Saturday, March 24, 2012

*အတုတွေရောက်လာပါက အစစ်အမှန်တွေ ကွယ်ပျောက်ကုန်လိမ့်မည်*

    အသျှင်မဟာကဿပမထေရ်။         ။ ''အသျှင်ဘုရား ရှေးက သိက္ခာပုဒ်တို့သည် အလွန် နည်းလှသည်သာလျှင် ဖြစ်ကုန်၏၊ များကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း၊
       အသျှင်ဘုရား ယခုအခါ၌ သိက္ခာပုဒ်တို့သည် အလွန်များသည်သာ လျှင် ဖြစ်ကုန်၏၊ အလွန်နည်းသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်ထားခဲ့ပါတယ် ။

          မြတ်ဗုဒ္ဓ။              ။  ”ကဿပ  အကြင်မျှလောက်ကာလပတ်လုံး လောက၌ ရွှေတုသည် မဖြစ်ပေါ်သေး၊ ထိုမျှလောက်ကာလပတ်လုံး ရွှေစစ် မကွယ်သေး၊   ကဿပ အကြင်အခါ လောက၌ ရွှေတုသည် ဖြစ်ပေါ်၏၊ ထိုအခါ၌ ရွှေစစ်၏ ကွယ်ခြင်းသည် ဖြစ်ပေါ်၏။
        ကဿပ ဤအတူသာလျှင် အကြင်မျှလောက်ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင်သည် မဖြစ်ပေါ်သေး၊ ထိုမျှလောက်ကာလပတ်လုံး သူတော် ကောင်းတရား မကွယ်သေး၊
  ကဿပ အကြင်အခါ လောက၌ သူတော်ကောင်းတရား အတုအယောင်သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ သူတော်ကောင်းတရား၏ ကွယ်ခြင်းသည် ဖြစ်၏။

       ကဿပ ပထဝီဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ အာပေါဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ တေဇောဓာတ်သည် သူတော်ကောင်းတရားကို မကွယ် ပျောက်စေနိုင်၊ ဝါယောဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊
   စင်စစ်သော်ကား အကြင်ယောက်ျားတို့သည် ဤသူတော်ကောင်းတရားကို ကွယ်စေကုန်၏၊ မဂ်ဖိုလ်မှ အချည်း နှီးဖြစ်ကုန်သော ထိုယောက်ျားတို့သည် ဤသာသနာတော်၌သာ ဖြစ်ပေါ်ကုန်၏၊ ''လှေသည် ဝန်ကို ယူဆောင်ခြင်းဖြင့်သာလျှင် နစ်မြုပ်ရသကဲ့သို့ (အလိုလိုသာလျှင်)သူတော်ကောင်းတရား၏ ကွယ်ခြင်းသည် မဖြစ်နိုင်ပေ

     ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ-
     ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည် မြတ်စွာဘုရား၌,တရားတော်၌,သံဃာတော်၌,အကျင့်သိက္ခာ၌,သမာဓိ၌ မရိုသေ, မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်း ငှါ ဖြစ်ကုန်၏။

    ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်းငှါ မကွယ် ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ကဿပ ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည် မြတ်စွာဘုရား၌,တရားတော်၌,သံဃာတော်၌,အကျင့်သိက္ခာ၌,သမာဓိ၌ ရိုသေတုပ်ဝပ်ကုန် သည်ဖြစ်၍ နေကုန်၏၊ ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏”
                                     (သဒ္ဓမ္မပဋိရူပကသုတ်-ကဿပသံယုတ်)
                              by လင်္ကာ အရှင် on Wednesday, March 21, 2012 at 10:08pm ·

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..