သူတစ်ပါးတို့အား ကဲ့ရဲ့ရှုံ့ချလျှင် အပြစ်ဖြစ်နိုင်ပါသလားဘုရား ဟု တကာမတစ်ဦးမှ မေးမြန်းလာပါသည် ။ သူမသည်လည်း ဝေဖန်ကဲ့ရဲ့ထိုက်သည်ကိုပင် တွေ့ပါလျှက် အကုသိုလ်ဖြစ်မည်စိုးပါသဖြင့် မပြောရဲမဆိုရဲဖြစ်နေရပါသဖြင့် မေးလျှောက်ရခြင်းဖြစ်ပါသည်ဟု မေးလျှောက်လာပါသည်။
ဟုတ်ပြီ ဒီတော့ ဝေဖန်ဆိုသည်ကို အရင်ဆုံး စဉ်းစားကြည့်လျှင်ပင် ဝေဖန်သုံးသပ် /ဝေဖန်ပုတ်ခတ် ဟူ၍ နှစ်မျိုးနှစ်စား တွေ့နိုင်ပေ၏ ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း
၂၅၃။ ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသ၀ါ တဿ ၀ဍ္ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။
၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။
ဆိုပြီးမိန့်မှာသတိပေးထားလေတော့ Pessimism တစ်ယောက်အနေနှင့် သူတစ်ပါးအပြစ် ၊အပေါက်အကြားကိုသား အလိုဆိုးဖြင့် လိုက်လံရှာဖွေပြီး လိုက်လံဝေဖန်ပုတ်ခတ်နေလျှင်တော့ ။ဝေဖန်ထောက်ပြပြောဆိုသင့်သူကို ဝေဖန်ထောက်ပြပြောဆိုမိလျှင်ကား ပြသနာမရှိပေမယ့်
မသိနားမလည်စွာ ချှီးမွမ်းသင့်တဲ့ပုဂ္ဂိုလ်ကို သွားရောက်ဝေဖန် ပုတ်ခတ် စော်ကားမိလျှင်ကား အန္တရာယ်များလှပေ၏။ မသိမှုအ၀ိဇ္ဗာသ၀ နှင့် အမြင်မှားမှု ဒိဋ္ဌာသ၀များပွားများလာကာ အထက်ပါဘုရားမိန့်မှာသတိပေးသကဲ့သို့ အာသ၀တရားတို့တိုးပွားရန်သာဖြစ်ပြိး အမတနိဗ္ဗာန်နှင့်ဝေးသထက်ဝေးရမည်သာတည်း။
ထို့ကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ် စတုက္က ပထမခတသုတ်မှာ “အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ အကြင်သူသည်လည်း ချီးမွမ်းထိုက် သူကို ကဲ့ရဲ့၏၊ ထိုသူသည် နှုတ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။ အကြင်သူသည် ကြွေအန်လောင်းတမ်း ကစားရာတို့၌ မိမိကိုယ်နှင့် တကွ ဥစ္စာပစ္စည်းအားလုံး ဆုံးရှုံး၏၊ ထိုသူ၏ ဤဆုံးရှုံးခြင်းသည် အနည်းငယ်မျှသော အပြစ်သာ ဖြစ်၏၊ အကြင်သူသည် ညီညွတ်သော (ဘုရားအစရှိသော အရိယာ သူတော်ကောင်း) ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှား၏၊ ထိုသူ၏ ဤအပြစ်သည်ကား သာလွန်ကြီးလေးသော အပြစ်ဖြစ်၏။ အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲတတ်သော သူသည် နှုတ်မကောင်းမှု စိတ် မကောင်းမှုကို ဆောက်တည်၍ အကြင် ငရဲသို့ ကပ်ရောက်ရ၏၊ ထို ငရဲ၌ တစ်သိန်းသော နိရဗ္ဗုဒ, သုံးဆယ့်ခြောက်ခုသော နိရဗ္ဗုဒ, ငါးခုသော အဗ္ဗုဒ အရေအတွက်တို့ပတ်လုံး ဖြစ်ရလေသတည်း”ဟု မိန့်တော်မူခဲ့သည်ကိုထောက်ဆပါကလည်း မသိနားမလည်ပဲ စွပ်စွဲပုတ်ခတ်ခြင်း ဝေဖန်ပြစ်တင်ခြင်းကား အန္တရာယ်ကြီးမားလှကြောင်း သိသာလှပေသည် ။
သို့သော် ကဲ့ရဲ့ပြစ်တင်ခြင်း ရှုံ့ချခြင်းသည် လုံးဝကောင်းသောအလုပ်မဟုတ် ၊ယင်းသို့ ကဲ့ရဲ့ရှုံ့ချသူသည်လည်း လူကောင်းတယောက်မဖြစ်နိုင်ဟု တရားသေ စွဲကိုင်ယူဆထားခြင်းသည်လည်း အရာရာကို အကောင်းမြင်ဝါဒနှင့်သာချည်းကပ်ရမည် ၊အပြစ်တစုံတရာပြောဆိုခြင်းငှါမသင့် ဟုဆိုရာရောက်သဖြင့် Optimism တစ်ယောက်မျှသာဖြစ်ပြီး လောကကို အမှန်အတိုင်းရှုမြင်သုံးသပ်နိုင်သူတစ်ယောက်ကားဖြစ်လာနိုင်တော့မည်မဟုတ်ပေ။
သို့သော် ကျွန်ုပ်တို့မြတ်ဗုဒ္ဓ၏အယူဝါဒီများဟာ Realist များကားယင်းသို့မဟုတ်မူ၍ ၀ိဘဇ္ဇ၀ါဒကိုသာစွဲကိုင်ထားသူများဖြစ်ရပေမည်။ *ကဲ့ရဲ့သင့်သူကို ကဲ့ရဲ့ပြစ်တင်ရမည် ၊ သို့မှသာ ယင်းသို့မသင့်လျော်မလျောက်ပတ်သော အပြုမူများ အယူအဆများမတိုးပွားပဲ လူယုတ်မာများ လျော့နည်းသွားနိုင်ပေ၏။ ကဲ့ရဲ့ထိုက်သူကိုပင်လျှင် ချီးမွမ်းထောမနာနေကြလျှင်ဖြင့် ကောကပါလတရားများ ပျက်စီးဖို့သာရှိတော့ပေလိမ့်မည် ။
*ချီးမွမ်းသင့်သည်ကိုလည်း ချီးမွမ်းရပေလိမ့်မည် သို့မှသာ လူကောင်းသူကောင်းများ များပြားလာကာ သူတော်ကောင်းတရားထွန်းကားမည်မဟုတ်ပါလော ။ ကဲ့ရဲ့သင့်သူကိုချီးမွမ်း ၍ ချီးမွမ်းသင့်သူကိုကဲ့ရဲ့ပါက အမှားအမှန်ကိုခွဲခြားမသိနိုင်သူမျှသာဖြစ်၍ အန္ဓဗာလအမိုက်ကောင်သက်သက်မျှသာဟုသာ ဆိုရပေတော့မည်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒေ၀ဒတ်၏ လုပ်ရပ်များနှင့်ပတ်သက်၍ ''နေရယိကော ဒေဝဒတ္တော ကပ္ပဋ္ဌော အတေကိစ္ဆော''တိ (စူဠဝ၊ ၃၄၈) “ငရဲမှာကမ္ဘာပတ်လုံးခံရမယ့် ကုစားမရတဲ့သူပဲ” လို့မိန့်တော်မူတော့ ဒေ၀ဒတ်၏ လက်ရင်းတပည့်တစ်ယောက်ဖြစ်တဲ့ ဆားဖိုရွာသား မဏ္ဍိကာ၏သား ဥပကသည် ‘ငါ့အပေါ်၌လည်း ဂေါတမသည် အဘယ်သို့ဝေဖန်ဦးမည်နည်း’ဟု ဖိနှိပ်ချုပ်ချယ်လိုသောအလိုဆိုးဖြင့် ဘုရားရှင်ထံသို့ချင်းကပ်ပြီးလျှင်
အသျှင်ဘုရား မည်သူမဆို သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေ၏၊ ထိုသူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသူ အားလုံးသည် (ကုသိုလ်တရားကို) မဖြစ်စေနိုင်၊
(ကုသိုလ်တရား) ကို့မဖြစ်စေနိုင်သူသည် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်၏ဟု အကျွန်ုပ် ဤသို့ဝါဒရှိပါသည် ဤသို့အယူရှိပါသည်ဟု (လျှောက်၏)။
……………………………………….
အဘယ့်ကြောင့်ထိုသို့ပြောဆိုရပါသနည်း ၊ယင်း ဥပက၏ စိတ်ထဲ၌ ဂေါတမသည် သူနှင့်အယူမတူသည်နှင့် ငါ့ဆရာဒေ၀ဒတ်အား “ကမ္ဘာနှင့်ချီပြိး ငရဲခံရမယ့် ကုစားမရတဲသူပဲ” ဟုပြောဆိုကာ လူအပေါင်း၏ ကဲ့ရဲ့ရှုံ့ချမှုကို ဖြစ်စေဘိ၏ ။ အရှင်ဂေါတမကိုယ်တိုင်ကရော သူတစ်ပါးမကောင်းပြောသောကြောင့်  ကောင်းသောအပြုအမူမဟုတ် ထို့ကြောင့် ကဲ့ရဲ့မှုမှ လွတ်မည်မဟုတ်ပါ ဟုခံယူကာ ။ အရှင်ဘုရားသည်ပင် သူတစ်ပါးမကောင်းပြောနေသောကြောင့် လူကောင်းသူကောင်းတယောက်မဟုတ်ဟု ဆိုလိုက်ချင်ပါသည်ဟု လာရောက်စွပ်စွဲပြောဆိုခြင်းတည်း။
ထိုအခါ မြတ်ဗုဒ္ဓက
“ဥပက မည်သူမဆို သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေခဲ့မူ သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသူသည် ကုသိုလ်တရားကို မဖြစ်စေနိုင်ခဲ့မူ ကုသိုလ်တရားကို မဖြစ်စေနိုင်သူသည် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်ခဲ့ပါမူ
ဥပက သင်သည်ပင် သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေ၏၊ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသော သင်သည်ပင် ကုသိုလ်တရားကို မဖြစ်စေနိုင်၊ ကုသိုလ်တရားကို မဖြစ်စေနိုင်သော သင်သည်ပင် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
(ဆိုလိုသည်မှာ သူတစ်ပါးအား ကဲ့ရဲ့ရှုပ်ချခြင်းကိုဖြစ်စေသူသည် လူကောင်းမဟုတ်ဟုဆိုလျှင် သင်သည်ပင် ငါဘုရားအား သူတစ်ပါးတို့ကဲ့ရဲ့ရှုံ့ချ ပြစ်တင်မှုကိုဖြစ်စေသည်ဖြစ်၍ လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ပေ -ဟု မိန့်တော်မူုလိုရင်းပေတည်း။ အလွန်မှန်ကန်သော မိန့်တော်မူချက်တစ်ခုဖြစ်ပေသည် မိမိကိုယ်တိုင်ပင် သင့်မသင့်မှန်မမှန် ကျန်းဂန်နှင့်အညီ ထောက်ပြဝေဖန်မှုပြုလျှင် ယင်းOptimism သမားများကား သူတစ်ပါးအား ကဲ့ရဲ့ဝေဖန်ခြင်းသည်မကောင်းဟု ယင်းသို့ပြောဆိုသူကပဲ ကောင်းနေမှန်နေသယောင်ယောင် လာလုပ်လေ့ရှိကြသေး၏ ။သေချာစဉ်းစားကြည့်ပါက ကဲ့ရဲ့ခြင်းသည်မကောင်းဟု အမှန်တကယ်ခံယူသူမှန်ပါလျှင် ပါဠိတော်ကျမ်းဂန်များနှင့်အညီထောက်ပြဝေဖန်သူကိုလည်း လာရောက်ရှုံ့ချပြစ်တင်ပြောဆိုတော့မည်မဟုတ်ပေ ၊အမှန်ကား ထိုလူမျိုးတို့သည် Optimism အယောင်ဆောင်ထားတဲ့ သာသနာဖျက် Pessimism များသာဖြစ်ကောင်းဖြစ်နိုင်ပေ၏။ အထက်ပါဥပကအကြောင်းကိုဆက်ရလျှင်
ထိုဥပကသည့် မိမိစကားနှင့်မိမိ ပြန်၍ဖွဲ့ချည်မိကာ မလူးသာ မလွန့်သာ ဖြစ်နေတော့၏ ထို့ကြောင့် တဖန်ဆက်လက်ပုတ်ခတ်လိုပြန်၍ )
အသျှင်ဘုရား ရေမှ ဦးခေါင်းပေါ်ကာမျှ ဖြစ်သော ငါးကိုပင် ကြီးစွာသော ကျော့ကွင်းဖြင့် ဖွဲ့ဘိ သကဲ့သို့ အသျှင်ဘုရား ဤအတူသာလျှင် ဦးခေါင်းပေါ်ကာမျှသာလျှင် ဖြစ်သော အကျွန်ုပ်ကို မြတ်စွာဘုရားသည် ကြီးစွာသော ဝါဒကျော့ကွင်းဖြင့် ဖွဲ့အပ်ပါ၏ဟု (လျှောက်၏)။
(ထိုသို့အကြောင်းမဲ့ စွပ်စွဲပုတ်ခတ်နေသော ဥပကအား ငါဘုရားသည် အကျိုးသင့် အကြောင်းသင့်သာ ဟောဖော်ညွှန်ပြတော်မူကြောင်း အကြောင့်ယုတ္တိမရှိသော အယူဝါဒကို လက်ခံကျင့်သုံးသူမဟုတ်ကြောင်းအား သိစေတော်မူလို၍ )
ဥပက ငါသည် ''ဤကား အကုသိုလ်တည်း''ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ ''ဤသို့သော အကြောင်းကြောင့်လည်း ထို သဘောတရားသည် အကုသိုလ်ဖြစ်၏''ဟု (ပြသော) ပုဒ်တို့သည် အတိုင်း အရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်း အရှည် မရှိ၊
ဥပက ငါသည် ''ထို အကုသိုလ်ကို ပယ်အပ်၏''ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ ''ဤအကြောင်းကြောင့်လည်း ထို အကုသိုလ်ကို ပယ်အပ်၏''ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိ။
ဥပက ငါသည် ''ဤကား ကုသိုလ်တည်း''ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ ''ဤသို့သော အကြောင်းကြောင့် ထို သဘောတရားသည် ကုသိုလ်ဖြစ်၏''ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိ၊
ဥပက ငါသည် ''ထို ကုသိုလ်ကို ပွါးများအပ်၏''ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ ''ဤအကြောင်းကြောင့်လည်း ထို ကုသိုလ်ကို ပွါးများအပ်၏''ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည် မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိဟု (မိန့်တော်မူ၏)။
ထိုအခါ မဏ္ဍိကာ၏သား ဥပကသည် မြတ်စွာဘုရားဟောတော်မူအပ်သော စကားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်၍ နေရာမှထပြီးသော် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ပြောဆိုခဲ့ သမျှသော စကားအလုံးစုံကို ကြားလျှောက်၏။
ဤသို့ ကြားလျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် အမျက် ထွက်၍ မနှစ်သက်ရကား မဏ္ဍိကာ၏သား ဥပကအား ''ဤဆားဖိုရွာသား သူငယ်သည် အလွန် (ဂုဏ်ကျေးဇူးကို) ဖျက်ဆီးစွတကား၊ အလွန် နှုတ်ကြမ်းစွတကား၊ အလွန် ခက်ထန်စွတကား၊ ယင်းသို့ ဆားဖိုရွာသားစင်လျက်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားကို ထိပါးချုပ်ချယ်အပ်၏ဟူ၍ မှတ်ထင်ဘိ၏၊ ဥပက သင်သည် ဖဲလေလော့၊ ပျက်စီးလေလော့၊ သင့်ကို ငါမမြင်လို''ဟု ဆိုလေသတည်း။
(ဥပကသုတ် အင်္ဂုတ္တိုရ် စတုက္ကနိပါတ်)
by လင်္ကာ အရှင် on Saturday, March 10, 2012 at 9:17am ·

(၁)မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုး ဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ ''အသက်သတ်ခြင်းမှ ရှောင်ကြလော့ဟု''လည်း ဟောတော်မူ၏၊
ReplyDelete(၂)မပေးသည်ကိုခိုးယူခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊
''မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြလော့''ဟုလည်း ဟောတော်မူ၏၊
(၃)ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊
''ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြလော့''ဟုလည်း ဟောတော်မူ၏၊
(၄)မမှန်ပြောခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊
''မမှန်ပြောခြင်းမှ ရှောင်ကြ လော့ ''ဟုလည်းဟောတော်မူ၏
(သင်္ခဓမသုတ်-ဂါမဏိသံယုတ်)