခြုံရုံတော်မူ၏၊ မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မမူ။
ပစ္ဆိမယာမ်လွန်သော် နှစ်သက်ဖွယ် မျက်နှာနှင့်တူသော ညဥ့်၏ အရုဏ်တက်လတ်သော် မြတ်စွာ ဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် လေးထည်မြောက်သော သင်္ကန်းကို ခြုံရုံ တော်မူ၏၊ မြတ်စွာဘုရားအား ချမ်းအေးခြင်း ဖြစ်တော်မမူ။
ထိုအခါ မြတ်စွာဘုရားအား ''ဤသာသနာတော်၌ ချမ်းတတ်သော သဘောရှိကုန်သော အချမ်းကို ကြောက်သော သဘောရှိကုန်သော အမျိုးကောင်းသားတို့သည် သုံးထည်သော သင်္ကန်းဖြင့် ရောင့်ရဲမျှတခြင်းငှါ စွမ်းနိုင်ကုန်၏၊ ငါသည် ရဟန်းတို့အား သင်္ကန်း၌ အပိုင်းအခြားကို ဖွဲ့ရမူ အပိုင်းအခြားကို ထားရမူ သုံးထည်သော သင်္ကန်းကို ခွင့်ပြုရမူ ကောင်းရာ၏''ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာ ဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ ဤသာသနာတော်၌ ငါသည် ရာဇဂြိုဟ်ပြည်နှင့် ဝေသာလီပြည်အကြား ခရီးရှည်ကြွ တော်မူစဉ် ဦးခေါင်း၌လည်းကောင်း၊ ပခုံး၌လည်းကောင်း၊ ခါး၌လည်းကောင်း ဘုံလျှိုကဲ့သို့ အထပ်ထပ်သော သင်္ကန်းကို ပြု၍ လာကုန်သော၊ သင်္ကန်းတို့ဖြင့် ချီပိုးအပ်သော ဘဏ္ဍာရှိကုန်သော များစွာသော ရဟန်းတို့ကို မြင်တော်မူ၍ ငါအား ''ဤ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် သင်္ကန်းများ ရန် အကျိုးငှါ အလွန်လျင်မြန်စွာ လှည့်လည်ကုန်၏၊ ငါသည် ရဟန်းတို့အား သင်္ကန်း၌ အပိုင်းအခြားကို ဖွဲ့ရမူ အပိုင်းအခြားကို ထားရမူ သုံးထည်သော သင်္ကန်းကို ခွင့်ပြုရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။
ရဟန်းတို့ ငါသည် ဤသာသနာတော်၌ ချမ်းအေးသော ဆောင်းဥတုအခါဖြစ်သော (တပို့တွဲ + တပေါင်း) =နှစ်လတို့၏ အကြားဖြစ်သော ရှစ်ညဥ့်တို့၌ ဆီးနှင်းကျသော ညဥ့်အခါဝယ် လွင်တီးခေါင်၌ တစ်ထည်တည်းသော သင်္ကန်းရှိသည်ဖြစ်၍ ထိုင်နေ၏၊ ငါအား ချမ်းအေးခြင်း မဖြစ်။
ပဌမယာမ်လွန်သော် ငါအား ချမ်းအေးခြင်း ဖြစ်ခဲ့၏၊ ငါသည် နှစ်ထည်မြောက်သော သင်္ကန်းကို ခြုံရုံ၏၊ ငါအား ချမ်းအေးခြင်း မဖြစ်။
မဇ္ဈိမယာမ်လွန်သော် ငါအား ချမ်းအေးခြင်း ဖြစ်ခဲ့ပြန်၏၊ ငါသည် သုံးထည်မြောက်သော သင်္ကန်းကို ခြုံရုံ၏၊ ငါအား ချမ်းအေးခြင်း မဖြစ်။
ပစ္ဆိမယာမ်လွန်သော် နှစ်သက်ဖွယ် မျက်နှာနှင့်တူသော ညဥ့်၏ အရုဏ်တက်လတ်သော် ငါအား ချမ်းအေးခြင်း ဖြစ်ခဲ့ပြန်၏၊ ငါသည် လေးထည်မြောက်သော သင်္ကန်းကို ခြုံရုံပြန်၏၊ ငါအား ချမ်းအေးခြင်း မဖြစ်ခဲ့။
ရဟန်းတို့ ထိုငါအား ''ဤသာသနာတော်၌ ချမ်းတတ်သော သဘောရှိကုန်သော အချမ်းကို ကြောက်သော သဘောရှိကုန်သော အမျိုးကောင်းသားတို့သည် သုံးထည်သော သင်္ကန်းဖြင့် ရောင့်ရဲမျှတခြင်းငှါ့စွမ်းနိုင်ကုန်၏၊ ငါသည် ရဟန်းတို့အား သင်္ကန်း၌ အပိုင်းအခြားကို ဖွဲ့ရမူ အပိုင်းအခြားကို ထားရမူ သုံးထည်သော သင်္ကန်းကို ခွင့်ပြုရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ရဟန်းတို့ နှစ်ထပ်သော ဒုကုဋ်သင်္ကန်း၊ တစ်ထပ်သော ကိုယ်ဝတ်သင်္ကန်း၊ တစ်ထပ်သော သင်းပိုင်၊ ဤသုံးထည်သော သင်္ကန်းကို ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
…………………………………………….
     ယနေ့သော်ကား သင်္ကန်းအရောင်တို့သည် အလွန်အင်မတန်မှ များပြားစုံလင်လှပေ၏ ကျွန်တို့မြန်မာနိုင်ငံမှာပင် ထိုင်းနိုင်ငံမှာလာသော စိမ်းညှိ့ရောင်သန်းနေတဲ့ ခေတ်သစ်သင်္ကန်းများလည်းပေါ်လာကြပြီတည်း ၊ ဘုရားအလိုတော်ကျမကျကိုကား ၀ိနည်းကျွမ်းကျင်လိမ္မာတော်မူကြသည့် ဆရာတော်များသာ အဆုံးအဖြတ်ပေးနိုင်ကြမည်ဖြစ်သတည်း ။
     (၀ိနယော နာမ  သာသနဿ အာာယ၊ုဝိနည်းမည်သည် သာသနာ၏ အသက်တည်း)
                          by လင်္ကာ အရှင် on Friday, January 20, 2012 at 1:06pm ·

2 comments:

  1. Min Aung Naing ‎(၀ိနယော နာမ သာသနဿ အာာယ၊ုဝိနည်းမည်သည် သာသနာ၏ အသက်တည်း)
    January 21 at 3:35pm · Like · 1

    Ko Tar ၀ိနယော နာမ သာသနဿ အာာယ၊ု
    အဲဒါ ဘုရား ဟောတာလား...
    ဒီစကားက ဘယ်ကနေ ယူထားတာလဲ..
    ဘုရားဟောစကားတွေထဲ အဲဒါ မပါဘူးဆိုလားလို့ပါ။
    January 22 at 7:44am · Like

    လင်္ကာ အရှင်
    ဒသ အတ္ထဝသေ ပဋိစ္စ ဘဂဝတာ ပဌမံ ပါရာဇိကံ ပညတ္တံ -- သံဃသုဋ္ဌုတာယ၊ သံဃဖာသုတာယ၊ ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ၊ ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ၊ ဒိဋ္ဌဓမ္မိကာနံ အာသဝါနံ သံဝရာယ၊ သမ္ပရာယိကာနံ အာသဝါနံ ပဋိဃာတာယ၊ အပ္ပသန္နာနံ ပသာဒါယ၊ ပသန္နာနံ ဘိယျောဘာဝါယ၊ သဒ္ဓမ္မဋ္ဌိတိယာ၊ ဝိနယာနုဂ္ဂဟာယ။
    48 minutes ago · Like

    လင်္ကာ အရှင်
    ‎''ပဉ္စိမေ၊ ဘိက္ခဝေ၊ အာနိသံသာ ဝိနယဓရေ ပုဂ္ဂလေ -- အတ္တနော သီလက္ခန္ဓော သုဂုတ္တော ဟောတိ သုရက္ခိတော၊ ကုက္ကုစ္စပကတာနံ ပဋိသရဏံ ဟောတိ၊ ဝိသာရဒေါ သံဃမဇ္ဈေ ဝေါဟရတိ၊ ပစ္စတ္ထိကေ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဏှာတိ၊ သဒ္ဓမ္မဋ္ဌိတိယာ ပဋိပန္နော ဟောတီ''တိ (ပရိ၊ ၃၂၅)။
    48 minutes ago · Like

    လင်္ကာ အရှင်
    Ko Tar ရေ ဘယ်သူကများပြောလိုက်ပါလိမ့် ၀ိနယေ ဌိတေ သာသနံ ဌိတံ ဆိုတာ ဘုရားစကားတော်မဟုတ်ပါဘူးလို့ ။ တိုက်ရိုက်ဝိနယောနာမ သာသနဿာယုလို့တော့ မတွေ့ရဘူးပေါ့ သဒ္ဓမ္မဋ္ဌိတိယာ သူတော်ကောင်းတရားကြာရှည်တည်တံ့စေခြင်းငှါ သိက္ခာပုဒ်တော်တွေပညတ်တော်မူရတယ်လို့လာပါတယ် နောက်ဝိနည်းကိုဆောင်တဲ့ပုဂ္ဂိုလ်ဟာ သာသနာကြာရှည်စေခြင်းငှါ ကျင့်သူမည်ပေတယ်လို့ဟောထားတာကြည့်ရင် ဘုရားကိုယ်တော်တိုငိဟောတော်မူခဲ့တယ်ဆိုတာ သေချာနားလည်သဘောပေါက်ကြရမှာပါ
    44 minutes ago · Like

    လင်္ကာ အရှင်
    အနက်အဓိပ္ပါယ်မှာ သံဃသုဋ္ဌုတာယ၊ (သံဃာတော်များ ကောင်းမွန်စွာ ကျင့်သုံးနိုင်စေရန်၊)၊
    သံဃဖာသုတာယ (သံဃာတော်များ၏ ချမ်းသာစွာ ကျင့်ကြံနိုင်စေရန်၊)၊
    ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ (မကောင်းသူများကို နှိက်ကွပ်ရန်၊)
    ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ (သီလချစ်ခင်သူ ...See More
    40 minutes ago · Like

    လင်္ကာ အရှင်
    ‎(ဝိ၊ဋ္ဌ၊၁၊၁၁ နိသိန္နေ တသ္မိံ အာယသ္မန္တေ မဟာကဿပတ္ထေရော ဘိက္ခူ အာမန္တေသိ -- ''အာဝုသော၊ ကိံ ပဌမံ သင်္ဂါယာမ၊ ဓမ္မံ ဝါ ဝိနယံ ဝါ''တိ? ဘိက္ခူ အာဟံသု -- ''ဘန္တေ မဟာကဿပ၊ ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ၊ တသ္မာ ပဌမံ ဝိနယံ သင်္ဂါယာမာ''တိ၊။ အရှင်မဟာကဿပမထေရ်ကြီးက ပဌမသံဃာယနာမှာ ရဟန္တာထေရ်ရှင်ချည်းသာဖြစ်တော်မူကြတဲ့ သံဃာပရိသတ်ကို ဓမ္မနဲ့ ၀ိနယ ဘယ်အရာကို အရင်ဦးဆုံးသံဃာယနာတင်ကြမလဲဆိုတော့ အားလုံးကတင်ပြကြတယ် ၀ိနယောနာမ သသနဿ အာယု ၀ိနည်းဆိုတာ သာသနာအသက်သွေးကြောပါ ၊၀ိနယေ ဌိတေ သာသနံ ဌိတံ ၀ိနည်းတော်တည်ရှိသမျှ သာသနာတည်ရှိပါလိမ့်မယ် ဒါ့ကြောင့်ဝိနည်းပါဠိတော်ကို ဦးစွာသံဃာယနာတင်သင့်ပါတယ်လို့ တညီတညွှတ်ထဲ တင်ပြကြပါသတဲ့ ဒီတော့ Ko Tar ရေ ဘု၇ားဟောလည်းရှိနေတယ် နောက်အဲဒီစကားလုံးတွေက ပဌမသံဃာယနာတင်မထေရ်တွေမြွက်ဆိုခဲ့ကြတာဖြစ်လို့ သာသနာ့နှလုံးသည်းပွတ်လို့ မှတ်ယူသင့်ပါတယ် ။ စကားကသံသယကိုမေးတာဆိုပေမယ့် ၀ိနည်းကိုပယ်ချင်လို့များမေးတာဆိုရင် ဒုက္ခ :(

    ReplyDelete
  2. ဒိဋ္ဌဓမ္မိကာနံ အာသဝါနံ သံဝရာယ
    သမ္ပရာယိကာနံ အာသဝါနံ ပဋိဃာတာယ ဆိုတဲ့နှစ်ခုကို ဘယ်လို အဓိပ္ပါယ်ယူသင့်ပါသလဲ ဘုရား ...
    တပည့်တော် An approach to Buddhist Social Philosophy (Gnanarama) ကို ဖတ်ရင်း အဲဒီ စာပိုဒ်ကိုတွေ့တော့ တခြား ရှစ်ချက်ကို သဘောပေါက်သလို ရှိပေမယ့် အဲဒီ နှစ်ချက်ကို သဘောမပေါက်လို့ပါ။

    ReplyDelete

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..