ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားအလောင်းသည် ထိုမင်းကြီး၏ ‘သေနက’အမည်ရှိသောအမတ် ပညာရှိဖြစ်နေလေသည်။ တစ်နေ့တွင်ပုရောဟိတ်၏သားသည် မိဖုရားကြီးကိုမြင်တွေ့မိရာမှ စွဲလမ်းကာ အာဟာရကိုပင်ဖြတ်၍ အိပ်ယာထဲ၌ ဘုန်းဘုန်းလဲနေလေသည်။ ထိုအကြောင်းကိုကြားသော မင်းကြီးသည် ပုရောဟိတ်၏သားကိုခေါ်ယူကာ မိမိ၏မိဖုရားကြီးကို ခုနစ်ရက်ပတ်လုံးပေးအပ်လိုက်ပြီး ရှစ်ရက်မြောက်နေ့၌ မိမိထံပြန်လာပို့ရန် မှာလိုက်လေသည်။ မိဖုရားကြီးသည်လည်း ထိုပုရောဟိတ်သားနှင့် တပ်စွန်းမိသောကြောင့် နန်းတော်သို့ မပြန်တော့ပဲ ပုရောဟိတ်သားနှင့် ထွက်ပြေးသွားလေသည်။
မင်းကြီးသည်မိဖုရားကြီးအား လွမ်းဆွတ်ကာ နောက်ဆုံးဝမ်းသွေးသွန်သောရောဂါပါ ဖြစ်လာလေသည်။ သမားတော်ကြီးများ ကြိုးစား၍ကုသ ကြပါသော်လည်း ဝေဒနာမှာ လျော့ပါးသက်သာလာခြင်းမရှိပေ။
ပညာရှိ ‘သေနက’အမတ်ကမူ မင်းကြီးရောဂါမှာ စိတ်ရောဂါဖြစ်ကြောင်းသိသဖြင့် ‘အာယုရ’အမတ်၊ ‘ပုက္ကုသ’အမတ်တို့နှင့်တိုင်ပင်ကာ ရောဂါ၏ဇစ်မြစ်ကိုဖော်ပြ၍ ကုစားနိုင်မည့် နည်းလမ်းကိုလည်းတင်ပြသည်။ ကုစားမည့်နည်းကို မင်းကြီးကမေးလျှင် ဖြေဆိုရမည့် အဖြေများကိုလည်း သင်ကြားပေးသည်။ နောက်ဆုံးမင်းကြီးအားကုစားရန် သဘောတူသောကြောင့် အမတ်ကြီးသုံးဦး ဦးစီး၍ နန်းရင်ပြင်၌ ပွဲသဘင်ကြီးကျင်းပလေသည်။
မင်းကြီးလည်းပွဲသဘင်ကို ရှု့စားနေဆဲမှာပင် ဖျော်ဖြေသောပညာရှင်တစ်ဦးက သုံးဆယ့်သုံးလက်သစ် ရှည်လျားသော သန်လျက်ကြီးတစ်လက်ကိုမြိုချပြလိုက်ရာ မင်းကြီးလည်းအံ့သြသွားကာ “ယင်းသန်လျက်ကို မြိုချပြရခြင်းထက် ခက်ခဲသောအလုပ်ရှိပါသေသလော”ဟု အာယုရအမတ်ကိုမေးရာ “ရှိပါသည်၊ တစ်စုံတစ်ယောက်အား တစ်စုံတစ်ခုသော ဥစ္စာကိုပေးပါမည်ဟု ကတိပြုခြင်းက ပို၍ခက်ခဲပါသည်” ဟု အာယုရအမတ်ကြီးက ပြန်လည်လျှောက်ထားလိုက်လေသည်။ မင်းကြီးလည်း ငါသည် ပုရောဟိတ်သားအား မိဖုရားကြီးကိုပေးမည်ဟု ဆိုခဲ့ဖူးသည်၊ ငါသည်အလွန်ခက်ခဲသည့် အမှုကိုပြုခဲ့ဖူးလေပြီ ဟုတွေးလိုက်သည့် ခဏမှာပင် မင်းကြီး၏နှလုံးသားမှ ခံစားမှုများသည် အတန်ငယ်သက်သာရာရသွားလေသည်။
တစ်ဖန်ပုက္ကုသအမတ်ဘက်သို့လှည့်ကာ “ဥစ္စာကိုပေးမည်ဟု ကတိပြုခြင်းထက် ခက်သောသောအမှုရှိပါသေးသလော” ဟုမေးလိုက်ပြန်ရာ ပုက္ကုသအမတ်ကြီးလည်း မဆိုင်းမတွပင် ကြိုတင်သင်ကြားပေးထားသည့်အတိုင်း “ရှိပါသည်။ ပေးမည်ဟုကတိပြုခြင်းထက် လက်တွေ့ပေးခြင်းက ပို၍ခက်ခဲပါသည်” ဟု လျှောက်ထားလိုက်ရာ မင်းကြီးလည်း မိမိကိုယ်ကိုယ် အတော်ပင်ကျေနပ်သွားလေသည်။
ငါသည်ပုရောဟိတ်သားအား မိဖုရားကြီးကိုပေးမည်ဟုကတိပေးခဲ့သည့် အတိုင်း မိဖုရားကြီးကိုပေးအပ်နိုင်ခဲ့ခြင်းမှာ အလွန်ခက်ခဲသောအမှုကိုပြုခဲ့ခြင်းပါတကား ဟုတွေးလိုက်မိသည်နှင့် မင်းကြီး၏သောကလှိုင်းများမှာ များစွာပင်ငြိမ်ဝပ်သွားခဲ့ကြလေသည် ။
တဖန်မင်းကြီးက သေနကအမတ်ဘက်သို့လှည့်ကာ “ကတိအတိုင်းလက်တွေ့ပေးလိုက်ရခြင်းထက် ခက်ခဲသောအမှုရှိပါသေးသလော” ဟု မေးလိုက်ပြန်ရာ သေနကအမတ်က “ရှိပါသည် ၊ ပေးအပ်ပြီးနောက်တွင် ထိုပစ္စည်းအပေါ်၌ စွဲလမ်းစိတ်မထားပဲ နေနိုင်ခြင်းက အခက်ခဲဆုံးဖြစ်ပါသည်” ဟု လျှောက်ထားလိုက်ရာ မင်းကြီးလည်း ငါသည်မိဖုရားကြီးကိုပေးခဲ့ပြီးကာမှ ပူပန်သောကပွားနေခြင်းသည် မသင့်၊ ထိုမိဖုရားသည် ငါ့ကိုချစ်မြတ်နိုးခဲ့လျှင် ဤစည်းစိမ်ဥစ္စာများကိုစွန့်၍ မပြေးတန်ရာ၊ ငါအပေါ်ချစ်ခင်တွယ်တာမှု မရှိ၍ပြေးလေသော မိဖုရားအား ငါသည် လွမ်းဆွတ်နေစရာမလို ဟုအမှန်ကိုခွဲခြားမြင်လိုက်သည်နှင့် ရောဂါဝေဒနာတို့သည်လည်း ရုတ်ခြည်းငြိမ်းအေးသွားလေတော့၏။
(ပဏ္ဏကဇာတ်)
No comments:
Post a Comment